December 31, 2008

Profit & Loss for year 2008

2008 ကတော့ တကယ့်ကို အိမ်မက်တော်တော်များများမက်ဖြစ်တဲ့နှစ်ပါပဲ။
တစ်နှစ်လုံးစာအတွက် သေချာစဉ်းစားပြီး၊ အကြီးဆုံး အရှုံးတစ်ခုနဲ့ အမြတ်တစ်ခုကိုရွေးလိုက်တယ်။
Profit
profit အနေနဲ့ကတော့ ကျွန်မလျှောက်ချင်တဲ့ လမ်းကိုကိုယ်တိုင် ရွေးနိုင်ခဲ့တာပဲ။ ဒီလမ်းက ကြမ်းချင်ကြမ်းမယ်။ ဒါပေမယ့် ကျွန်မလျှောက်ချင်တဲ့လမ်း ဖြစ်တယ်။ ဒါကြောင့် 2008 အတွက် အကြီးမားဆုံး အမြတ်ပေါ့။

Loss
ကျွန်မချစ်တဲ့ အစ်ကိုနှစ်ယောက်ပါ။ အတိအကျပြောရရင်တော့ သူတို့ရဲ့ချစ်ခြင်း။ အနာကျင်ရဆုံးနဲ့ အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ အစ်ကိုတွေလိုရော၊ အစ်မလိုရော၊ သူငယ်ချင်းလိုရော ဖြစ်တဲ့ အစ်ကိုနှစ်ယောက်။
ဘာပဲပြောပြော 2008 ကတော့ ကျွန်မကို ခပ်တည်တည်လေးပဲ ကြည့်သွားတာပါ။ ခုတော့ သူ့ကိုလည်း နှုတ်ဆက်ရတော့မယ်။ Bye Bye

December 30, 2008

စောင့်ဆိုင်းခြင်း

အဲဒီနေ့က မှတ်မှတ်ရရ တကယ့်ကို သာယာတဲ့ ရာသီဥတုပါ။

အဲဒီနေ့က ကျွန်မတို့အတန်းရဲ့Ferryကလည်း ထုံးစံအတိုင်း သူများFerryထက် နောက်ကျပြီးလာတယ်။ သူငယ်ချင်းတွေကလည်း ပုံမှန်အတိုင်း ကျောင်းတက်တယ်။ အားလုံးလည်း ပုံမှန်အတိုင်း ပျော်ပျော်ရွှင်ရွှင်ပါပဲ။ Ferry ကားကလည်း မော်လမြိုင် ကွန်ပျူတာကောလိပ်ဝင်းထဲကို ပုံမှန်အတိုင်း ခပ်ဖြည်းဖြည်းဝင်လာတယ်။ ကျွန်မတို့ ဒုတိယနှစ် စာသင်ခန်းရှေ့မှာ ပုံမှန်အတိုင်းရပ်တယ်။ ပုံမှန်အတိုင်း ကားပေါ်ကနေ ခုန်ပေါက်ဆင်းကြတယ်။ ဟော မုဒုံဘက်ကလာတဲ့ ကျောင်းကားလည်း ရောက်နေပြီ။ ဒါဆို အတန်းထဲမှာ မုဒုံနဲ့ဖားအောက်က ကျောင်းသားတွေရောက်နေတာ သေချာပြီ။

ကျွန်မအတန်းထဲကို လှမ်းအ၀င် "ဂျက် ခဏလောက်" တဲ့။ အိုကေ။ လွယ်အိတ်သွားထားဦးမယ်။ ပြန်ထွက်လာမယ်။ ဒီနေ့ပထမဆုံးအတန်းချိန်က Teacherကြီး အချိန်ပါ။ ထုံးစံအတိုင်း Teacherကြီးက နောက်ကျမှာ သေချာပါတယ်။ အတန်းထဲမှာတော့ ထမင်းစားတဲ့သူနဲ့ စကားပြောတဲ့သူနဲ့ ထုံးစံအတိုင်း လှုပ်လှုပ်ရှားရှားပါ။ ဟိုဘက်အဆောင်ရော၊ ဒီဘက်အဆောင်ရော စာသင်နေကြပြီ။ ကော်ရစ်ဒါတွေရော၊ လမ်းမှာရော ကျောင်းသားတွေမရှိတော့ပါ။

ကျွန်မတို့ အတန်းရဲ့ ကော်ရစ်ဒါထောင့်ချိုးကို လာခဲ့ပါတယ်။ သူ့မျက်နှာကလည်း ထုံးစံအတိုင်း ခပ်ပုပ်ပုပ်နဲ့ပါ။ ကျွန်မစိတ်ကလည်း ထုံးစံအတိုင်း ခပ်မြူးမြူးနဲ့ ခပ်ရှင်းရှင်းပါပဲ။ "ဂျက် ငါသွားရတော့မယ်" သူ့ထုံးစံအတိုင်း ခပ်ပြတ်ပြတ်ပြောပါတယ်။ ကျွန်မထုံးစံအတိုင်း သူဘာပြောမှန်းနားမလည်ပါဘူး။ "ငါ့ကို နင် 10နှစ် စောင့်မလား။ နောက် 10နှစ်ကျရင် ငါပြန်လာခဲ့မယ်။"  ဒီတခါတော့ သူ့မျက်နှာ အနေအထားအရရော လေသံအရပါ ကျွန်မနည်းနည်း လန့်သွားပါတယ်။ ဘာဖြစ်လို့လဲလို့ သူ့ကိုပြန်မေးကြည့်ဖြစ်ခဲ့မှာ သေချာပါတယ်။ ဘုရားရေ သူ့မျက်လုံးထဲမှာ မျက်ရည်တွေများလား။ "နင် ငါ့ကို စောင့်နိုင်လား"တဲ့။ ကျွန်မ ခေါင်းသာခါလိုက်မိပါတယ်။ သူ ကျွန်မကို သေသေချာချာစိုက်ကြည့်နေတယ်။ ပြီးတော့မှ "မစောင့်နိုင်တာလား။ မစောင့်ချင်တာလား။" ။ ဒီတခါလည်း ကျွန်မခေါင်းခါလိုက်မိပြန်ပါတယ်။ သူ ကျွန်မကို မကြည့်တော့ပါဘူး။ ကော်ရစ်ဒါရဲ့ လက်ရန်းကိုသာ မမှိတ်မသုန်ကြည့်နေပါတယ်။ ကျွန်မကသာ သူ့ကို ကြည့်နေခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ အတန်းဝင်ဖို့ Teacherကြီးလာနေတာကို လှမ်းမြင်ရပါတယ်။ ကျွန်မလည်း အတန်းထဲ ပြန်ဝင်လာပြီး၊ သူကတော့ Teacherကြီးဆီသွားပြီး တခုခု ပြောနေတာ တွေ့ပါတယ်။ ကျွန်မလည်း ထုံးစံအတိုင်း အတန်းချိန်တွေတစ်ချိန်ပြီးတစ်ချိန်တက်တယ်။ ထုံးစံအတိုင်း အိမ်ပြန်ရောက်တယ်။ အရာအားလုံးဟာ ထုံးစံအတိုင်းပါပဲ။

 

အဲဒီနောက်ပိုင်းတော့ ထုံးစံအတိုင်း ရက်တွေတစ်ရက်ပြီးတစ်ရက်လွန်တယ်။ လတွေတစ်လပြီးတစ်လပြောင်းတယ်။ နှစ်တွေကိုပါခေါ်ပြီး ကျွန်မလည်း အသက်တွေ တစ်နှစ်ပြီးတစ်နှစ်ကြီးလာခဲ့ပါတယ်။ သူပြောတဲ့ စောင့်ဆိုင်းခြင်းဆိုတဲ့ အရာကိုတော့ ခုထိနားမလည်ခဲ့ပါဘူး။

December 27, 2008

နေရင်းထိုင်ရင်း

တကယ့်ကို နေရင်းထိုင်ရင်းပါ။

အဲဒီကြိုးကိုသွားဆွဲမိတာ။

 

နေရင်းထိုင်ရင်း

အိမ်မက်တွေရှည်ဦးမယ်။

 

နေရင်းထိုင်ရင်း

သတိရမှုတွေပိုဦးမယ်။

 

နေရင်းထိုင်ရင်း

ငေး ငေးကြည့်ရဦးမယ်။

 

နေရင်းထိုင်ရင်း

သိမ်ငယ်ရဦးမယ်။

 

နေရင်းထိုင်ရင်း

ကျဆိမ့်တွေသောက်ဖြစ်ဦးမယ်။

 

နောက်ဆုံးကျ …

နေရင်းထိုင်ရင်း

ဒဏ်ရာတစ်ခုတိုးဦးမယ်။

December 25, 2008

25th Dec 2008

My Web My Style ဆိုတဲ့ပြိုင်ပွဲ၊ ပြပွဲလေးကို ဒီနေ့ MICT မှာပြုလုပ်ခဲ့ပါတယ်။ ကိုဘလာဂေါက်ဦးစီးတဲ့ တကိုယ်ရေအင်တာနက်စာမျက်နှာများပြပွဲဆိုတာပါ။ ပြိုင်ပွဲဝင်ဆိုဒ်တွေထဲက နောက်ဆုံး စကာတင်ဆိုဒ် 15ခုကို ပြထားပြီး ပရိသတ်တွေရဲ့မဲစနစ်နဲ့ဆုပေးပါတယ်။ ပရိသတ်အကြိုက်ဆုံးဆုရသွားသူကတော့ ကိုမျက်လုံး၊ ဒုတိယက ကိုမောင်လှ၊ တတိယက 969 က မောင်ခပါ။ ပွဲအကြောင်းကိုတော့ မယမင်းရဲ့ ရွှေမြန်မာ မှာလည်းဖတ်ကြည့်နိုင်ပါတယ်။
အဓိကရေးချင်တာက ဒီနေ့အရမ်းပျော်တဲ့အကြောင်းပါ။
တခါမှမတွေ့ဘူးသေးတဲ့ mysteryzillion ကလူတွေကိုနဲ့လည်း ဆုံရတွေ့ရတယ်။ ဓါတ်ပုံတွေရိုက်ရတယ်။
နောက် 969 ကမောင်လေးနှစ်ယောက်ဆီက စက္ကူအရုပ်လေးရခဲ့တယ်။ (အင်း လုခဲ့တယ် ဆိုပိုမှန်မလား။) ဒီနေ့အတွက်တော့ အဲဒါအပျော်ဆုံးပဲ။ မနက်ပွဲစကတည်းက အဲဒီအရုပ်ကလေးကို သဘောကျနေတာလေ။ တောင်းရမှာအားနာလို့။ နောက်ဆုံးတော့ လက်ကမချတာနဲ့ ပေးလိုက်ကြတာဖြစ်မှာပါ။ ဘာဖြစ်ဖြစ် သိပ်ဝမ်းသာပါတယ်။ (thz nanda and maung kha)
နောက်မယမင်းနဲ့ လမ်းတွေလျှောက်လိုက်ကြတာ Christmas Walking ပါပဲ။ မှတ်မှတ်ရရ ပေါ့။

December 23, 2008

Current

အကြိုက်ဆုံး၊ သဘောအကျဆုံးအချိန်၊
နှစ်တစ်နှစ်ကုန်ပြန်ဦးမယ်။
အေးတယ်။ ခံစားချက်တွေရော။ အားလုံး။
ဝိုင်းဝိုင်းရဲ့ အိမ်လွမ်းသူ သီချင်းပဲ နားထဲကြားယောင်တယ်။

December 15, 2008

ဂန္တ၀င်စကား


စီးရီးအသစ်မထွက်တာကြာပြီဖြစ်တဲ့ သျှီ ရဲ့ ဂန္တ၀င်စကား ဆိုတဲ့စီးရီးထွက်ရှိခဲ့ပါတယ်။ သီချင်း ၁၃ ပုဒ်ပါပါတယ်။

01 သင့်ကမ္ဘာ

02 ငါ့အသဲနှလုံးမင်းယူပါ

03 ဂန္တ၀င်စကား

04 တို့လာတယ်

05 မသေသောရော့ခ်

06 အိမ်မက်ဆိုး

07 အဆုံးသတ်အဝေး

08 ဇာတ်ကောင်

09 ငါဒုတိယအကြိမ်သေတယ်

10 မနက်ကိုနမ်းပါ

11 အိမ်ပြေးသူ

12 ခါးတဲ့သင်ခန်းစာ

13 ငြိမ်းချမ်းခြင်းသို့

 

သျှီရဲ့ထုံးစံအတိုင်း သူမပုံစံအတိုင်းသီချင်းတွေပါပဲ။ သူမရဲ့ အသံနဲ့ လိုက်ဖက်တဲ့ စကားလုံးခံ့ခံ့ညားညားတွေနဲ့ပေါ့။

မသေသောရော့ခ် ကတော့ တခါကရော့အင်ရိုး ကိုသတိရစေပါတယ်။

အချစ်ကခါးသက်တယ် ဆိုတဲ့အကြောင်းလေးကိုဆိုထားတဲ့ အဆုံးသတ်အဝေး ကတော့ အကြိုက်ဆုံးပါ။

ဇာတ်ကောင် ကလည်း တော်တော်လေးကိုမိုက်တဲ့ သီချင်းပါ။ ဘ၀ဆိုတာကို ခပ်မိုက်မိုက်သီဆိုထားတာပါ။

….မင်းနဲ့ဝေးမယ့် လမ်းရွေးရင်းနဲ့ မင်းရဲ့ အနားပြန်ပြန်ရောက်…. ဆိုတဲ့ ငါဒုတိယအကြိမ်သေတယ် ကလည်း ခဏခဏသေဖူးတဲ့လူတွေ ကြိုက်ကြမှာပါ။

မနက်ကိုနမ်းပါ ကတော့ အားသစ်တွေဖြစ်စေမယ့် သီချင်းတစ်ပုဒ်ပေါ့။

ခါးတဲ့သင်ခန်းစာ ကလည်းနားဝင်လွယ်တဲ့ သီချင်းပုံစံလေးပါပဲ။

နောက်ဆုံးသီချင်းဖြစ်တဲ့ ငြိမ်းချမ်းခြင်းသို့ ကတော့ ဆုတောင်းပုံစံသီချင်းလေးပါ။

 

သီချင်း ၁၃ ပုဒ်လုံးကတော့ သျှီကို မျှော်လင့်နေသူတွေအားလုံးကျေနပ်စေမယ့် သီချင်းတွေပါပဲ။ အကြာကြီး စောင့်ရကျိုးနပ်မှာပါ။

BOB ခံစားမှု

ကျွန်မတို့ရဲ့ Hero လေးဖြူ ရဲ့ ဘင်္ဂလားပင်လယ်အော် ဆိုတဲ့ တေးစီးရီးအသစ်ထွက်ရှိခဲ့ပါပြီ။ တေးရေးတွေကတော့ မောင်မောင်ဇော်လတ်၊ ရယ်ဂျီ၊ လင်းလင်း နဲ့ နောနော် တို့ ဖြစ်ပါတယ်။ ပါဝင်တဲ့သီချင်းတွေကတော့ -

01 တစ်ယောက်ထဲနဲ့

02 ငါ့ရဲ့လမင်း

03 ၀ိရောဓိ

04 အလဲအကွဲ

05 ကစဥ့်ကလျားသီအိုရီ

06 ပြန်ခဲ့ပါ

07 သံယောဇဉ်

08 မိုးတိမ်ထဲဝဲ

09 မလုပ်နဲ့

10 အရင်လိုပါပဲ

11 အလွမ်း

12 ဒါလီနေ့

13 စာမျက်နှာ ၁၅

 

ကောင်းမကောင်းက ပြောစရာကိုမလိုပါဘူး။ နားထောင်ပြီးကြပြီး ဖြစ်မှာပါ။

ကျွန်မအတွက်ကတော့ အကြိုက်ဆုံးက အလဲအကွဲ။ စိတ်နာနာနဲ့ ဆိုလိုကောင်းမယ့် သီချင်းမျိုးပေါ့။

နောက် သံယောဇဉ်။ ခပ်မြုးမြူးနဲ့ show ပွဲမှာ ဆိုလို့ကောင်းမယ်ထင်တယ်။

စိတ်ခံစားမှုနဲ့ အတိုက်ဆိုင်ဆုံးကတော့ အရင်လိုပါပဲ။  ………………ဒီကမ္ဘာမှာ ငါ့အတွက်က မျှော်လင့်သမျှဟာ နောက်ဆုံးမှာ သူ့အတိုင်းသာ လွင့်ပြယ်ပျောက်ကာ သွားရင်း……….…   ။ နေ့တိုင်းနားထောင်ဖြစ်မယ့် သီချင်းတစ်ပုဒ်ပါပဲ။

နောက်ဆုံးတစ်ပုဒ်ကလည်း တော်တော်လေးကို ကြိုက်ပါတယ်။ စာမျက်နှာ ၁၅…….ဘယ်ဆီကိုမင်းရောက်နေမလဲ ဘာတွေကိုမင်းလုပ်နေမလဲ။ ဘယ်သူနဲ့မင်းရှိနေမလဲ။ တွေးမိပါတယ်။ လွမ်းမောရင်းနဲ့ စဉ်းစားရင်းနဲ့ သတိရပါတယ်…………..

ကဲ နားမထောင်ရသေးတဲ့သူ ရှိရင်လည်း နားထောင်ကြည့်ပါဦး။

Love and Me

 

အချစ်။ ပိုင်ဆိုင်ခြင်း၊ စွန့်လွှတ်အနစ်နာခံခြင်း၊ ပေးဆပ်ခြင်း၊ ရယူခြင်း၊ အဓိပ္ပါယ်ပေါင်းများစွာ။ ကျွန်မအတွက်တော့ အချစ်ဆိုတာ ခပ်ဝေးဝေးက ကြယ်တစ်ပွင့်သာ ဖြစ်ပါသည်။

 

ဆယ်ကျော်သက်အချိန်မှာ ကြုံဆုံခဲ့ရတဲ့ အချစ်တွေဟာ ရင်ခုန်စရာအကောင်းဆုံး၊ အဖြူစင်ဆုံး၊ မမေ့နိုင်ဆုံး၊ တန်ဖိုးအရှိဆုံးလို့ ဆိုစမှတ်ရှိကြပါသည်။ ကျွန်မအတွက်ရော.. အဲဒီအချိန်က ကျွန်မဘာလုပ်နေခဲ့ပါလိမ့်။ ရင်ခုန်သယောင် ရှိဖူးကောင်းရှိဖူးခဲ့လိမ့်မည်။ သေချာတာကတော့ ၀မ်းနည်းစရာကောင်းလှစွာ ကျွန်မမှာ အမှတ်ရစရာ ဆယ်ကျော်သက်ဇာတ်လမ်းမျိုးရှိမနေပါ။

 

တော်ရုံတန်ရုံ အစွမ်းအစလောက်နဲ့ အချစ်ဆိုသော အရာသည် ကဗျာများ၊ စာများ၊ သီချင်းများ၊ နေရာတိုင်းတွင် နေရာယူနိုင်မည်မဟုတ်ပါ။ အမှန်တကယ်အစွမ်းထက်မည်မှာ သေချာပါသည်။ ထိုအချစ်ကြောင့်ပင် အောင်မြင်တတ်ကြသည်။ ထိုအချစ်ကြောင့်ပင် ကျရှုံးတတ်ပါသေးသည်။ အဆိုများအရ ချိုမြိန်မှု၊ ခါးသီးမှု၊ ပျော်ရွှင်မှု၊ နာကျင်မှု ဆန့်ကျင်ဘက်အရသာ တော်တော်များများကို ပေးစွမ်းတတ်ပါသေးသည်။ အချစ်ဆိုတာ ဘ၀တစ်ခုလုံးမဟုတ်ပေမယ့် အရေးကြီးဆုံး အစိတ်အပိုင်းထဲတွင် ပါဝင်မည်မှာသေချာပါသည်။

 

မည်သို့ပင်ဆိုစေ ကျွန်မအတွက်ကတော့ အချစ်ဆိုသည်မှာ အနားပင် မသီနိုင်သော အရာမျှသာဖြစ်ပါသည်။ ရင်ခုန်ခြင်း၊ လွမ်းမောခြင်း အစရှိတဲ့ ခံစားချက်အားလုံးသည် အချစ်ဆိုသောအရာနှင့်တွဲဖက်ပစ္စည်းများဖြစ်သည်ဟု ဆိုသော်လည်း ကျွန်မအတွက် အချစ်နဲ့ တွဲလျက်ပါသည်က တစ်မျိုးတည်းသာ ရှိပါသည်။ ထိုအရာသည် ငေးကြည့်ခြင်းသာဖြစ်ပါသည်။ အချစ်ကို ကျွန်မအနားရောက်လာစေရန် မဖိတ်ခေါ်ဖူးပါ။ သူ့အလိုအလျောက်လည်း တံခါးလာမခေါက်ဖူးပါ။ သူဘာသာနေ၍ ကျွန်မဘာသာ ဝေးဝေးက ငေးကြည့်ခြင်းသာ ဖြစ်ပါသည်။ အားကျစွာဖြင့်လည်း ငေးကြည့်ဖူးပါသည်။ စိတ်ပျက်လက်ပျက်ဖြင့်လည်း ငေးကြည့်ဖူးပါသည်။ ငေးကြည့်ရုံမှတပါး ဘာကိုမှ မလုပ်ချင်ပါ။ ယခုအတိုင်းသာ ငေးရုံငေးချင်ပါသည်။

 

ထို့ကြောင့် ကျွန်မအတွက် အချစ်သည် ခပ်ဝေးဝေးတွင် တောက်ပနေသော ကြယ်တစ်ပွင့်သာ ဖြစ်ပါသည်။

December 08, 2008

မင်းအဝေးကိုထွက်သွားတဲ့အခါ.......................

/* အရမ်းစိတ်ဆင်းရဲနေမယ့် ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်းလေးရဲ့ကဗျာပါ။ ဘယ်သူ့အတွက်ရည်ရွယ်ထားမှန်းတော့ ကျွန်မကို ပြောမပြပါဘူး။ မတွေ့တာအရမ်းကြာနေပေမယ့် အမြဲတမ်းသူ့ကို ကျွန်မ စိတ်ပူနေတာပါ။ စိတ်လည်းမချဘူး။ သူစိတ်ဆင်းရဲနေမှန်းသိရက် သူ့နားကို ပြန်မသွားနိုင်လို့ အမှတ်တရ တင်ထားလိုက်တယ် သူ့ကဗျာပဲ။*/

မင်းအဝေးကိုထွက်သွားတဲ့အခါ.......................


မင်းရဲ့အပြုံးတွေဟာ
ငါ့အတွက်မဟုတ်ပါလားဆိုတာကို
မသိချင်ဟန်ဆောင်ပြီး ငါနားလည်လိုက်ပါ့မယ်။

မင်းရဲ့လေးနက်တဲ့အကြည့်တွေဟာ
ငါ့အတွက် တစ်ချိန်တုန်းက
စိတ်ကူးယဉ်စရာကောင်းခဲ့ပေမယ့်
နိုးတစ်ဝက်နဲ့မက်ခဲ့တဲ့
အိမ်မက်လိုပဲ
ငါ့စိတ်ကိုငါ လှည့်စားလိုက်ပါဦးမယ်။

မင်းနဲ့အတူရှိခဲ့ဖူးတဲ့
အတိတ်က အချိန်တွေ
သွားခဲ့ဖူးတဲ့ နေရာတွေ`
စိုးရိမ်စိတ်နဲ့ ပြောခဲ့ဖူးတဲ့
မင်းစကားသံတွေ
အခုတော့
ရေပေါ်အရုပ်ရေးသလိုပါပဲ။

ချစ်တယ် ဆိုတဲ့
စကားတစ်ခွန်းမပါဘဲနဲ့
တို့နှစ်ယောက်ကြားမှာ
နားလည်နိုင်တဲ့ သင်္ကေတတွေ ရှိခဲ့ကြတယ်။

ဒါပေမယ့်
ငါကခံစားချက်ကို
ဦးစားမပေးတတ်တော့
အချိန်က ကုစားပေးစရာတောင်မလိုပါဘူး။
တစ်နေ့နေ့တော့
ဒါတွေ ဒါတွေဟာ
အလိုလိုပျောက်ပျက်သွားမှာပါ။။

December 05, 2008

အနက်ရောင်


ငယ်ငယ်ကတည်းက ဘာအစွဲနဲ့မှ မဟုတ်ပေမယ့် သုံးလေ့သုံးထ လုံးဝမရှိခဲ့တဲ့အရောင်။
စွဲစွဲမြဲမြဲ ၀တ်ဆင်သုံးစွဲခဲ့တာတော့ အဖြူ။ နောက်ပိုင်း အဖြူရဲ့ စွန်းထင်းလွယ်မှု၊ အညစ်ပေမခံမှုကြောင့် အဖြူတော်တော်များများကို သုံးစွဲလေ့ သိပ်မရှိတော့ပဲ လုံလုံခြုံခြုံသာ သိမ်းထားဖြစ်ခဲ့တယ်။ နောက်ပိုင်းတော့ ဟိုအရောင်၊ ဒီအရောင်နဲ့ အရောင်စုံခဲ့တာပဲ။ ခုတလောတော့ အမည်းရောင်ကို အသုံးများလာတာ။ ပထမပိုင်းတော့ လိုက်လျောညီထွေရှိမှုကြောင့် သုံးရာကနေ တဖြည်းဖြည်း သူ့ရဲ့ ခံ့ညားမှုကိုသဘောကျလာတယ်။
အနက်ရောင်၊ အမည်းရောင် နဲ့ပတ်သက်ရင် ချစ်စရာကောင်းတဲ့ကဗျာလေးတစ်ပုဒ်ကို သတိရတယ်။ မိကောက်ရဲ့ကဗျာလေးပါ။ အနက်ရောင်လို့ တွေးမိတိုင်း အဲဒီက စာကြောင်းတွေက ခေါင်းထဲရောက်တဲ့ထိ ကြိုက်တာပါ။ ဖြစ်နိုင်တာတခုကလည်း အဲဒီကဗျာကြောင့် အနက်ရောင်စွဲလမ်းမှု ဖြစ်လာတာများလား။ ကဲ.. ခံစားကြည့်ပါဦး။

အနက်ရောင်

မင်္ဂလာမဲ့တယ်လို့
သတ်မှတ်လာခဲ့ရင်
သဘောတူစွာ
ဝန်ခံပါတယ်။

ဝမ်းနည်းခြင်းသရုပ်အတွက်
အဖက်လုပ်ကြတဲ့အချိန်မှာ
အလိုရှိသမျှ
လိုက်လျောပေးတတ်ပါတယ်။

ပြင်းရှတဲ့နေမင်းအောက်
မဖြစ်မနေ လျှောက်ကြရင်း
ပူလောင်ခြင်းများကို
သူတကာထက်ပိုပြီး
လက်ခံသိမ်းဆည်းထားနိုင်တယ်။

သူနဲ့တွဲဖက် ဆင်ယင်တဲ့အခါ
ကလက်တက်တက် ကာလာတွေဟာ
သပ်ရပ်ပြီး ခမ်းနားလာတယ်။

ခုနစ်ရောင်စပ်
အဖြူငညစ်ပတ်က
ကိုယ့်ဇာတ်ကိုယ်မရည်လည်ဘဲ
"အသန့်စင်ဆုံးသော" ဆိုင်းဘုတ်ဆွဲ
မောက်မာ နိုင်စားရဲတဲ့အခါလဲ
သူကတော့ ခွင့်လွှတ်မြဲပေါ့။

တည်ငြိမ်တဲ့ အရိပ်အယောင်ကြောင့်
မာနမထောင်ဘူး
ရင့်ကျက်မှုသဏ္ဌာန်တွေနဲ့
မာန်တွေလဲ မတက်ဘူး။

သူဟာ
အကျည်းတန်ချင်တန်မယ်
အထီးကျန်ဆန်ချင်ဆန်မယ်
ဒါပေမယ့်
သူ့ကို မြတ်နိုးလွန်းတဲ့ လူတစ်ယောက်
ကောင်းကင်အောက်မှာ ရှိပါတယ်။    ။

မိကောက်

December 03, 2008

မော်လမြိုင်မြို့ မီးလောင်မှု

ပြီးခဲ့တဲ့တနင်္လာနေ့(1.12.2008) ညနေစောင်းလောက်က မော်လမြိုင်မြို့ရဲ့ ဈေးကြီးဖြစ်တဲ့ အောက်ဈေးမှာ မီးလောင်မှု ဖြစ်ခဲ့ပါတယ်။
မော်လမြိုင်မြို့ရဲ့ အစည်ကားဆုံးမြို့လယ်နေရာပါ။ မော်လမြိုင်မှာက (သားငါးဈေးမဟုတ်တဲ့) ဈေးကြီးကြီးမားမားဆိုလို့ "ဈေးကြီး" လို့ ခေါ်တဲ့ အဲဒီဈေးပဲရှိတာပါ။ အဲဒီဈေးမှာက အောက်ဈေး နဲ့ အပေါ်ဈေးရယ် လို့ ရှိတယ်။ အပေါ်ဈေးမှာကတော့ ၄ထပ်အဆောက်အအုံတစ်ခုနဲ့ ၂ထပ်အဆောက်အအုံတစ်ခု ကပ်လျက်ရှိပါတယ်။ အောက်ဈေးလို့ခေါ်တဲ့ ဈေးကတော့ ဈေးရုံကြီးတစ်ခုပါ။ သံလွင်မြစ်ကမ်း၊ ကမ်းနားလမ်းပေါ်မှာရှိတာပါ။
မီးက တော်တော်ကြီးတယ်လို့ ဆိုပါတယ်။ ကျွန်မသိတော့ အင်္ဂါနေ့နေ့လည်ရှိပါပြီ။ ရန်ကုန်ရောက်နေတဲ့ သူငယ်ချင်းက online ကနေလှမ်းပြောတယ်။ သူလည်း သေချာမသိဘူးတဲ့။ သူ့အိမ်ကိုလည်း phone ခေါ်နေတာမရဘူးတဲ့။ ညနေကျတော့ မော်လမြိုင်မှာရှိတဲ့အဖေက ဖုန်းဆက်ထားပါတယ်။ အင်္ဂါညနေထိကို မီးခိုတွေအူနေတုန်းတဲ့ တစ်ဈေးလုံးလောက်လောင်တာတဲ့လေ။ သွားကြည့်လို့လည်း မရသေးဘူးလို့ ဆိုပါတယ်။ လောင်တဲ့အကြောင်းရင်းကိုလည်း သေသေချာချာမသိသေးဘူး။ အသေအပျောက်လည်း ရှိမရှိမသိပါဘူး။ နောက်မှ လှမ်းမေးလိုက်ပါဦးမယ်။

December 02, 2008

ကျိန်စာသင့်အလွမ်း

/* ညက စာအုပ်ရှာရင်း ချစ်လှစွာသော သူငယ်ချင်းတွေ ပေးထားတဲ့ တိုလီမုတ်စတွေ ပြန်ကြည့်ဖြစ်တယ်။ အဲဒီထဲက သူငယ်ချင်းတစ်ယောက်ရဲ့ ကဗျာလေးတစ်ပုဒ်ကို အမှတ်တရတင်လိုက်တယ်။ ၂၀၀၄ ဆိုတော့ သူအသက် ၁၇ နှစ်ကရေးထားတာပေါ့။ သူ့ကိုတော့ ခွင့်မတောင်းရသေးဘူး။ ခွင့်မပြုလည်း မတတ်နိုင်ဘူး။ :) တင်လိုက်ပြီလေ။ ဖတ်ကြည့်ကြပါဦး။ */

ကျိန်စာသင့်အလွမ်း

ကောင်လေးရေ
ကျိန်စာသင့်နေတဲ့
ငါ့ရဲ့ ရင်ခုန်သံတွေပြန်ပေးပါ။

နှလုံးသားကို နာအောင်
ကိုက်နေတဲ့ အကောင်တွေသာ
ပုရွက်ဆိတ်တွေ ဖြစ်မရ်ဆိုရင်
လုံးချေပစ်တာ ကြာပေါ့။

ဘရ်တုန်းကမှ မကွဲဖူးတဲ့အသဲ
နင်နဲ့ကျမှ ကွဲချင်နေတာတဲ့။

ပျင်းတာကို ပျင်းတရ်လို့
အော်ရမှာ ပျင်းတဲ့ (ဒီနေ့မျိုးမှာ)
နင့်ကို တကရ် သတိရနေတာပါ။

နင့်ကို တွေ့ရမှ ကမ္ဘာကြီးကို
ကျေးဇူးတင်ရမှန်း သိတဲ့ငါ
မသေချာ မရေရာမှုတွေ ပြည့်လို့ပေါ့။

အသက်မရှိတဲ့ ရင်ခုန်သံတွေကို
အစာတွေ ကျွေးနေတဲ့ ခပ်ညံ့ညံ့ကောင် ..
တနေ့ .. ငါသေသွားရင်
နင့်မျက်မှန်လေး ငါယူသွားမယ်။    ။

ကြည်ဖြူ
30th Oct '04 (10:45 PM)

November 25, 2008

ဖြစ်စဉ်

အိမ်မက်တချို့မက်နေတယ်။

အဲဒီမှာ မနက်ဖြန်ရှိတယ်။ တဘက်ခါရှိတယ်။

 

ကျောပိုးအိတ်တစ်လုံးလွယ်ထားတယ်။

အဲဒီမှာ မနေ့က နဲ့ တနေ့က ကိုထည့်ထားတယ်။

 

လမ်းတွေလျှောက်နေတယ်။

ဒီနေ့ဆိုတဲ့ မိုင်တိုင်မဆုံးမချင်း။

 

ခြေထောက်တွေလည်း မညောင်းတတ်ဘူး။

သယ်ရတာလည်း မလေးတတ်ဘူး။

အိမ်မက်တွေလည်း မငြီးငွေ့ဘူး။

တစ်ခုပဲ…

လမ်းတွေကတော့ ပျောက်တတ်တယ်။

Current

ခုနောက်ပိုင်း blog တွေကို Google Reader နဲ့ပဲ ဖတ်ဖြစ်နေတယ်။ အကြောင်းက ရုံးမှာပဲ သုံးဖြစ်လို့ပါ။ အင်တာနက်ဆိုင်ကို သွားဖို့အချိန်မရှိတာလည်း တကြောင်းပါ။ Google reader နဲ့ဖတ်တော့ ဘာဖြစ်လဲ။ အိမ်အလည်တော့ ရောက်ပါရဲ့ အပေါက်ဝက ချောင်းပြီး ပြန်ထွက်လာသလိုပါပဲ။ comment လည်းရေးလို့မရဘူး။ cbox မှာလည်း နှုတ်ဆက်လို့မရဘူး။ ဘယ်တတ်နိုင်မလဲနော့။ ဖတ်လို့ရတာပဲ ကျေးဇူးတင်ရဦးမယ်။

Post တင်ရင်လည်း mail ကနေပဲ တင်ဖြစ်တော့တယ်။ ကိုယ့်အိမ်ထဲကိုယ် အိမ်ရှေ့က မ၀င်ဖြစ်တာတောင်ကြာပြီ။ အမြဲတမ်း နောက်ဖေးပေါက်ကချည်းဝင်နေရတယ်။

သူများအိမ်အလည် အရောက်နည်းတော့ ကိုယ့်အိမ်လည်း ဧည့်သည်ပါးရှားပါတယ်။ စိတ်ဝင်စားစရာ ပို့စ်ဆိုလို့လည်း မရှိသလောက်။ ဖုံတွေတက်လိုက်။ အားရင် ပြန်ခါလိုက်။ ဟောဒီခြောက်ကပ်ကပ်အိမ်လေးကပဲ ကျွန်မရဲ့ Dairy ဖြစ်ပါတယ်။ ခံစားမှုများ သိမ်းဆည်းရာ ဖြစ်ပါတယ်။ ကျွန်မအတွက်တော့ ဒီအိမ်လေးရဲ့တည်ရှိမှုဟာ အရေးပါလှပါတယ်။ ဒီအိမ်လေးအကြောင်းပြုပြီး ရခဲ့တဲ့ အသိမိတ်ဆွေတွေ၊ စိတ်ခံစားမှုတွေ။

ဘာပဲဖြစ်ဖြစ်ပါ ဒီလိုလေးသွားရင်းနဲ့ပဲ။

November 21, 2008

Short Poem I like the most

စာမေးပွဲနီးလာပြီ။ ကျွန်မရဲ့အကျင့်က စပါပြီ။ စာမေးပွဲနီးလာတဲ့အချိန် စာတွေလည်း ကြည့်ဖို့ကျန်သေးတယ်။ ကြည့်ရင်လည်း အချိန်ရှိသေးတယ်။ ဘယ်တော့မှ စာမကျက်ချင်တဲ့အတွက် ကိုယ့်ကိုကိုယ်လိမ်တဲ့နည်းလမ်းကို သုံးတတ်ပါတယ်။ ညဘက်စာကျက်ချိန်မှာ တခြားဟာတွေ လုပ်ရမှာလည်း စိတ်မဖြောင့်။ ဟိုဟာလုပ်ရနိုး ဒီဟာလုပ်ရနိုး ဖြစ်မယ့်အစား ကိုယ့်ကိုကိုယ် ပင်ပန်းတယ် ဆိုပြီး လှိမ့်ပိန့်အိပ်တာပါပဲ။ ဒါကြောင့် စာမေးပွဲနီးရင် ကျွန်မ၀ ၀ လာတတ်တယ်။ အိပ်ချည်းနေတာကိုး။ ဒီနေ့လည်း ပြန်ရောက်ကတည်းက အိပ်နေတာ။ ခု တရေးနိုး မအိပ်ချင်တော့ဘူး။ ကျွန်မအကြိုက်ဆုံးစာအုပ်ဖြစ်တဲ့ မိကောက် ရဲ့ ကဗျာစာအုပ်ကို ပြန်ဖတ်တယ်။ အဲဒီထဲက အတိုဆုံးကဗျာလေးတွေကို ဝေမျှလိုက်ပါတယ်။

 

ဖြောင့်ချက်

စင်စစ်တော့

အချစ်ဟာ

မကောင်းဆိုးဝါးသာ

မကောင်းဆိုးဝါးဆိုတာ

ကံနိမ့်မှ တွေ့ရတာတဲ့။

တကယ်ဗျာ

ကျုပ် ကံနိမ့်ခဲ့ပါတယ်။

 *******************************

ခပ်ညံ့ညံ့

ဦးနှောက်ထဲက အမုန်း

နှလုံးသားထဲက အချစ်

ဘယ်ကဖြစ်မှန်းမသိတဲ့ သစ္စာ

ဘယ်မှာသွားပြီး လွှင့်ပစ်ရမှာလဲ။ 

*******************************

နှစ်ကိုယ်ခွဲ

ဟားတိုက်လို့ ရယ်လိုက်ချင်ရဲ့

ရှိုက်ကြီးတငင်ငိုလိုက်ချင်ရဲ့

မမြင်ဖူးရင် ကြည့်ကြပါကွဲ့

ဟောဟိုမှာ … အချစ်တဲ့

လွှင့်ပစ်ခဲ့တဲ့ ပိုင်ရှင်ခမျာ

လေးလံလွန်းလို့ ဖြစ်မှာပါကွယ်။  

*******************************

 
အင်တာဗျူး

ဘာလုပ်တာလဲ
ဦးနှောက်ဖောက်စားတာ။

မြိန်ရဲ့လား
ဆား လုံးဝမပါ။

ဘာလိုသလဲ
အချိုမှုန့် ကဲနေတယ်။

November 20, 2008

အထက်တန်းကျောင်း နှင့် ကျွန်မ

(၆) အ.ထ.က၊ မော်လမြိုင်။ မော်လမြိုင်မြို့၊ စစ်ကဲကုန်းရပ်မှာတည်ရှိပြီး၊ မော်လမြိုင်မြို့မှာဆိုရင်တော့ အကျယ်ဆုံးကျောင်းပါပဲ။ အင်္ဂလိပ်ခေတ်က ကျောင်းဖြစ်လို့ တိုင်လုံးကြီးတွေနဲ့ ထုနဲ့ထည်နဲ့ပါ။ အဆောင်တွေနာမည်ကလည်း မြစိမ်းဆောင်၊ ပတ္တမြားဆောင်၊ သိင်္ဂီဆောင်၊ နီလာဆောင်၊ ပုလဲဆောင် စသည်ဖြင့်ပါ။ အတော်ဆုံးနဲ့ Top Ten စာရင်းဝင် ကျောင်းသားတွေ မွေးထုတ်ပေးတဲ့ ကျောင်းတစ်ကျောင်းလည်း ဖြစ်ပါတယ်။ ကျောင်းပိုင် ကျောင်းကြိုပို့ယာဉ်ရှိတဲ့ တစ်ခုတည်းသော ကျောင်းလည်းဖြစ်ပါတယ်။ မော်လမြိုင်ကကျောင်းတွေက မိန်းကလေးတွေဆိုရင် ၅တန်းလောက်ကျရင် ဆံပင်နှစ်ဖက်စည်းပြီး ဖဲကြိုးချည်ရပါတယ်။ ကျောင်းနဲ့လိုက်ပြီး ဖဲကြိုးအရောင်ကွဲပါတယ်။ ကျောင်းသူတစ်ယောက်ကိုမြင်ရင် သူ့ဖဲကြိုးကြည့်ပြီး ဘယ်ကျောင်းကလည်း တန်းသိနိုင်ပါတယ်။ ကျွန်မတို့ အမှတ်(၆)ကတော့ ဖဲကြိုးအနီရောင်ပါ။

သူငယ်တန်းကနေဆယ်တန်းအထိ (1990 ကနေ 2001) ကျွန်မရဲ့ မှတ်ဥာဏ်ထဲက အမှတ်ရစရာ အားလုံးဟာ အဲဒီကျောင်းမှာ ရှိနေခဲ့တာပါ။ ကျွန်မတို့အိမ်နဲ့ ကျောင်းဟာ ဝေးတယ်ပြောလို့ရတဲ့ အကွာအဝေးမှာ ရှိပါတယ်။ ကျွန်မတို့မောင်နှမအားလုံးက ကျောင်းက ကျောင်းကားနဲ့ပဲ ကျောင်းတက်ခဲ့ကြပါတယ်။ 5611၊ 3828၊ ပေါင်မုန့်ကား ကားသုံးစီးရှိတဲ့အထဲက ကျွန်မတို့က 3828 ဆိုတဲ့ကျောင်းကားရဲ့ ပထမခေါက်မှာ စီးရပါတယ်။ မနက် 7နာရီခွဲဆို ကျောင်းကားက အိမ်ရှေ့ရောက်ပြီ။ 9နာရီတက်မယ့်ကျောင်းကို ကျွန်မတို့က 8နာရီကျော်ကျော်မှာ ရောက်တဲ့အတွက် အမြဲတမ်း ကစားချိန်အများကြီးရခဲ့ပါတယ်။

အဆောင်တွေက တစ်ဆောင်နဲ့ တစ်ဆောင် ဝေးတယ်။ ကျယ်တယ်။ ဒီတော့နေ့လည်ထမင်းစားလွှတ်ချိန်တွေမှာ အဆောင်ပတ်တမ်းကစားခဲ့တာလည်း အမှတ်ရစရာတစ်ခုပါပဲ။ နောက်တခုက အတန်းမတက်ချင်တဲ့အချိန်မျိုးတွေမှာ ဟိုဆရာမခိုင်းလို့ ဟိုဘက်အဆောင်သွားရသလိုလို ဒီဆရာမခိုင်းလို့ ဒီဘက်အဆောင်သွားရသလိုလို လုပ်လိုက်ရင်လည်း စာသင်ချိန်တ၀က်လောက် ပြေးလို့ရတာ သတိရသေးတယ်။

ကျွန်မအချစ်ဆုံး ဆရာမတွေ၊ ခုချိန်ထိကို ကျွန်မအနားမှာရှိနေသေးတဲ့ အချစ်ဆုံးသူငယ်ချင်းတွေ။ သူပေးခဲ့တဲ့ လက်ဆောင်တွေထဲကတချို့ပေါ့။

ဆိုင်ကယ် နှင့် ကျွန်မ


ဆိုင်ကယ်ဆိုရင် ကိုယ့်ဘာသာစီးတတ်အောင် သင်ဖို့တခါမှ မစဉ်းစားဖူးဘူး။ အဖေ၊ အစ်ကိုနှစ်ယောက်နဲ့တင် ကျွန်မအတွက် သွားဖို့လာဖို့ အဆင်ပြေနေပါပြီ။

ကျွန်မပိစိကလေးတုန်းကတော့ အဖေ့ဆိုင်ကယ်ကို ကျွန်မတို့ မိသားစု ၅ ယောက်လုံးစီးကြတာလေ။ အဖေကရှေ့က၊ အမေကနောက်က၊ ကိုကိုကြီးက နှစ်ယောက်ကြားမှာ၊ ကိုကိုငယ်က အဖေ့ရှေ့မှာ၊ ကျွန်မက အမေ့ပေါင်ပေါ်မှာပေါ့။ အဲဒါကတော်တော်ငယ်တုန်းကပါ။ နောက်တော့ အဲဒီလိုဘယ်ရတော့မလဲ။

ခုချိန်ထိတော့ ဆိုင်ကယ်ဆိုရင် အဖေ့နောက်က လိုက်စီးရမှ လုံခြုံတယ်လို့ထင်တာပဲ။ ကိုကိုငယ် ဆိုင်ကယ်စီးတတ်လာတော့လည်း ကျွန်မကအလိုလို ဆိုင်ကယ်နောက်ရောက်ရတာပါပဲ။ စက်ဘီးနဲ့တုန်းက ကိုကိုကြီးနောက် တခါမှ မစီးဖူးလိုက်ပေမယ့် ဆိုင်ကယ်နဲ့ကျတော့ အခါခါစီးဖူးခဲ့ပါတယ်။ ကိုကိုကြီးက ဆိုင်ကယ်မောင်းရင် သီချင်းဆိုတတ်တယ်။ ကိုကိုငယ်ကျတော့ ကျွန်မပြောသမျှစကားကိုပဲ နားထောင်နေတတ်တယ်။

တက္ကသိုလ် တတိယနှစ်ရောက်မှသာ သူငယ်ချင်းတွေနောက် လိုက်စီးဖူးတယ်။ မှတ်မှတ်ရရ ပထမဆုံးက ချိုမာ ပါ။ သူက မွတ်ဆလင်ဖြစ်ပြီး၊ မွတ်ဆလင်လိုသာ ၀တ်ပါတယ်။ ခေါင်းမှာလည်း ပ၀ါခြုံတယ်။ အဲဒီတုန်းက ကျောင်းကိစ္စအတွက် သွားဖို့ဖြစ်လာတော့ မိန်းကလေးဆိုလို့ ကျွန်မနဲ့ ချိုမာ နှစ်ယောက်ပဲ။ ချိုမာက ဆိုင်ကယ်စီးလာရော၊ ကျွန်မအတွက်ရွေးစရာမရှိ တခါတည်း သူ့ဆိုင်ကယ်နောက်သာ လိုက်ရတော့တာပေါ့။ သတိအရဆုံးကတော့ သူ့ခေါင်းကပ၀ါနှစ်စက ကျွန်မမျက်နှာကို အမြဲလာရိုက်နေတာပါပဲ။ ကျွန်မ ကမ်းနားလမ်းက သွားချင်တယ်ဆိုတော့လည်း သူ့ခမျာ ပတ်ပြီးမောင်းပေးပါသေးတယ်။ ခုတော့ သူလည်း ဒီလောကကြီးမှာ မရှိတော့ဘူး။ အရင်ဆုံးခွဲသွားခဲ့ပြီ။ ဆိုင်ကယ်မြင်ရင် သတိရတတ်တဲ့အထဲမှာ ချိုမာလည်း ထိပ်ဆုံးက ပါပါတယ်။

November 15, 2008

Announment

2008 တစ်နှစ်ကုန်တော့မယ်။ အနောက်ကိုပြန်လှည့်ကြည့်တော့ အမှတ်ရစရာချည်းပဲ။ အမှတ်တရအနေနဲ့ ကျွန်မနှင့်.... ဆိုပြီး အတွဲလိုက် တင်ဖို့စိတ်ကူးထားပါတယ်။ စိတ်ဝင်စားရင် လာဖတ်ကြပါဦးလို့။

November 13, 2008

စက်ဘီးနှင့် ကျွန်မ

ဟိုနားသွား ဒီနားသွား ဘာစီးသွားမလဲ။ ခုချိန် ကျွန်မကတော့ ကိုယ့်ခြေထောက်ကိုယ်သုံးရတာ အကြိုက်ဆုံး။ (ကားတိုးစီးရတာ စိတ်ညစ်တာလဲ ပါပါတယ်။)

ကျွန်မတို့ငယ်ငယ် နယ်မှာနေတော့ လိုင်းကားထက်စာရင် စက်ဘီးနဲ့ပိုရင်းနှီးခဲ့တယ်။ နောက် ဆိုင်ကယ်ခေတ်စားလာတော့ ဆိုင်ကယ်ပေါ့။ ကျွန်မ ၅ တန်းလောက်ကတည်းက စက်ဘီးစီးသင်ခဲ့ပါတယ်။ ဘောလုံးကွင်းထဲပတ်ပြီး ကောင်းကောင်းစီးတတ်ပေမယ့် လမ်းပေါ်မှာတော့ မစီးရဲဘူးလေ။ ဘေးကနေ ကားလာရင် ဘာလုပ်ရမှန်းမသိဖြစ်တာရယ်၊ ကွေ့တော့မယ်ဆို မကွေ့တတ်တာရယ်နဲ့ ဘယ်တော့မှ ကိုယ့်ဘာသာ စက်ဘီးစီးပြီး မသွားပါဘူး။ အဲဒီလို ကျွန်မကို ဘယ်သွားချင်ချင် စက်ဘီးတစ်စီးနဲ့ တင်သွားတတ်တာ ကျွန်မရဲ့ အစ်ကိုငယ်ပါ။ စာအုပ်ဆိုင်၊ သူငယ်ချင်းအိမ် စတာတွေကို သွားချင်ရင် ချက်ချင်း မညည်းမညူပို့ပေးခဲ့တာပါပဲ။ ကိုယ့်ဘာသာ စီးတတ်တာပဲ စီးသွားပါလား ဆိုလည်း ဘယ်တော့မှ မစီးပါဘူး။ သူများနောက် ထိုင်လိုက်ရတာပဲ ကြိုက်တယ်လေ။ နောက်ကစီးရင်လည်း ခုန်မတက်တက်ပြန်ဘူး။ ကျွန်မနောက်ထိုင်ခုံမှာ နေသားတကျ ထိုင်ပြီးမှ စက်ဘီးထွက်ခွင့်ရမယ်။ မှတ်မှတ်ရရတော့ စက်ဘီးနဲ့ဆိုရင် ကိုကိုငယ်နောက်ကလွဲရင် ဘယ်သူ့နောက်မှမစီးဘူးပါဘူး။ ကိုယ့်ဘာသာတော့ တစ်ခါစီးဖူးသေးတယ်။ သူငယ်ချင်းရှိတဲ့ အပေါင်မြို့ကို သွားလည်ရင်း အဲဒီနားတ၀ိုက်က ဘုရားကိုသွားဖူးတုန်းကပါ။ အဲဒီတုန်းက စက်ဘီးဆိုတာ မစီးတာလည်းကြာ၊ သူများနောက်ကလည်း မစီးရဲတာကြောင့် ကိုယ့်ဘာသာ တစ်စီးစီးမယ်ဆိုပြီးတက်စီးတာ။ ကိုယ့်ဘာသာတော့ မဆိုးဘူးထင်တာပဲ။ သူငယ်ချင်းတွေကတော့ ပြောကြတယ်။ နင့်စက်ဘီးက တည့်တည့်သွားတာမှ မဟုတ်တာတဲ့။ ဟိုယိုင် ဒီယိုင်နဲ့ပဲ။ ဘာပဲဖြစ်ဖြစ်ပေါ့။ အဲဒီတစ်ခေါက်က အဝေးဆုံး ကားလမ်းမပေါ်စက်ဘီးစီးဖူးတာလေ။

to continue .. ဆိုင်ကယ် နှင့် ကျွန်မ

တန်ဆောင်မုန်းလပြည့်နေ့

ခုတလော မနက်ခင်းတွေမှာ အရှေ့လေတိုက်လို့ ဆောင်းကို ချဉ်းကပ်ကြောင်း သရုပ်ပြလာတယ်။ တန်ဆောင်မုန်းလပြည့်နီးလို့ တန်ဆောင်တိုင်ပွဲတော် ရောက်တော့မယ်။ တောင်ကြီးမြို့ရဲ့ မီးပုံးပျံပွဲ၊ ပြင်ဦးလွင် မီးပုံပျံပွဲ၊ အစရှိတဲ့ ထင်ရှားတဲ့ တန်ဆောင်တိုင်ပွဲတွေလိုမျိုးပဲ မြန်မာပြည်ရဲ့ မြို့တိုင်းလိုလိုမှာ သူ့ထုံးစံနဲ့သူ စည်ကားနေကြတော့မယ်။ ကျွန်မတို့ရဲ့ မော်လမြိုင်မြို့လေးမှာလည်း ဒီအချိန် ………..

မော်လမြိုင်မြို့မှာတော့ ဘုရား၊ စေတီတော်တော်များများဟာ တောင်ရိုးတန်းလို့ခေါ်တဲ့ တောင်တန်းတစ်လျှောက်မှာ တစုတဝေးတည်း တည်ရှိပါတယ်။ ကျိုက်သန်လန်ဘုရား၊ ဦးဇိနဘုရား စတာတွေအပြင် View Point လို့ခေါ်တဲ့ တစ်မြို့လုံးကို အပေါ်စီးက လှမ်းမြင်နိုင်တဲ့ နေရာလည်း ရှိပါတယ်။ တန်ဆောင်မုန်းလပြည့်နေ့ဆိုရင် မနက်အစောကြီး သံလွင်မြစ်ကြောတစ်လျှောက် မြစ်ဆိပ်ရှိရင် ရှိတဲ့နေရာအားလုံးမှာ ဆွမ်းအိုးမျှောပွဲတွေရှိကြပါတယ်။ ဆွမ်းအိုးမျှောပွဲဆိုတာကတော့ မြေသပိတ်လေးတွေမှာ ထမင်း၊ မုန့်မျိုးစုံ၊ ဖယောင်းတိုင် စတာတွေကိုထည့်ပြီး၊ မြစ်ကြောင်းတလျှောက် မျှောကြတာပါ။ မနက် ၃နာရီလောက်ကတည်းက အိမ်ကနေ ဆွမ်းအိုးပြင်ဆင်ပြီး ဆွမ်းအိုးမျှောတဲ့ နေရာကိုလမ်းလျှောက်သွားကြတဲ့လူတွေနဲ့ တစ်မြို့လုံး သက်ဝင်လှုပ်ရှားနေလေ့ရှိပါတယ်။ ဆွမ်းအိုးမျှောတဲ့ မြစ်ဆိပ်တွေမှာလည်း မုန့်ဟင်းခါး၊ ကြာဇံဟင်းခါး၊ ဆန်ပြုတ် စတုတီသာမဏ္ဍပ်တွေလည်း ရှိပါသေးတယ်။ ဆွမ်းအိုးမျှောပြီးတဲ့အခါ အဖွဲ့လိုက် တောင်ရိုးတန်းလျှောက်ကြမယ်။ တစ်မြို့လုံး ဘယ်နေရာကတက်တက် တောင်ပေါ်ကို ဖြတ်တက်စရာ လမ်းတွေကနေတဆင့် တောင်ပေါ်တက်ကြတယ်။ ဘုရားတစ်ဆူဖူး၊ ပြန်ထွက် နောက်တစ်ဆူရောက်၊ ၀င်လိုက်၊ ထွက်လိုက်နဲ့ မမောနိုင်မပန်းနိုင်ပါပဲ။ ညဘက်မှာတော့ တောင်ပေါ်မှာရှိတဲ့ ကျိုက်သန်လန်ဘုရားပွဲ၊ မြို့ထဲမှာဆိုရင် ကျိုက်သုတ်ဘုရားပွဲနဲ့ စည်ကားနေပါတော့မယ်။ ညနေစောင်း ဘုရားပွဲလျှောက်ကြမယ်။ ချားစီးဖို့ တန်းစီရမယ်။ ကျိုက်သုတ်ဘုရားပေါ်မှာကတော့ ယက်ကန်းပြိုင်ပွဲလည်း ရှိပါတယ်။ ကံစမ်းမဲ အစီအစဉ်လည်း ရှိတတ်ပါတယ်။

ကျွန်မတို့ငယ်ငယ်ကတော့ တောင်ရိုးတန်းလျှောက်တာရော၊ ဘုရားပွဲသွားတာရော လမ်းလျှောက်သူသာများပါတယ်။ ဒီဘက်နှစ်တွေမှာတော့ ဆိုင်ကယ်တွေများလာတာနဲ့အမျှ လမ်းလျှောက်သူတွေအပြင် ဆိုင်ကယ်တွေနဲ့ပါ သွားလာကြပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီအချိန် စည်ကားနေတော့မယ်။

November 09, 2008

ခံစစ်


လက်ရည်လည်း မတူနိုင်ဘူး
သူ့လက်နက်လည်း ကြိုမသိဘူး
အလံဖြူလည်း ပြထားပါတယ်။

စိတ်ထားကောင်းရင် ကံကောင်းတယ် တဲ့
ဒီအဆောင်လေးလည်း ဆောင်ထားပါတယ်။

မနိုင် နိုင်ပါဘူး။
လဲမကျသေးသမျှ ဟန်ကိုယ်ဖို့
ခါးလေးတော့ ထောက်ထားတယ်။

October 19, 2008

တရှိုက်မက်မက်

ချစ်သုဝေ၊ ချစ်ဆုဝေ (တရှိုက်မက်မက်)

ချစ်သုဝေက ကျွန်မရဲ့ favourite အဆိုတော်တစ်ယောက်ပါပဲ။ သူ့ သီချင်းတော်တော်များများကို ကြိုက်ပါတယ်။ ဒီခွေလေးမှာတော့ သီချင်း ၁၀ ပုဒ်ပါပါတယ်။

၁ - သျှောင်ကြီးဗွေ
၂ - မျှော်လင့်စိတ်
၃ - မုန်းတယ်
၎ - မိုးသည်းည
၅ - ဘုရားဆုတောင်းပါ
၆ - တရှိုက်မက်မက်
၇ - အဝေးဆုံးမှာ
၈ - မစ်မိုရီ
၉ - ကြယ်တာရာ
၁၀ - အပြစ်ကြီးကြီး

အကြိုက်ဆုံးကတော့ 'ဘုရားဆုတောင်းပါ' ဆိုတဲ့တစ်ပုဒ်။ မိဘမဲ့ ဝေဒနာသည် ကလေးတစ်ယောက်ရဲ့ ခံစားချက် အနေနဲ့ ဆိုထားတာပါ။ တော်တော်လေးသဘောကျပါတယ်။

နောက်တစ်ပုဒ်က 'အဝေးဆုံးမှာ' ။ အိမ်မက်တွေထဲ နင်ရှိပေမယ့် လက်တွေ့က မင်းရဲ့အဝေးမှာ ငါရောက်နေခဲ့ ငါသိပေမယ့် ။

title song ဖြစ်တဲ့ တရှိုက်မက်မက် ကလည်း ကောင်းပါတယ်။ ဆွတ်ဆွတ်ပျံ့ပျံ့လေးပေါ့။

'မိုးသည်းည' ကလည်းတစ်ယောက်တည်းဖြစ်နေတဲ့အချိန် နားထောင်သင့်တဲ့တစ်ပုဒ်ပါ။

တစ်ခွေလုံးပြောရရင် ပထမစီးရီး 'သို့ ဖေဖေ' လောက် မဆူဘူး။ slow တွေပိုများပါတယ်။ နားထောင်ကြည့်ကြပါဦး။

October 18, 2008

နောက်ကြည့်မှန်

အဲဒီတံလျှပ်တွေကိုပဲ
ဘ၀တစ်လျှောက်လုံး တရှိုက်မက်မက်
မိုက်မှားခဲ့ပါတယ်
ဆက်လက် မိုက်မှားခွင့်ပြုပါတော့။

မာယာနဲ့ နေသားတကျ
ရှုမျှော်ခင်းတွေထဲ
ှဇာတ်လိုက် တစ်ယောက်လို
သရုပ်ဆောင်ပြရအောင်ကလည်း
မနေ့က လရောင်ကိုပဲ
ဒီကောင် ခိုးခိုးနမ်းနေရ။

ကြာခဲ့ပြီအမေ
ကျွန်တော့် သကရာဇ်တွေက
ကျွန်တော့်ကို တရားပြနေပြီ။

လူကြိုက်နည်းပြီး
လူနည်းကြိုက် ဇာတ်ဝင်ခန်းတွေနဲ့
သားလေ ...
ကြိုးတန်းပေါ် လမ်းလျှောက်ပြနေရတုန်း။

တစ်ခါတစ်ခါ
ဘ၀ကို အသစ်ကျပ်ချွတ် ပြန်လည် တပ်ဆင်ဖို့
ချိန်သားကိုက် ဦးနှောက်တစ်ခု
အဲဒီလို ရူးသွပ်မှုနဲ့
လောကကို အပေါ်စီးက နေချင်တာတွေ
ရှုံးလိုက်တာ .. ။ ။

မင်းဆွေနှစ်

/* နောက်ဆုံးဖတ်ဖြစ်တဲ့ ကဗျာတစ်ပုဒ် */

October 15, 2008

No title

Image Hosted by ImageShack.us

အရောင်တွေလည်း မပြောင်းပါဘူး။

အခြေအနေလည်း မကောင်းပါဘူး။

ဘယ်သူ့အနားမှာမှ မရှိပါဘူး။

အရင်အတိုင်း တွေးဆဲ၊ ငေးမြဲ။ ။

မီးပုံးများ





ဒီသီတင်းကျွတ်မှာ ကျွန်မတို့ လမ်းထဲမှာ မီးတွေထွန်းထားတာပါ။

မီးပုံးတွေလည်း အားလုံး ကိုယ်တိုင်လုပ်ကြတယ်။ ကျွန်မတော့ မပါဘူးနော်။ ကျွန်မက ကြည့်ရုံပဲ။

မီးပုံးတွေ မြင်ရတာ စိတ်ကြည်နူးစရာ တော်တော်ကောင်းပါတယ်။

ဗရုတ်သုတ်ခ

သီတင်းကျွတ်လပြည့်နေ့

ကျွန်မတို့ အလုပ်ထဲမှာက Team တွေခွဲထားတယ်။ ကျွန်မတို့က Team 7။ ဒီနေ့ Team 7 တခုလုံး လျှောက်လည်ဖို့ ချိန်းထားတယ်။(ခေါင်းစဉ်တပ်ထားတာက Team7 ချစ်ကြည်ရေး။)

မနက် (၅)နာရီခွဲ။ အာ နောက်ကျနေပြီ။ ကမန်းကတန်းထ။ အ၀တ်လျှော်။ ရေချိုးနေတုန်း အိမ်ရှေ့က ခေါင်းလောင်းဆွဲသံကြားရပြီ။ သူငယ်ချင်းလာခေါ်ပြီ။ ၁၀မိနစ်စောင့်ပါ။ 0k အသင့်ဖြစ်ပြီ။ တံခါးပေါက်က ထွက်ရုံရှိသေး။ အမေက သော့ သော့ တဲ့။ ဟုတ်သားပဲ။ မေ့တော့မလို့။ thz mom.

ကားဂိတ်ရောက်ပြီ။ မြန်ရအောင် အရင်ဆုံးထွက်တဲ့ကားပဲစီးမယ်။ ထိုင်စရာတော့မရှိဘူး။ ကိစ္စမရှိဘူး။ လာပါ။ မြေနီကုန်းမှာ တစ်ယောက်ဝင်ခေါ်ရဦးမယ်လေ။

ကားထွက်ပြီ။ အာ လိပ်စီးမိပြီ။ နောက်ကျပါတယ်ဆိုမှ။ ဟာ နောက်ကားတောင်ကျော်ပြီ။ အယ် ဘာလို့ ရပ်နေတာလဲ။ ဘာ ဘရိတ်ကြိုးပြတ်လို့။ နောက်တစ်စီးကျော်ပြန်ပြီ။ မှားပြီ ဒီကားတက်မိတာ။ ရှိစေတော့လေ။ ရောက်တော့မှာပါ မြေနီကုန်း။ စိတ်သာရှည်ရှည်ထား။ နောက်နှစ်မှတ်တိုင်ပဲ။ အားလုံးဆင်းရမယ်။ ကားပြောင်းစီးတော့တဲ့။ ဒုက္ခပဲ။ တက္ကစီပဲစီးတော့မယ်ဟာ လာ။ အရှေ့ဘက်မုဒ် ဘယ်လောက်လဲ။ ညီမရေ အနောက်ဘက်က တက်ပါလား။ အရှေ့ဘက်မုဒ်က ကားကျပ်နေပြီ။ အရှေ့ဘက်မုဒ်မှာ ချိန်းထားတာ။ မရဘူး။ ဒါဆို လမ်းလျှောက်တာမှ မြန်မယ် ညီမ။ တော်ပါပြီ တက္ကစီရယ်။ ကဲလာ မြေနီကုန်းအထိ လမ်းပဲလျှောက်တာပေါ့။

မြေနီကုန်းရောက်ပြီ။ စောင့်နေတဲ့တစ်ယောက်က လည်ပင်းရှည်နေပြီ။ လာလာ နောက်ကျနေပြီ။ အဲဒီကားစီးမယ်။ အောင်မလေး ကျပ်လိုက်တာ။ 50မဟုတ်လား။ အရှေ့ဘက်မုဒ်က။ နောက်နေ့မှ 50 ပေးအစ်မရေ။ ဒီနေ့တော့ 100။ ဟင် ဖြစ်ရမယ်။ ဖြစ်ရမယ်။ ဟေ့ မြောက်ဘက်မဆင်းနဲ့လေ။ အရှေ့ဘက်မှ ဆင်းရမှာ။ အရှေ့ဘက်အစ်မတွေ ဒီနားမှာပဲ ဆင်းပေးပါလား။ ကားကပျက်ပြီ။ ဟေ.........။ ဖြစ်ရလေ။ ဒီမနက်။

တွေ့ပါပြီ။ ငုတ်တုတ်ကလေးသုံးယောက်။ ဟေ့ leader ရော။ leader ကဖုန်းဆက်ထားတယ်။ မလာတော့ဘူးတဲ့။ ဟေး..........။ အော် leader ကိုချစ်ကြပုံများ။ ကဲ မလာသေးတဲ့ တစ်ကောင်ဆီ ဖုန်းဆက်စမ်းပါ။ ခုမှ အိပ်ရာထတာတဲ့။ ဒါဆို ဘုရားတက်နှင့်မယ်လေ။

ဘုရားပေါ်မှာ။ များလိုက်တဲ့လူတွေ။ 8 နာရီတောင်မထိုးသေးဘူး။ လူကွဲမယ်နော်။ သတိသတိ။ ဟေ့ ဆု။ အော် ဘုရားလာကြတာလား။ ..........................။ နှုတ်ဆက်တာကလည်း အသက်မပါလိုက်တာနော်။ ငါနာမည်မေ့နေလို့ဟ။ ဓါတ်ပုံရိုက်မယ်။

မုန့်ဆိုင်ရောက်ပြီ။ ဆီချက်စားမယ်။ လာပြီ လာပြီ။ ဘုရားမတက်တဲ့ လူတွေ။ အိုကေ။ မှီပါတယ်။ အားလုံးပေါင်း 10 ယောက်။

မုန့်ဆိုင်ကအထွက်။ စတုဒီသာ။ အအေးလေး သောက်ဦးမှ။ အစ်မရေ ခွက်လေးတော့ ပြန်ထားခဲ့ပါ။ အော် မသိဘူးလေ။ ယူသွားရမယ်အောက်မေ့လို့။ ဆောရီးပါ။

ကဲ ကန်တော်ကြီးထဲဝင်မယ်။ တံတားပေါ်လျှောက်မယ်ပေါ့လေ။ ရပါတယ်။ ဟိုးနေရာ ဘယ်သူအရင်ရောက်။ ပြေးပြီ။

မျှော်စင်ကျွန်းဝင်မယ်။ ကင်မရာပါလား။ မပါဘူး။ ဟီး။ ကင်မရာ stan တော့ပါတယ်။ ကစားမယ်။ နှစ်ဖွဲ့ခွဲမယ်။ ...........။ မောလာပြီ။ နောက်တစ်မျိုး။ ...............။ တော်ပြီလာ။ ကြိုးတံတားလျှောက်မယ်။ ဒန်းစီးမယ်။ နင်စီးပါ။ ငါလွှဲပေးမယ်။ လာလေ့။ နေရာအယူမှားပြီ။ နောက်ပြန်ကြီး။ ဒီဒန်းငါ့ပြန်တိုက်မိတော့မှာပဲ။ အား....။ လက်ဖနောင့်တော့ သွေးစို့သွားပြီ။ နာလိုက်တာ။

အရမ်းပူလာပြီ။ ပလာဇာသွားမယ်။ အအေးသောက်မယ်။ လမ်းလျှောက်ကြစို့။ ကောင်းကောင်းလျှောက်နော်။ လှလှလေး။ စိုင်းစိုင်းခမ်းလှိုင်သီချင်း နောက်ခံထည့်ပြီး VCD လုပ်ပေးမယ်။ ဟီး။

အင် ပလာဇာပိတ်တယ်။ မောလိုက်တာ။ အအေးဆိုင်ရှာဟာ။ ဟေ့ နင်တို့ ဒီနားပတ်နေတာ နှစ်ခါရှိနေပြီနော်။ လာ ဒီအအေးဆိုင်ပဲဝင်မယ်။

အအေးဆိုင်ထဲမှာ။ ထောပတ်သီးဖျော်ရည်သောက်မယ်။ အာ... ကောင်းလိုက်တာ။ အကြည်တော် စကားယူသုံးရရင် ဒီတသက်တော့ ထောပတ်သီး တကြောပြတ်ပြီ။ စုတ်ပြတ်သတ်နေတာပဲ။ ပိုက်ဆံရှင်းမယ်။ အယ် ဈေးကြီးလိုက်တာ။ မေတ္တာပို့မနေနဲ့နော်။ နောက်တခါမှတ်ထားပေါ့။ သွားမယ်။

အပြင်အထွက်။ မိုးရွာနေပါလား။ ငါထီးမပါဘူး။ ဦးထုပ်ပဲပါတာ။ ဘယ်လိုလုပ်မလဲ။ ကားဂိတ်အထိတော့ပို့ဟာ။ အိမ်နားရောက်ရင် ငါပြေးသွားမယ်။

ဟူး မောလိုက်တာ အမေရယ်။ ခဏအိပ်မယ်နော်။ ရေအရင်ချိုးရမှာလား။ အင်း အင်း

မီးပုံးလွှတ်ကြမယ် ထင်တယ်နော်။ ဓါတ်ပုံသွားရိုက်မယ်။ ခု ခဏအိပ်လိုက်ဦးမယ်။

ညံနေတာပဲ။ ခေါင်းအုံးနဲ့ပိတ်ပြီး ဆက်အိပ်မယ်။

တီ တီ တီ တီ.......။ အာ ကိုယ်လက်နာလိုက်တာ။ ဘယ်လိုဖြစ်တာလဲ။ ဟင် မိုးတောင်လင်းပြီ။
အမေရေ။ မီးပုံးလွှတ်တာ ဘာလို့မခေါ်တာလဲ။ ဓါတ်ပုံရိုက်မလို့ဟာကို။ ခေါ်သားပဲ။ ထမှမထတာ။ အင်းလေ။ ပြေးထား လျှောက်ထားတာ နည်းမှမနည်းပဲ။

ဟာ ခုမှ သတိရတယ်။ ဒီနေ့ ငါတို့အဖွဲ့ project ကို ပြန်ပြင်ခိုင်းထားတာပဲ။ ငါဘာမှ မလုပ်ရသေးဘူး။ တခြားသူတွေရော။ ငါ့လိုချည်းသာဆို သေပြီ။
ဆရာမရေးခိုင်းထားတဲ့ speech လည်း မရေးရသေးဘူး။ ဒီနေ့ပေးရမှာ။ ငါဘာလို့ ညက အိပ်လိုက်ရတာလဲ။ စဉ်းစားနေတာနဲ့ပဲ နောက်ကျတော့မယ်။ သွားတော့မယ် ရုံးကို။ ကြုံသလိုပေါ့။

(နောက်ဆက်တွဲသတင်းထုတ်ပြန်ချက်မှာ လူတိုင်း အိပ်ပျော်သွားကြလို့ leader လာရင် အဆူခံဖို့ အသင့်ပြင်ထားကြောင်း။)

October 11, 2008

HoLOLo DiLoLO

"ဟိုလိုလို ဒီလိုလို"

ဟိုလိုလိုဒီလိုလို ဘလော့ဂ်ကိုသွားဖူးလား
ဟိုလိုလိုဒီလိုလိုတော့ဖြစ်မှာအသေအချာ
ခံစားချက်တွေက ဟိုလိုလိုဒီလိုလိုနဲ့
ဟိုလိုလိုဒီလိုလို ကောင်မလေးကရေးထားတာ
အကြောင်းအရာတွေက ဟိုလိုလိုဒီလိုလိုပ
ဟိုလိုဒီလိုအတွေးတွေ ထုံနေချိန်မှာတော့
ဟိုလိုလိုဒီလိုလိုမှာ ဟိုကိုဒီကို ငေးကြစို့ ။ ။

/* သူငယ်ချင်း ကိုဂစ်တာ ကရေးပေးလိုက်တာ။ ရယ်ရတယ်နော်။ အမှတ်တရ အနေနဲ့ တင်ထားလိုက်တာပါ။ */

October 07, 2008

what & what

ဘာတုန်း နှင့် ဘာလဲ

တခါတုန်းက ကလေးနှစ်ယောက်ရှိတယ်တဲ့။ မောင်ကကြီး နဲ့ မောင်ခခွေး ပေါ့။ တစ်ယောက်က အထက်မြန်မာပြည်က။ တစ်ယောက်က အောက်မြန်မာပြည်ကလို့ထားပါတော့။ ပြောချင်တာက ဒေသမတူဘူး။ စကားလုံးအသုံးအနှုန်းတွေ၊ လေယူလေသိမ်းတွေ ကွဲတယ်ပေါ့။ တနေ့တော့ သူတို့နှစ်ယောက်ဆုံကြတယ်။ စကားပြောကြရင်း မောင်ကကြီးက မောင်ခခွေးစကားထဲက စကားလုံးတစ်လုံးကို နားမလည်ဘူး။ အဲဒါနဲ့ မေးတာပေါ့။ မောင်ကကြီးက မောင်ခခွေးကို။ " မင်းစကားထဲက ဘာတုန်း ဆိုတာ ဘာလဲ ကွ" တဲ့။ မောင်ခခွေးကလည်း " ဘာလဲ ဆိုတာ ဘာတုန်း။ " လို့ ပြန်မေးတယ်။ အဲဒီလိုနဲ့ ဘာတုန်း နဲ့ ဘာလဲ ရှုပ်ရင်း ရန်ဖြစ်တဲ့ဆီရောက်ပါလေရောတဲ့လေ။
ကဲ.. အဲဒီလို အဖြစ်မျိုး မရှိဘူး ထင်လား။

သီချင်းများနှင့်

သီချင်းတစ်ပိုင်းတစ်စ ကြားရရုံနဲ့တင် အတိတ်ကနေ့တွေဆီ ပြန်ရောက်ဖူးကြပါသလား။ ပြန်ရောက်ဖူးကြမယ် ထင်ပါတယ်။ ကျွန်မကတော့ ခဏခဏ ပြန်ရောက်တတ်တယ်။ ဘာမှထူးထူးခြားခြား ခံစားမှုမပါရင်တောင်မှ အဲဒီအချိန်တုန်းက ငါဒီသီချင်း နားထောင်ခဲ့ပါလား လို့တော့ ပြန်သတိရတတ်တယ်။

'အေးချမ်းမေ' ရဲ့ ' တစ်စစီကျိုးပဲ့နေပြီ ' ကြားရင် ကျွန်မ (၄) တန်း ကျောင်းသူဘ၀ကို ပြန်သတိရတယ်။ သီချင်းတွေကြားနေခဲ့ပေမယ့် ကိုယ်တိုင်က "သီချင်း" ဆိုပြီး သတ်သတ်မှတ်မှတ် စပြီး နားထောင်တတ်ခဲ့တာ အဲဒီ (၄) တန်းကျောင်းသူအရွယ်ကစတာပေါ့။ မှတ်မှတ်ရရ နားကြပ်ကက်ဆက်လေးနဲ့ ပထမဆုံးနားထောင်ခဲ့တာလေ။

(၈)တန်းကျောင်းသူအရွယ်။ 1998။ 'အေးချမ်းမေ' ရဲ့ 'သူသိသွားပြီ' ၊ 'မျက်နှာများတဲ့မောင်'။ အဲဒီသီချင်းတွေ နာမည်ကြီးတယ်။ အဲဒီ (၈)တန်းတုန်းကပဲလေ သီချင်းဆိုချင်တဲ့ ပိုးဝင်ခဲ့ဖူးသေးတာ။ ကျောင်းတွေမှာ စုံညီပွဲတော် စလုပ်တဲ့နှစ်။ အဲဒီပွဲမှာ ဆိုမယ်ဆိုပြီး 'မှားတဲ့ဘက်မှာ' ကို အတန်းလစ်ပြီးကို သီချင်းတိုက်ဖူးတာ။ ဒါပေမယ့် ပွဲကမဖြစ်လို့ မဆိုလိုက်ရပါဘူး။ အဖွဲ့လိုက်ပေါ့။ မိန်းကလေးဆိုလို့ ကျွန်မနဲ့နောက်တစ်ယောက်။ (အဲဒီသူငယ်ချင်းက ခုဆို နာမည်မကြီးသေးပေမယ့် သီချင်းဆိုနေပြီ။)
နောက် အဲဒီ (၈)တန်းတုန်းကပဲ 'အခါလွန်တဲ့မိုး' သီချင်းကြားရင် နေရင်းထိုင်ရင်း မျက်ရည်ကျချင်တဲ့ သူငယ်ချင်းတစ်ယောက်လည်း ရှိဖူးတယ်။

နောက် 'ဖန်စီဒိုင်း ဖန်စီဒိုင်း စွဲနေပြီ အချစ်ရေ' ဆိုတဲ့သီချင်း(ခု ဖြူဖြူကျော်သိန်း ဆိုတော့ အဆိပ်ရိုင်း ဖြစ်သွားတာတဲ့သီချင်းလေ)။ (၁၀)တန်းအောင်စာရင်းထွက်မယ့်ည။ ကျွန်မရဲ့အောင်စာရင်းကို လုံးဝကြိုမသိထားပါဘူး။ မနက်စောစောမှ ကိုကိုငယ် သွားကြည့်ပေးမယ် လို့ ဆုံးဖြတ်ထားပြီး။ အေးအေးဆေးဆေး အိပ်တာပါပဲ။ ညသန်းခေါင်ရောက်တော့ လန့်နိုးလာတယ်လေ။ လမ်းမှာလည်း အသံတွေ ဆူညံနေတယ်။ ဘယ်လိုမှ ပြန်အိပ်လို့မရတော့ဘူး။ သိလည်း သိချင်လာပြီလေ။ အေးဆေးမှ ကြည့်မယ်လို့ ပြောထားပြီးသားဆိုတော့လည်း လှိမ့်ပိန့်အိပ်ရတာပေါ့။ မရပါဘူး။ အဲဒီအချိန်မှာ လမ်းပေါ်ကနေ 'ဖန်စီဒိုင်း။ ဖန်စီဒိုင်း' ဆိုတာကို အော်ပြီးဆိုသွားလိုက်တာ။ ခုချိန်ထိကို ဘယ်အချိန် အဲဒီသီချင်းကြားကြား (၁၀)တန်းအောင်စာရင်းထွက်တဲ့ညကို ပြန်ပြန်ရောက်သွားတယ်။

တက္ကသိုလ်တက်တဲ့အချိန်မှာတော့ ပြောစရာမလိုပါဘူး။ မှတ်မှတ်ရရ သီချင်းတွေ အများကြီးရှိခဲ့တယ်။ ဒုတိယနှစ် Fresher Welcome မှာတုန်းက ပထမဆုံး စင်ပေါ်တက် သီချင်းဆိုဖူးတာပေါ့။ ဆိုတဲ့သီချင်းက 'လွမ်းရယ်မပြေ' ပါ။ တကယ်ကို လွမ်းရယ်မပြေပါပဲ။ ပထမဆုံးနဲ့ နောက်ဆုံးပဲလို့ ပြောရမလိုပဲ။ ဘာလို့လဲဆိုတော့ နောက်ပိုင်းမှာ ကျွန်မသီချင်းဆိုချင်တဲ့စိတ် တဖြည်းဖြည်း ပါးရှားလာတယ်လေ။ နားထောင်သမားသက်သက်ပဲ ဖြစ်သွားတယ်။ ခုချိန် M3 ရောက်ရင် ချောင်ထဲကပ်ပြီး သူများဆိုတာကို လက်ခုပ်တီးဖို့ သက်သက်ပဲရပါတယ်။ မဆိုခိုင်းနဲ့ မဆိုဘူး။

မနေ့ညနေက MRTV 4 ကနေ 19:18 show အကြောင်းလာတယ်။ အဲဒီသီချင်းတွေနားထောင်ရင်း တော်တော်လွမ်းသွားတယ်။ ဟောင်းလှတယ် မဟုတ်ပေမယ့် မကြားရတာ၊ နားမထောင်ဖြစ်တာ ကြာသွားပြီ မဟုတ်လား။
19:18 (I) ထွက်တဲ့ အချိန်က (၁၀)တန်းတက်နေတုန်းပေါ့။
" တကယ်ကို အထီးကျန်တဲ့နေ့တွေ ကိုယ်သိပ်လွမ်းနေတဲ့ညတွေ ဒီလိုဆက်တိုက်ကြီးဆို ရူးတော့မှာပဲ.. "

" မင်းကိုချစ်တာ ဘာကိုမှ တို့မလိုချင်တော့ဘူး။ ချစ်ရုံချစ်နေမယ်။ "

" ဘာမှမသိချင်ဘူး မင်းကိုငါလွမ်းတော့ကွာ။ နေ့ရော ညပါ သတိရတယ် အချစ်ရာ။ ငါ့နှလုံးသားဟာ မင်း။ ငါ့ရှင်သန်ခြင်းမင်း။ မထားခဲ့ပါနဲ့။ မင်းမရှိရင် အဓိပ္ပယ်မဲ့။ "

" ဆိုပါလေ နှုတ်ဆက်စကား။ ဒီနေရာမှာ ထားလို့သွား။ မင်းကစ... ။ မင်းထားသွားခဲ့နိုင်မှ အစပြုလို့ မင်းမငိုနဲ့လေ။ မငိုပါနဲ့လေ။ "

" မင်းပဲရေး။ မင်းပဲရိုက်။ မင်းပဲရှုတ်။ ဇာတ်လမ်းတစ်ပုဒ်။ ဒီအချိန်နိဂုံးချုပ်တော့မယ်။ ဘယ်သူ့နဲ့ ဇာတ်ပေါင်းထုပ်မလဲ။ အရိုးသားဆုံး သိပ်ချစ်လို့ ငါ့အတွက်တော့ ဘာမှမရှုံး။ အကုန်ကို ကြိုသိပြီးသားမို့ အရာရာ ပြင်ဆင်ထားခဲ့လို့။ "

နောက် 19:18 (II), (III) ။ တက္ကသိုလ် တက်နေတဲ့အချိန်တွေ။ သူငယ်ချင်းတွေရဲ့ ဂစ်တာသံတွေ။ အော်ဆိုသံတွေ။

" တကယ်တမ်းတော့ ဘ၀ဆိုတာ ရင်ခုန်ရုံနဲ့ ပြီးမှ မပြီးတာ။ တချိန်ချိန်တော့လည်း မင်းနားလည်မှာပါ။ ...
လွယ်မယ်ထင်ထားလား။ ပျော်မယ်ထင်လို့လား။ အချိန်တန်တော့လည်း မင်း။ လိုနေမယ် စည်းစိမ်များ။ လူတွေက ခက်တယ်။ အချစ်ကို ခဏကိုးကွယ်။ အချိန်လွန်ပါမှ မင်းငိုမှာ စိုးတယ်။ "

" သတိရပေးပါ ချစ်သူရာ။ သတိရပေးပါ။ ဆိုးတူကောင်းအတူ တို့နှစ်ယောက်ရှိခဲ့ဖူးတာ မြင်ယောင်ရင်း ဒီတသက်စာ လွမ်းပေးစမ်းပါကွာ။ "

" ယုံကြည်စရာ အနာဂတ်မရှိရင် လူဆိုတာ ပျက်စီးတတ်တယ် ကလေးရယ်။ ......... ဝေးကြမယ်ဆိုရင်လည်း တကယ်ပါ အစွမ်းကုန်ကိုယ်ခွင့်လွှတ်မယ်။ မသာယာနိုင်တဲ့လမ်းမျိုးတော့ ဘယ်သူလာချင်မလဲ ကိုယ့်အချစ်လေး။ "

" ပြင်းပြင်းပြပြ မလှပေမယ့် ငါ့ရင်ထဲမှာ မင်းက နတ်သမီး။ ငါ့ရင်ထဲ ငါ့အမြင်တော့ ငါ့ရင်ထဲမှာ မင်းက နတ်သမီး။ "

" ဘယ်သူတွေ တားတား မင်းလေးပဲချစ်ခဲ့။ ရင်ဆိုင်မယ်ဒုက္ခတွေ မင်းအနားပဲနေမယ်။ မကြာခင်ဆို တို့နှစ်ယောက် ဘ၀အသစ်ကိုရှာမယ်။ ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်ဟာ မင်းပဲ။ "

" မင်းနင်းလျှောက်သွား လှေကားထစ်လေးများ။ ............ ခွင့်ပြုနိုင်တယ် လှေကားထစ်လေးများ။ မင်းလျှောက်တက်သွာတော့ အောင်မြင်မှုဆီ။ ထားခဲ့နိုင်တယ် တချိန်မှာ အပေါ်ကိုရောက်သွားရင်။ စိတ်ချ ဘာမှပြန်မတောင်းဘူး။ အသုံးချ မတော်လို့ ပြန်ကျတဲ့အခါ အကျမနာရအောင် ငါ့ကို သုံးပါဦး လှေကားထစ်လေးများ။"

" အေးစက်တဲ့ ညတွေဆွေး။ ဘေးနားက အနွေးဓါတ်လေး ယောင်ကာ အကြိမ်ကြိမ် ကိုယ်စမ်းမိ။ လိုနေတာက ကိုယ့်အနားမရှိ။..................
မင်းမရှိတော့မှ ငါသိခဲ့တယ်။ တန်ဖိုးလေးတစ်ခု ငါတမ်းတတယ်။ ပြန်တွေ့တဲ့တနေ့ ငါအမှားများ ၀န်ခံရင်းနဲ့ ငိုကြွေးခွင့်ပြုပါကွယ်။"

" မလိုချင်ဘူး ခက်တယ်ဆို ငါ့စိတ်နဲ့ မဖြစ်ပါဘူး။ ဆံပင်ဖြူပြီး ဦးနှောက်စားတဲ့ ဘ၀မျိုး မရောက်ချင်ဘူး။ "

သီချင်းတွေကြောင့်ပဲ လွမ်းတာလား။ အလွမ်းတွေကြောင့်ပဲ နားထောင်ဖြစ်တာလား။ တခါတခါတော့လည်း ရောကုန်တယ်။

October 05, 2008

တခါတုန်းက နေ့များသို့

ခြေရာပျောက်နေတဲ့ တစ်ယောက်ရယ်
တာဝန်မကျေတော့တဲ့ တစ်ယောက်ရယ်
သူတို့ကိုယ်စား
အမေ့မျက်ရည် ကူသုတ်ရင်း
အဖေ့အတွက် တောင်ဝှေးတစ်ချောင်းဖြစ်လာရေးအတွက်
ငါလည်း သမီး လိမ္မာတစ်ယောက် ဖြစ်မှန်းမသိဖြစ်လာရတယ်။

ငါတို့ရဲ့ မျှော်လင့်ချက်တွေ
ငါတို့ရဲ့ အိမ်မက်တွေ
နောက် အနာဂတ်တချို့
သူနဲ့တူတူ ယူပြီး ....

အနားနားကနေ
ဓါးတုံးတုံးနဲ့ ခပ်ဖြည်းဖြည်းလှီးနေတဲ့
သူတစ်ယောက် ...

ဘာဖြစ်ဖြစ်သူတို့နှစ်ယောက်ဟာ
ငါချစ်တဲ့ သူနှစ်ယောက်ဖြစ်တယ်။
ငါ့ကိုချစ်ခဲ့တဲ့ သူနှစ်ယောက်ဖြစ်တယ်။
သူတို့တွေကြောင့် အရာရာ ပြည့်စုံခဲ့ဖူးတယ်။
သူတို့တွေကြောင့် အငယ်ဆုံး အပီသကြီး ပီသခဲ့ဖူးတယ်။

အမေ့ရဲ့သတိရမှုတွေ
ွအဖေ့ရဲ့ တမ်းတမှုတွေကြား
မသိရိုကျိုးပြုရင်း
ငါလည်း မျှော်မှန်းမသိ မျှော်မိနေတယ်။

October 04, 2008

Announment

အဟွတ် အဟွတ်
အာ ဖုန်တွေများလိုက်တာ။ များမှာပေါ့။ မ၀င်တာကြာတဲ့အိမ်ကိုး။
အရှုပ်တွေကြားထဲက အလုပ်တွေရှု့ပ်နေတာ။
နောက်တပတ်ကနေစပြီး ပုံမှန် ပြန်ဝင်ဖို့ ဆုံးဖြတ်ထားပါတယ်။ လာခဲ့ကြပါဦး။

September 02, 2008

1st Anniversary

Hello Hololo Dilolo
Happy Birthday !!!
မနှစ်က ဒီနေ့မှာ ဟိုလိုလို ဒီလိုလို ဆိုတာ စဖြစ်လာတယ်။ ဒီနှစ်မှာတော့ သူ့မွေးနေ့မှာ ပို့စ်လေးတင်မလို့တောင် မတင်ရဘူး။ ဒီနေ့မနက်မှ စာမေးပွဲပြီးလို့ပါ။ ၃ရက်လောက်နဲ့ ကျက်ရတာဆိုတော့ ဘာမှကို မလုပ်နိုင်ခဲ့ဘူး။
ကိုယ့်ဘာသာပဲ ကော်ဖီသောက်လိုက်တယ်။ ဒီနေ့ မကုန်ခင်အထိ ကြုံတဲ့သူကို ကော်ဖီတိုက်ပါ့မယ်။

နောက်နှစ်များစွာအထိ ဆက်နိုင်ဖို့ ကြိုးစားပါ့မယ်။


August 16, 2008

မသိခြင်းများအတွက်

မသိခဲ့ကြဘူး။
လိုအပ်ချက်တွေအကြောင်း။

မသိခဲ့ကြဘူး။
အထီးကျန်မှုများအကြောင်း။

မသိခဲ့ကြဘူး။
တွေဝေမှုများအကြောင်း။

မသိခဲ့ကြဘူး။
မိုက်မဲမှုများအကြောင်း။

မသိခဲ့ကြဘူး။
နာကျင်တတ်ခြင်းများအကြောင်း။

မသိခဲ့ကြဘူး။
ချစ်တတ်ခဲ့ခြင်းအကြောင်း။

မသိခဲ့ကြဘူး။
ဂရုစိုက်မှုများအကြောင်း။

မသိခဲ့ကြဘူး။
ပျော်ရွှင်မှုများအကြောင်း။

မသိခဲ့ကြဘူး။
...........

တချိန်ချိန်ကျရင်  ...
ဘယ်သူမှ မသိကြတဲ့
ခံစားချက်စစ်စစ်တွေအကြောင်းကို
ကျောက်စာတစ်ချပ်ရေးပြီး
ထားခဲ့မယ်။

နှလုံးသား Data Structure

နောင်တစ်ချိန်
Delete လုပ်ရမယ်မှန်း သိလျက်
လတ်တလောမှာ
ကိုယ့်နှလုံးသား linked list ထဲကို
မင်းကို insert လုပ်ခဲ့မိပြီ။

Preorder နဲ့ပဲစီစီ
Inorder ကိုပဲသုံးသုံး
Postorder နဲ့ပဲရေးရေး
Process လုပ်လိုက်ရင်
နှလုံးသား stack ထဲက ပြန်ထွက်လာက
I love you.

နှလုံးသား PTR က NULL မဖြစ်သရွေ့တော့
'I love you' Step ကိုပဲ
Repeat, Repeat, ...

/* ဒီကဗျာလေးက မှတ်မှတ်ရရ တက္ကသိုလ် ဒုတိယနှစ် Programming နဲ့ Data Structure ဖြေရမယ့် ညမှာ စာကျက်ရင်းရေးမိတဲ့ ကဗျာလေးပါ။ ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ စုထုတ်တဲ့ ကဗျာစာအုပ်မှာတော့ ထည့်ဖူးတယ်။ အမှတ်တရ အနေနဲ့ တင်ထားလိုက်တာပါ။ */

August 14, 2008

Body Tempo

ဇီဝနာရီ

ကမ္ဘာကြီးဟာ ကျဉ်းမြောင်းလာတာနဲ့အမျှ လူသားတွေရဲ့ လှုပ်ရှားမှုဘောင်ဟာလည်း ကျယ်ပြန့်လာပါတယ်။ အတိတ်တုန်းက တော်တော်နဲ့ မရောက်နိုင်ခဲ့တဲ့နေရာတွေဟာလည်း ခုချိန်မှာတော့ သွားနိုင်လာပြီး၊ မွေးရပ်မြေလွမ်းတဲ့ကဗျာတို့ သီချင်းတို့ဆိုတာလည်း အတိတ်မှာ ကျန်ရစ်ခဲ့ပါပြီ။ ပုံပြင်တွေထဲကလို လနတ်သမီးက လကမ္ဘာကို ပြန်သွားလို့ လိုက်သွားချင်တယ်ဆိုရင်တောင် လိုက်သွားလို့ရနိုင်တဲ့ ခေတ်ဖြစ်လာပါတယ်။ ဒါပေမယ့် အဝေးမှာ ရှိတဲ့အရာကို နီးအောင်လုပ်တယ်ဆိုတဲ့နေရာမှာလည်း ခန္ဓာကိုယ်တင်မက စိတ်ကိုပါ အလွန်အကျွံဖြစ်စေတဲ့ ကိစ္စမဟုတ်ပါလား။

ခုတလော ဇီဝကမ္မဗေဒပညာရှင် တစ်ယောက်ရဲ့ ပြောစကားကို ဖတ်ပြီး စိတ်ထဲက ချီးကျူးမိပါတယ်။ လူသားတွေရဲ့ နှလုံးဟာ အကြမ်းအားဖြင့် ၁ စက္ကန့်မှာ ၁ ကြိမ်ခုန်ပြီး၊ ကြွက်တွေက ၀.၁ စက္ကန့်မှာ ၁ ကြိမ် ခုန်ပါတယ်။ ဆင်တွေကတော့ ၁ ကြိမ် နှလုံးခုန်ဖို့ ၃ စက္ကန့် ကြာပါတယ်။ ဒါပေမယ့် တစ်ဘ၀လုံးရဲ့ နှလုံးခုန်တဲ့အရေအတွက်က အားလုံးမှာ 1.5 ဘီလျံ ကြိမ်ရှိပါတယ်။ သတ္တ၀ါအားလုံးဟာ တစ်ဘ၀လုံးအတွင်းမှာ အသုံးပြုရမယ့် စွမ်းအင်ဆိုတာကလည်း သတ်မှတ်ထားပြီးသားပါ။ သေးငယ်တဲ့ ကြွက်တွေက ဘ၀ကို လျင်လျင်မြန်မြန် ဖြတ်သန်းပြီး၊ ဆင်တွေကတော့ ဖြည်းဖြည်းဆေးဆေး နားနားနေနေ အသက်ရှင်ကြပါတယ်။ လူသားတွေအတွက်လည်း သတ်မှတ်ထားတဲ့ ဇီဝနာရီ ဆိုတာရှိပေမယ့် မြို့နေလူတန်းစားတွေဟာ အဲဒါကို computer တို့၊ အဝေးပြေးရထားလမ်းစတာတွေကို သုံးပြီး ပိုပိုမြန်လာအောင် လုပ်နေတာကြောင့် ဇီဝနာရီ နဲ့ တကယ့် လူ့အဖွဲ့အစည်းကြားရှိတဲ့အချိန်ရဲ့ ကွာဟမှုကနေ စိတ်ဖိစီးမှု ဆိုတာမျိုးတွေ ဖြစ်လာပါတယ်။ မြို့နေလူထုရဲ့ နေထိုင်မှုဘ၀ဟာ သဘာဝမဟုတ်ပါဘူး။ ပုံမှန်ရှိရမယ့် လူဦးရေရဲ့ သုံးဆလောက်နဲ့ ပြည့်ကျပ်နေတဲ့ မြေအောက်ရထားတွေဟာလည်း ကြောက်စရာကောင်းလှပါတယ်။ အဲဒီလိုမျိုး သိပ်သည်းဆမှာ နေရတာဟာ ခြင်လိုသေးငယ်တဲ့ သတ္တ၀ါတွေလောက်ပဲ ဖြစ်ရမှာပါ။ ပြည့်ကျပ်နေတဲ့ ရထားစီးပြီး ဆင်ခြေဖုံးတွေကနေ မြို့ထဲကို အသွားအပြန်လုပ်ရတာဟာ လှောင်အိမ်ထဲသွတ်သွင်းခံရတဲ့ ပိုးကောင်တွေလို ဖြစ်နေပြီး၊ အဲဒီပိုးကောင်လေးတွေက ဆင်တွေရဲ့ ကျယ်ဝန်းလှတဲ့ လှုပ်ရှားမှုဘောင်မှာ လှုပ်ရှားသွားလာရသလို ဖြစ်လာတယ်လို့ ဆိုကြပါတယ်။

တကယ်တော့ လူသားတွေဟာလည်း ခန္ဓာကိုယ်ရဲ့ ဇီဝနာရီအတိုင်း နေထိုင်တာပဲ ကောင်းပါတယ်။ အဲဒီလိုမျိုး တွေးမိပေမယ့် တကယ့်လက်တွေ့ဘ၀မှာတော့ စိတ်ဖိစီးမှုတွေကို ပေါ်ပေါက်စေတဲ့ computer တို့၊ အဝေးပြေးမြေအောက်ရထားတို့ကို အသုံးမပြုလို့ မရပြန်ပါဘူး။ အတတ်နိုင်ဆုံး လုပ်နိုင်တာလေးတစ်ခုကတော့ ကိုယ်ကိုယ်တိုင်က မဖြစ်နိုင်တာကို လုပ်နေတယ်ဆိုတာ သဘောပေါက်ပြီး၊ စိတ်ဖိစီးမှုတွေကို လျော့ချနိုင်တဲ့ နည်းလမ်းကို စဉ်းစားတာပဲ ဖြစ်ပါတယ်။

August 09, 2008

What born am i?

စောရနက္ခတ်နဲ့ ယှဉ်မွေးတာတို့၊ ဘာတို့ ကြားဖူးကြမယ် ထင်တယ်။ ကျွန်မကျ ဘာနက္ခတ်နဲ့ ယှဉ်မှန်းမသိပါဘူး။ ကျွန်မလက်နဲ့ထိရင် ပျက်တာချည်းပဲ။ ကျွန်မအစ်ကိုကြီးက ဆိုရင် ခဏခဏ ပြောဖူးတယ်။ ကျွန်မက ဖျက်ဆီးရေး Monster တစ်မျိုးပဲတဲ့။ ဟုတ်များနေမလားပဲ။ ငယ်ငယ်ကတည်းက ဘာလုပ်လုပ် ပျက်တာများကိုကိုး။ အိမ်မှာ ပစ္စည်း ၁၀ခုပျက်ရင် ၉ခုက ကျွန်မလက်ထဲမှာ ပျက်တာ။ ကျွန်မထင်တာတော့ ပျက်ခါနီးကိုင်မိလို့များလားလို့ပါ။ ပစ္စည်းတစ်ခုကို သူရော ကိုယ်ရော တူတူသုံးတယ်ဆိုအုံးတော့ ကျွန်မလက်ထဲက ပစ္စည်းပဲ အရင်ပျက်တာ၊ ပျောက်တာများတယ်။ ကြမ်းကြမ်းတမ်းတမ်းရှိလို့လားလဲ မသိပါဘူး။
တခါတခါဆို အဲဒီလို အပျက်ဓါတ်က ရက်ဆက်ကျတာ။ တခါတလေလည်း အကောင်းပါ။ ခုတလောတော့ အပျက်ဓါတ်လေးပြန်ကျနေပြန်ရော။

ပြီးခဲ့တဲ့ ရက်က ကျွန်မအရမ်းကြိုက်တဲ့ ကျွန်မရဲ့ ထီးအမည်း အရှည်လေး (ကျွန်မက ကျွန်မရဲ့ ကင်ဒိုဓါးရှည်လို့ ခေါ်ပါတယ်။ ) အဲဒါလေး ကိုင်းကျိုးသွားရော။ ဆောင်းမရတော့တော့ တော်တော်စိတ်မကောင်းဖြစ်သွားတာ။ ဒါတောင် ရုံးကလူတွေက ကျွန်မကို "ထီးပြောင်းလိုက်တာလား" မေးကြသေးတယ်။ မညှာမတာ။

နောက် ကျွန်မ ကျောပိုးအိတ်မှာ ချိတ်ထားတဲ့ သော့ချိတ်လေးပျောက်သွားတယ်။ အစ်မတစ်ယောက်လက်ဆောင်ပေးထားတာ။ ကျွန်မသော့ချိတ်တွေက ခဏခဏတော့ ပျောက်တတ်ပါတယ်။ ဒါပေမယ့် ဒီသော့ချိတ်လေးက အရမ်းကြိုက်လို့။ စိတ်မကောင်းဖြစ်နေတာ။

ကဲ ဒီနေ့ရောက်ရော။ မနက် အိမ်မှာ Computer သုံးဖို့ ဖွင့်ပါတယ်။ Virus Scan လုပ်တုန်းရှိသေး ရပ်သွားပြီး Restart ပြန်ချတော့ Window ပြန်မတက်တော့ဘူး။ ကျွန်မ computer လေးကတော့ ခပ်စုတ်စုတ်ပါပဲ။ ကျွန်မခိုင်းသမျှလည်း မညည်းမညူလုပ်ပေးရှာတာပါ။ ကျွန်မကသာ ခုတလော သူနေမကောင်းတာ သိရက်နဲ့ ဟို Software တင်  ဒီSoftwareတင် လုပ်နေတာ။
ထူးခြားတာတစ်ခုရှိတယ်။ computer ကလေ တခါမှ အစ်ကိုတွေ သုံးတုန်းပျက်တာမရှိဘူး။ ပျက်ပြီဆို ကျွန်မလက်ထဲချည်းပဲ။ အဲဒါကြောင့် ကျွန်မပဲ ဖျက်ဆီးရေး သမားဖြစ်နေတာ။ ဒီနေ့လည်း တိုက်တိုက်ဆိုင်ဆိုင် ပျက်ပြန်ရော။

ဒါနဲ့ စိတ်ညစ်ညစ်နဲ့ပဲ သင်တန်းကို ထွက်လာလိုက်တာ။ ကားကမှတ်တိုင်ကျော်သွားပြန်ရော။ ကားတဆင့်ပဲစီးချင်တာရော၊ လမ်းလျှောက်ရတာ ကြိုက်တာရော ကြောင့် အဲဒီလမ်းကြောကို ရွေးထားတာ။ ဆင်းနေကျမှတ်တိုင် ဆင်းရင်တောင် သင်တန်းရောက်ဖို့ 15 မိနစ်လောက် အချိန်ယူရပါတယ်။ ဒီနေ့တော့ အချိန်က ကပ်နေရတဲ့ကြားထဲ။ ကျွန်မအတွေးလွန်နေတာနဲ့ ကျော်ရော မှတ်တိုင်က။ အသည်း အသန် လမ်းပြန်လျှောက်ရရော။

မိုးကာတစ်ဘက်နဲ့ ဖရိုဖရဲ ပြေးရင်းတန်းလန်း လွယ်ထားတဲ့ကျောပိုးအိတ်က ကြိုးပြတ်ကျပါလေရော။ စိတ်ညစ်သွားတာပဲ။ ဒီလိုနဲ့ သင်တန်းရောက်တယ်။

သင်တန်းပြီးတော့ သူငယ်ချင်းတွေနဲ့ မုန့်တီသောက်မယ် ဆိုပြီး သောက်နေကျ ဆိုင်သွားတာ။ ထူးထူးဆန်းဆန်းပိတ်ထားတယ်လေ။ ဒါနဲ့ အဲဒီအစ်မတွေကပဲ အိတ်ကပြုတ်သွားတဲ့ ကွင်းလိုက်ရှာပေးတယ်။ ကျွန်မကတော့ ကျောပိုးအိတ်လေး ပိုက်ထားရတာပေါ့။ ဟိုနားမှာ ရှိတယ် ဆိုလို့ သွားရင် ဆိုင်ပိတ်တာနဲ့။ ဒီနားဆိုရင် မရှိတာနဲ့။ အစ်မတွေလည်း သွားစရာရှိတာနဲ့။ " ဆု နင် ဘုရားမရှိခိုး လာဘူးထင်တယ်" တဲ့။ ဘယ်ဟုတ်မလဲ။ ဥပုသ်နေ့မို့။ တရားတောင်နာခဲ့သေး။ ကံကိုမကောင်းတာ။ သူတို့ကလည်း " နင်ခုတလော ဟိုဟာတလွဲလုပ်လိုက် ဒီဟာတလွဲလုပ်လိုက်နဲ့ ဟိုပျောက်ဒီပျက်နဲ့၊  နင်အိမ်ပြန်တော့တဲ့" ။ နောက်နေ့မှ ရှာပေးမယ်တဲ့။

ဒါတောင် ကျွန်မက ခေါင်းမာမာနဲ့ပဲ ကျွန်မသိတဲ့ အိတ်ပြင်တဲ့ဆိုင်ကို တကူးတက သွားတာတောင်။ ဖြစ်ချင်တော့ ဆိုင်ပိတ်ပြန်ရော။ ဥပုသ်နေ့ကိုး။

ဒါနဲ့များတောင် အိမ်မပြန်သေးဘဲ အင်တာနက်ဆိုင်မှာ ခုထိ။

နောက်ထပ် ဘာတွေဖျက်ဦးမယ်တော့ မသိသေးဘူး။ ခပ်ကြောက်ကြောက်ပဲ။

ဘာနက္ခတ်နဲ့များယှဉ်မွေးပါလိမ့်။

Poem & Thought

ဇာတ်သိမ်းပိုင်း

မွှေးမြစွာ
ပွင့်ပြဖို့ မရည်ရွယ်ပါဘူး။

မြေကြီးထဲ
ဆန့်ထုတ် ကုတ်ခြစ်
အမြစ်ပမာ
ချစ်နေရုံ

ငါက
အမှိုက်တစ်စဖြစ်ခဲ့လည်း
မင်းရှင်သန်လှပဖို့
မြေသြဇာဖြစ်ချင်သူ

နောက်ဆုံးတိုင်
မင်းကကြွားကြွားဝင့်ဝင့်ပွင့်ပါ
ငါက မြေကြီးထဲနက်နက်
ဖြန့်ကြက်ချိတ်တွယ်ရုံနဲ့
တစ်ဘ၀စာ ဖူလုံခဲ့ပါပြီ။

မွန်းအိမ်

/* တနေ့က ကျောင်းစာအုပ်အဟောင်းလေးတစ်အုပ်ထုတ်တာ စာအုပ်နောက်ဆုံးမှာ ဒီကဗျာလေးကို တွေ့တယ်။ ဘယ်က ဘယ်တုန်းက ကူးထားမှန်း မမှတ်မိဘူး။  ကြိုက်လို့ကူးထားတာ နေမှာ။
ခုတော့ ဒီလိုတွေးမိတယ်။ အဲဒီလို အမှိုက်တစ်စ ဖြစ်ခွင့်ရဖို့တောင် မလွယ်တဲ့အခါတွေရှိပါတယ်။ တကယ်တော့ မြေသြဇာဖြစ်ခွင့်ရတာ၊ အမှိုက်လေးဖြစ်ခွင့်ရတာ၊ လှေကားထစ်လေး ဖြစ်ခွင့်ရတာ၊ သူ့ဘ၀မှာ အမှုန်တစ်မှုန်လောက် အနေနဲ့ပဲဖြစ်ဖြစ် ကိုယ်ပါခွင့်ရတာမျိုးပေါ့။ အဲဒါမျိုးဆိုရင်တောင် တော်တော်ကျေနပ်စရာကောင်းလှပါပြီ။ ခပ်လှမ်းလှမ်းက လူမသိသူမသိတွေလည်း ရှိသေးတာကိုး။
ဘာရယ်တော့ မဟုတ်ပါဘူး။ ဒီလိုပဲ တွေးမိတာပါ။
*/

July 23, 2008

Help me !!!

I can't enter to my home.

အင်တာနက် သုံးဖို့ အချိန်လည်း သိပ်မရှိ။ ပိုက်ဆံလည်းသိပ်မရှိတဲ့ အထဲမှာ သုံးနေကျဆိုင်က blogger ၀င်မရဖြစ်နေတယ်။ Freedom ကိုလည်း သုံးမရဖြစ်နေလို့။  ပို့စ်အသစ်လည်း မတင်ဖြစ်သလို ကိုယ့်အိမ်တောင်ဘာဖြစ်နေမှန်းမသိတော့ဘူး။ ခုတောင် မေးလ်ကနေတင်ကြည့်မလို့။ :D

အခုတလော ဘာလို့မှန်းမသိ ခဏခဏ ဆာနေတာပဲ။  အရမ်းစား အရမ်းအိပ်ပြီး။ အရမ်း ၀လာလို့။ ဘယ်လိုလုပ်ရမလဲ။ ကူညီကြပါဦး။
အရမ်းကိုစားချင်နေတာ။ နောက်တာမဟုတ်ဘူးနော်။ တကယ်ကိုဆာတာ။ မနက်(၆)နာရီမှာ အမေကျွေးတဲ့မနက်စာစားတယ်။ အမေကလည်း ဆာတယ်ပြောလို့ မနက်စာကို ကော်ဖီ၊ မုန့် အပြင် ထမင်းကြော်ပါ ကျွေးလိုက်တာပါ။ (၇)နာရီခွဲကနေ (၉)နာရီခွဲအထိ သင်တန်းတက်တယ်။ သင်တန်းပြီးတာနဲ့ ဆာပြီ။ မနက်စာ မစားခဲ့တဲ့သူတွေ မုန့်ဟင်းခါးစားတာကို တူတူလိုက်စားလိုက်တယ်။ (၁၁)နာရီခွဲဆို ထမင်းစားပြီ။ ပြီးရင် (၁)နာရီခွဲဆို သင်တန်းသွားရပြန်တယ်။ လမ်းမှာစားတယ်။ (၄)နာရီခွဲ ပြီးတာနဲ့ တော်တော်ဆာလာပြီ။ အိမ်တန်းပြန်ရင်လည်း ရောက်တာနဲ့ စားတာပဲ။ ညရောက်ရင် လက်ဖက်သုတ်တို့ ဘာတို့လည်း စားချင်သေးတယ်။ ဒါရုံးမှာ သောက်သောက်နေတဲ့ ကော်ဖီတွေမပါသေးဘူး။ အပြင်မှာလည်း ပိုက်ဆံရှိရင် ရှိသလိုစားတယ်။ ခုတလော နေ့တိုင်းစားဖြစ်နေတာက ရခိုင်မုန့်တီ။ အရင်က ဒီလောက်မကြိုက်ပါဘူ။ ခုမှ နေ့တိုင်းကို စားချင်နေတာ။
ဆာတယ်။ ဆာတယ်။ ဘယ်လိုလုပ်ရမလဲဟင်။
စားပြီးတိုင်းလည်း အိပ်ချင်လာသေးတယ်။ ဟင်း တိုးတက်လာတော့မယ်နော်။
ကယ်ကြပါ။
ပြောရင်းတောင်ဆာလာပြီ။ သွားတော့မယ်။ သွားတော့မယ်။

July 13, 2008

Testing

Testing from Mail.

Our Land Vs Leaver


ရေခံမြေခံကောင်းရဲ့
အသီးအပွင့်ဝေဆာရက်နဲ့
အကျိုးဖြစ်ထွန်းမလာတာ
ကံကြမ္မာကြောင့်တော့ မဟုတ်လောက်ဘူး။

အမှောင်ချခံထားရတဲ့ ထက်မြက်မှုတွေကြား
ကန့်သတ်ခံထားရတဲ့ လှေကားထစ်တွေကြား
နောက်ပြန်မလှည့်မယ့် ခြေလှမ်းတွေနဲ့ ဦးနှောက်ယိုစီးမှုတွေ။

ဆက်ရန်...

Excessive Wrapping

အလွန်အကျွံထုပ်ပိုးခြင်း

ကုန်တိုက်များ၊ ဈေးဆိုင်များ၌ ဈေးဝယ်ကြရာတွင် ၀ယ်ယူသောပစ္စည်းများကို ဆိုင်မှ စက္ကူဖြင့်ထုပ်ပိုးပေးသည်။ တဖန် ပလတ်စတစ်အိတ်တွင် ထည့်သည်။ စက္ကူနှင့် ပလတ်စတစ်များကို အထပ်ပေါင်းများစွာ အသုံးပြုသည့် အခါမျိုးလည်း ရှိသည်။ ထိုသို့အထပ်ထပ်ထုပ်ပိုးခြင်းသည် ကျွန်တော်တို့အတွက် မထူးဆန်းသော ဖြစ်ရိုးဖြစ်စဉ် သာမန်ကိစ္စဟုသာထင်ကြသည်။ သို့သော် ထိုစက္ကူများ၊ ပလတ်စတစ်များသည် အမှန်တကယ် လိုအပ်ပါသလား။ အိမ်သို့ပြန်ရောက်ပြီး ၀ယ်ယူလာသောပစ္စည်းများကို ထုတ်ယူသည့်အခါ အိမ်ရှိအမှိုက်ခြင်းသည် စက္ကူများ၊ ပလတ်စတစ်များဖြင့် ပြည့်လာတော့သည်။

ယခုအတောအတွင်း အမှိုက်ကိုလျော့ချရအောင် ဆိုသောအတွေးအကြံသည် အားကောင်းလာခဲ့သည်။ ထုပ်ပိုးစက္ကူများ၊ ပလတ်စတစ်အိတ်များသည် များပြားသောအမှိုက်ကိုဖြစ်လာစေသည် ဟုဆိုသည်။ ထို့ကြောင့် ကုန်တိုက်များတွင်လည်း ထိုသို့ အလွန်အကျွံထုပ်ပိုးခြင်းကို တစတစလျော့ချလာကြသည်။ ကုန်တိုက်ကြီးများတွင် အမျိုးမျိုးသော တီထွင်ပြောင်းလဲမှုများကို စတင်လာခဲ့ကြသည်။ တခုသောကုန်တိုက်သည် ဈေးဝယ်လာသည့်အခါ မိမိကိုယ်ပိုင်အိတ်ကို ယူဆောင်လာလျှင် ကဒ်ပြား၌အမှတ်အသားလုပ်ပေးပြီး၊ ထိုအမှတ်အသားများပြည့်လာလျှင် အခမဲ့ဈေးဝယ်ခွင့်လက်မှတ်နှင့် လဲပေးသည်။ တခြားကုန်တိုက်တခုတွင်မူ ပြန်လည်အသုံးပြုထားသောစက္ကူ(recycled paper) ဖြင့်ပြုလုပ်ထားသော အိတ်များကို အသုံးပြုလာသည်။ ထို့ပြင် အ၀တ်ဖြင့်ပြုလုပ်ထားသော ဈေးဝယ်အိတ်များကိုလည်း ရောင်းချလာကြသည်။

ကျွန်တော်တို့သည် ကုန်တိုက်စသည့်နေရာများတွင် ဈေးဝယ်သည့်အခါ "ပလတ်စတစ်အိတ် မလိုပါ" ဟု တစ်လတစ်ကြိမ်သာ ပြောလျှင်ပင် တစ်နှစ်ကြာသည့်အခါ သန်းပေါင်းများစွာသောအိတ်များကို အသုံးမပြုဘဲချန်ထားဖြစ်လိမ့်မည်။ အလွယ်ကူဆုံးသော ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းပင် ဖြစ်သည်မဟုတ်ပါလား။ ။

July 08, 2008

မိုးပျံပူဖောင်း

ဂျပန်နိုင်ငံ အနောက်ပိုင်း ကမ်ဆိုင်ဒေသရှိ မူလတန်းကျောင်းတစ်ကျောင်းတွင် ပျော်ပွဲရွှင်ပွဲများ၌ မိုးပျံပူဖောင်း လွှတ်တင်ခြင်းကို ရပ်ဆိုင်းထားခဲ့သည်။

အပြာရောင်ကောင်းကင်သို့ လွင့်တက်သွားသော မိုးပျံပူဖောင်းကို ကြည့်ရှုရခြင်းသည် ကလေးများအတွက်သာမက လူကြီးများအတွက်ပါ စိတ်ကြည်နူးဖွယ်ရာ ကောင်းလှသည်။ သို့သော် မကြာသေးခင်က ထိုမိုးပျံပူဖောင်းများသည် ပြသနာများကို ဖြစ်ပေါ်စေကြောင်း တွေ့ရှိခဲ့ကြသည်။ မိုးပျံပူဖောင်းများသည် ထင်ထားသည်ထက်ပိုဝေးဝေးသို့ လွင့်သွားကြပြီး မည်သည့်နေရာတွင် အောက်သို့ကျမည်ကို မသိနိုင်ကြပေ။ ပင်လယ်ရေ မျက်နှာပြင်ပေါ်တွင် ပြုတ်ကျနေသော မိုးပျံပူဖောင်းများကို ဝေလငါး၊ လိပ် စသော သတ္တ၀ါများက စားမိကြရာ အစာအိမ်၊ အူ တို့တွင် မိုးပျံပူဖောင်းပိတ်ဆို့၍ သေကြရသော ကိစ္စများကိုလည်း အများအပြားတွေ့ရှိခဲ့ရသည်။

ထိုမူလတန်းကျောင်းတစ်ခုတည်းတွင်သာမက မိုးပျံပူဖောင်း လွှတ်တင်ခြင်းနှင့် ပတ်သက်၍ အမျိုးမျိုးသော ပြောဆိုမှုများသည် ဆက်လက်ဖြစ်ပွားနေသည်။ သေးငယ်သောကိစ္စဖြစ်သော်လည်း ပတ်ဝန်းကျင်ပျက်စီးခြင်းနှင့် ပတ်သက်မည်ဆိုလျှင် မိုးပျံပူဖောင်းလွှတ်တင်ခြင်းကို ရပ်ဆိုင်းသင့်သည်ဟု ပြောဆိုကြသူများရှိသည်။ ပို၍ကြီးမားသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဘက်က စဉ်းစားသင့်သည်ဟု ဆိုသောလူများရှိသကဲ့သို့ ကလေးများ၏ စိတ်ကူးအိမ်မက်ဖြစ်သည့်အတွက် ချန်လှပ်ထားသင့်သည်ဟု ပြောဆိုကြသူများလည်း ရှိကြသည်။

သေချာသည်မှာ ကလေးဘ၀၌ ပန်းမျိုးစေ့၊ စာ စသည်တို့ကို မိုးပျံပူဖောင်းတွင် ချိတ်ဆွဲလိုက်ပြီး ထိုအရာများကို ကောက်ရသူတစ်ဦးဦးထံမှ ပြန်စာလာနိုးနိုးနှင့် နေ့တိုင်းစောင့်မျှော်ခဲ့ကြဖူးသည်။ သို့သော်လည်း ထိုသို့ ပြန်စာလာသော ကိစ္စမျိုးကိုမူ တခါတရံမျှ မကြားဖူးချေ။ ထိုမိုးပျံပူဖောင်းများသည်သာ မည်သည့်နေရာတွင် မည်သည့်ပြသနာကို ဖြစ်စေမည်ဟု မသိနိုင်ကြပေ။ ။


/* ကျွန်မသင်တန်း Text Book ထဲက စာပိုဒ်လေးတွေပါ။ ဒီလိုပဲ နောက်လည်း ကြိုက်တဲ့စာပိုဒ်တွေကို တင်သွားပါ့မယ်။ ဘာသာပြန်ထားတာ ထောင့်နေရင်တော့ ကျွန်မညံ့လို့ပါ။ သည်းခံပြီး ဖတ်ပေးပါဦး။ */

ညီမလေးရဲ့ကစားကွက်

ကျွန်တော့်ရဲ့ ဆင်ခြင်တုံတရားနဲ့
သူမရဲ့အစဉ်အလာ ကွယ်ဝှက်ခြင်းမှာ
နားလည်မှုပါးပါးလေး ခြားနားနေတယ်။

ကျွန်တော်က အိမ်မက်တွေစီးဝင်လာဖို့
ညရေးတွေပျိုးလိုက်တဲ့အခါ
သူမက ကျားကွက်တွေ ရွှေ့ရွှေ့သွားတယ်။

ကျွန်တော်က သူမအတွက်
ဖိနပ်တစ်ရံလို ကျင့်ကြံခဲ့ပါတယ်။

သူမက ဖိနပ်လှလှကလေးတွေကို အရံလဲစီးချင်သူပါ။
ပြတ်ခဲလှတဲ့
ကျွန်တော့်ရဲ့သံယောဇဉ်သည်းကြိုးကလေးကိုလည်း
သူမက ငြူစူစောင်းမြောင်းတတ်ပါတယ်။

ကျွန်တော်ကလည်း
ချည့်နဲ့ခွေယိုင်စွန့်ပစ်ခံဘ၀က
ဖိနပ်အဟောင်းလေး ဖြစ်နေတာတောင်
သူမရဲ့ခြေသံတွေကို
ရင်ခုန်နေဆဲပါ။ ။

မိုသျှန်း

/* ကဗျာဆရာ မိုသျှန်းရဲ့ ကဗျာစာအုပ်ထဲက ကဗျာလေးတစ်ပုဒ်ပါ။ ကြိုက်လွန်းလို့။ */

July 06, 2008

I am a Bad Listener


You Are a Bad Listener



Let's be honest, what you really get out of conversations is listening to yourself talk.

But listening to other people? Not so much!

And while you may be much more interesting than the people you talk to, it wouldn't hurt to show some interest.

People will stop listening to you once they figure out you're not listening to them


မှန်လိုက်တာနော်။ ကျွန်မရဲ့ အားအနည်းဆုံးအချက်က နားထောင်တတ်တာလေ။ သူများခံစားချက် သိပ်နားမထောင်တတ်တဲ့ အထဲမှာ ကျွန်မက ရှေ့ဆုံးက ပါပါတယ်။ ခုနောက်ပိုင်း ကြိုးစားနေပါတယ်။ ပြောင်းလဲနိုင်အောင်ပါ။

သူငယ်ချင်းတို့်လည်း စမ်းကြည့်ကြပါဦး။ Are You a Good Listener?

ံMy Independent level


Your Independence Level: Medium



In some aspects of your life, you can be very self reliant.

Making your own informed choices feels great.

But you aren't as independent as you could be.

When things get stressful, you sometimes run away from the hard decisions you need to make.

ZeroTrash ဆီက တွေ့လို့ စမ်းကြည့်တာပါ။ စမ်းကြည့်ကြပါဦးနော်။ How Independent Are You?

July 05, 2008

Birthday Present for me

သူငယ်ချင်းမ

အတိတ်ကာလ
ပြန်ပြောင်းသစ်သော်...

ပျိုရွယ်နုတဲ့
၈တန်းကာလ
ထ.၆ ၀ယ်
စိတ်ချင်းယှဉ်တွဲ
အပြုံးမပျက်
လက်တွဲမြဲခဲ့။ ။

၉တန်း၊ ၁၀တန်း
အထက်တန်းဝယ်
ကိုယ်လျှောက်မည့်လမ်း
ကိုယ်ဖောက်ကြရင်း
ခင်မင်မပျက်
စာတွေကျက်ကြ
(ငါနဲ့)
သူငယ်ချင်းမ။ ။

ရှေးရေစက်ကြောင့်
ဘ၀တက်လမ်း
တဆင့်လှမ်းတဲ့
ကျောင်းတက္ကသိုလ်
IT မြေမှာ
အတူတွဲခဲ့ကြ
(ငါနဲ့)
သူငယ်ချင်းမ။ ။

မြင်သူချင်ခင်
ဥာဏ်ထက်ထက်နှင့်
မိန်းမ EC
EC မိန်းမ
ခေါ်ခဲ့ကြ
(ငါ့ရဲ့)
သူငယ်ချင်းမ။ ။

ပျော်စရာသတင်း(အတင်း)စကားများကို
သူ၊ငါ အလုအယက်ပြောတဲ့
ဖော်သဟာရောင်းရင်းများနဲ့
တောင်တက်၊ ဂူဝင်
သွားခဲ့ကြ
(ငါနဲ့)
သူငယ်ချင်းမ။ ။

အားနွဲ့သူကို
ဖေးမကူကာ
အစဉ်သာ
တက်ကြွ
(ငါ့ရဲ့)
သူငယ်ချင်းမ။ ။

ပကာသန
ဂုဏ်ပြိုင်ဖက်မူ
တုံ့ပြန်မှုကင်း
မာနရှင်းတဲ့
(ငါ့ရဲ့)
သူငယ်ချင်းမ။ ။

ခေါင်းလောင်းသံတိတ်
ကျောင်းတွေပိတ်စ
ရင်မှာသတိရ
(ငါ့ရဲ့)
သူငယ်ချင်းမ။ ။

ဘ၀လျှောက်လှမ်း
ချောမွေ့ဖို့ရာ
မခွဲချင်ဘဲ
ခွဲခဲ့ရ
(ငါနဲ့)
သူငယ်ချင်းမ။ ။

ရာသီကုန်ဆုံး
နှစ်တွေပြုန်းလည်း
အစဉ်သာတမ်းတ
ရင်မှာလွမ်းရတာ
(ငါ့ရဲ့)
သူငယ်ချင်းမ။ ။

/* ဒီမနက် စာတိုက်ကနေ ရောက်လာတဲ့ ကျွန်မရဲ့ အချစ်ဆုံးသူုငယ်ချင်း ပို့လိုက်တဲ့ကဗျာလေးပါ။ ကဗျာတွေ ၀ါသနာမပါဘဲနဲ့ ကျွန်မအကြိုက်လိုက်ပြီး သူကြိုးစားရေးထားတာနေမှာ။ မွေးနေ့လွန်ပြီးမှ ရောက်လာပေမယ့် အရမ်းဝမ်းသာခဲ့ရပါတယ်။ ဖတ်ကြည့်ပါ။ ရေးနေကျမဟုတ်လို့ ဖတ်လို့မကောင်းလှပေမယ့် အမှတ်တရ အနေနဲ့တင်ထားလိုက်တာပါ။ */

သူမနဲ့ကျွန်မဟာ ၁၉၉၅ ကျွန်မတို့ (၄)တန်းကျောင်းသူဘ၀ကစသိခဲ့ပြီး၊ (၈)တန်းကျောင်းသူဘ၀ကစလို့ တတွဲတွဲမခွဲပဲ ရှိခဲ့တာပါ။ တက္ကသိုလ်တက်တော့လည်း တူတူဆိုတော့ အတိုင်းထက်အလွန်ပေါ့။ ကျွန်မမျက်လုံးတချက်အကြည့်နဲ့တင် ကျွန်မဘာပြောချင်လဲ ဆိုတာ သိနေတဲ့သူပါ။ တက္ကသိုလ်တက်တဲ့ ကာလတလျှောက် ကျွန်မရဲ့ နာမည်ပြောင် 'ဂျက်လီ' နဲ့တွဲပြီး၊ သူ့ကိုပါ '၀မ်ချင်းပေါင်' လို့ ခေါ်ခဲ့ကြပါတယ်။
သူမကို ၂၀၀၆ အောက်တိုဘာလောက်မှာ ထားခဲ့ပြီး၊ ရန်ကုန်ကို ကျွန်မလာခဲ့လိုက်တာ။ ဒီကြားထဲ နှစ်ခေါက်ပဲပြန်ဖြစ်ပါတယ်။ အရမ်းချစ်ပေမယ့် ဖုန်းအဆက်အသွယ်လည်း မရှိပါဘူး။ စာလည်းအလွန်ရှားပါတယ်။ ဒါပေမယ့် ရင်ထဲမှာအမြဲရှိမှန်း သူမရော ကျွန်မပါ သိပါတယ်။

July 04, 2008

ငြိတွယ်ခြင်း

ယုံချင်ယုံ မယုံချင်ရင်လည်း ပုံပြင်မှတ်ပါ။
ခပ်တုံးတုံးကောင်မလေးတစ်ယောက်နဲ့ ဓါးတစ်လက်အကြောင်း။ ဆက်ဖတ်မယ်ဆိုရင်တော့ အဖြေတစ်ခုကို ရွေးပေးရလိမ့်မယ်။

တခါတုန်းက ငတုံးမလေးတစ်ယောက်က မထင်မှတ်ဘဲတွေ့တဲ့ဓါးတစ်ချောင်းကို မရည်ရွယ်ဘဲ နှလုံးသားတည့်တည့်မှာ သိမ်းထားမိတယ်။ အဲဒီဓါးက တနေ့တခြား သူ့ နှလုံးသားထဲ နစ် နစ် လာတယ်။ တနေ့ထက်တနေ့ ဒဏ်ရာကြီးလာတာနဲ့အမျှ အဲဒီဒဏ်ရာကို တွယ်ငြိတဲ့စိတ်လည်း တနေ့တခြား အမှတ်မထင်ကြီးကြီးလာတယ်။

ဒီဓါးကိုပြန်ဆွဲထုတ်မယ်ဆိုရင် သွေးစိမ်းရှင်ရှင်ထွက်လိမ့်မယ်။ ဒဏ်ရာရမယ်။ ဒါပေမယ့် တချိန်ရောက်ရင်တော့ အဲဒီဒဏ်ရာကျက်လိမ့်မယ်။ အမာရွတ်တော့ ကျန်ကောင်းကျန်နိုင်မှာပေါ့။ ဒဏ်ရာကျက်ဖို့ အချိန်အတိုင်းအတာ ဘယ်လောက်ယူရမယ်ဆိုတာတော့ ဓါးကှိုဆွဲထုတ်ပြီးမှ တွက်ချက်နိုင်မယ်။ ကံကောင်းရင် နှစ်အနည်းငယ်ပေါ့။ ကံနည်းနည်းဆိုးရင်တော့ အသက်ရှုသရွေ့ အနာရင်းနေဦးမှာပဲ။ ။ ဘေးထွက်ဆိုးကျိုးအနေနဲ့ ဆွဲထုတ်ပြီးပြီးချင်းမှာလည်း ဟာတာတာခံစားမှုက ဆိုးရွားနိုင်တယ်။

အဲဒီဓါးကို ပြန်မထုတ်ဘူး။ ဒီအတိုင်းထားထားမယ်ဆိုပါတော့။ ဘယ်ဘက်ရင်ဘတ်က အမြဲတမ်းအောင့်လိမ့်မယ်။ တချို့သောအခိုက်အတန့်တွေမှာ အသက်ရှုမရလောက်အောင်ဖြစ်လိမ့်မယ်။ ဓါးကြောင့်ရတဲ့ နာကျင်မှုအပြင် နောက်ထပ်လည်း ဘယ်ခံစားမှုကိုမှ ခံစားလို့ရမှာမဟုတ်ဘူး။ အသက်ရှင်သရွေ့ ရှိမယ့်ဒဏ်ရာပေါ့။

ကဲ.. ဒီဓါးကိုဆွဲထုတ်သင့်သလား။ ဒီအတိုင်းထားသင့်သလား။ နှစ်လမ်းပဲရှိတာနော့။ တစ်လမ်းတော့ရွေးပေးရလိမ့်မယ်။

ဆုတောင်း

God grant me
the serenity to
accept the things
I can not change,
courage to change
the things I can,
and wisdom
to know the difference
(Anonymous)
ကျွန်ုပ်အား ဘုရားသခင် ပေးသနားတော်မူပါ။
ကျွန်ုပ်မပြောင်းလဲနိုင်သောအရာများကို
လက်ခံရန် တည်ငြိမ်အေးဆေးသည့်စိတ်၊
ကျွန်ုပ်ပြောင်းလဲနိုင်သောအရာများကို
ပြောင်းလဲရန် ရဲရင့်သည့်သတ္တိ၊
ထို့ပြင် ထိုနှစ်မျိုး၏ခြားနားမှုကိုသိရန် ဥာဏ်ပညာ
ကျွန်ုပ်အား ဘုရားသခင် ပေးသနားတော်မူပါ။
(အမည်မသိ)
င်္/* ဂျူး ။ တိမ်နဲ့ချည်တဲ့ကြိုး။ စာမျက်နှာ(219) */

စဖတ်မိကတည်းက သိပ်သဘောကျခဲ့တာ။ ခဏခဏလည်း သတိရမိတတ်တယ်။ စိတ်တွေရှု့ပ်ထွေးလာတဲ့အခါမျိုးမှာပေါ့။ အပြောင်းအလဲကိုကြောက်လို့ ရှောင်ချင်တဲ့ဇောနဲ့ ဒါတော့ ငါလုပ်နိုင်တာမဟုတ်လောက်ဘူး ဆိုပြီး သတ်မှတ်ပစ်တတ်တဲ့အခါမျိုး၊ မဖြစ်နိုင်လောက်တဲ့အရာကို ငါလုပ်မှ ဆိုပြီး စိတ်တပင်တပန်းနဲ့ လုပ်တတ်တဲ့အခါမျိုး။

"မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။ မဖြစ်လာသေးတာပဲ ရှိတယ်။" လို့ပြောတတ်ကြတယ်။ ကျွန်မကတော့ အရာအားလုံးမှာ 'ချွင်းချက်' ရှိတယ်လို့ လက်ခံထားတယ်။ 'မဖြစ်ဘူးဆိုတာမရှိဘူး' မှာလည်း ချွင်းချက်ရှိကိုရှိတယ်။ ဒီတော့ 'မဖြစ်ဘူးဆိုတာလည်းရှိတတ်တယ်' ပေါ့။ အဲဒီမှာလည်း ချွင်းချက်ရှိတော့ 'မဖြစ်နိုင်ဘူးဆိုတာလည်းရှိတတ်တယ်ဆိုတာမရှိဘူး' ပေါ့။ အဲဒီမှာလည်း ........ ကဲ

အဲဒီလိုမျိုး ခံယူထားတော့ ဘယ်တုန်းကမှ ရရမယ် တို့၊ ဖြစ်ရမယ် တို့ မရှိဘူးပါဘူး။ ဒါတောင် တခါတခါ ခံစားရသေးတယ်။ အဆိုးဆုံးက ကိုယ်မတတ်နိုင်တဲ့ ကိစ္စမျိုးတွေမှာပေါ့။ ကိုယ်လုပ်နိုင်ရက်သားနဲ့ မလုပ်တာ၊ ဖြစ်မလာတာတွေက ကိုယ့်အပြစ်လို့ ကိုယ့်ဘာသာအပြစ်တင်လို့ရပေမယ့် ကိုယ်ကြောင့်မဟုတ်၊ ကိုယ်လည်း လုပ်လို့မရတဲ့ကိစ္စမျိုးနဲ့ ကြုံခဲ့ရင် အရင်ဆုံး တည်တည်ငြိမ်ငြိမ်နဲ့ လက်ခံနိုင်ဖို့ လိုတယ်။

နောက်တစ်ခုက ပြောင်းလဲရဲတဲ့သတ္တိ။ ကျွန်မမှာ အလိုအပ်ဆုံးအရာပါ။ ကျွန်မက အပြောင်းအလဲမြန်တယ်ထင်ရပေမယ့် တကယ်လိုအပ်တဲ့နေရာတွေမှာ အပြောင်းအလဲလုပ်ဖို့ သိပ်ကြောက်ပါတယ်။ ကိုယ်ပြောင်းလဲနိုင်တဲ့အရာတွေကို မြင်တတ်ဖို့ အရင်ဆုံး ပြောင်းလဲရဲတဲ့သတ္တိရှိရမယ်။

တခါတလေလည်း ကိုယ်ညံ့တာကို ၀န်မခံချင်လို့ ဒီလိုမျိုး စိတ်ဖြေလိုက်မိတာလား လို့လည်း တွေးမိတတ်တယ်။

July 01, 2008

Current

ခုတလောတော့ တနေကုန် စာကျက်ရတာပါပဲ။ မကျက်ချင်ချင် ကျက်ချင်ချင် ကျက်ကိုကျက်ရတာပါပဲ။ တနေကုန် စာသင်လိုက်၊ စာကျက်လိုက်၊ ပြေးလိုက်၊ လွှားလိုက်နဲ့။ ညပြန်ရောက်ရင် 8နာရီခွဲဆို မျက်လုံးက ပိတ်မယ်ဆိုတာချည်းပဲ။ စာမကြည့်ပြန်ရင်လဲ မနက်ရောက်တာနဲ့ တွေ့ရမယ့် ဆရာ့မျက်နှာပဲ အိမ်မက်ထဲထိ လာလာချောက်နေတယ်။ ဒါနဲ့ပဲ အိမ်မက်ထဲမှာပဲ စာကြည့်ရင်း၊ သင်တန်းမှာတော့ အဆင်ပြေသလို ဖောရင်း၊ ရမ်းရင်းနဲ့ ကြည့်စရာ စာအကြွေးတွေ ပိပိလာတယ်။
ပင်ပန်းတယ်။ ပင်ပန်းတယ်။ ညည်းရင်းနဲ့ ၀ိတ်ကလည်း တက်လာသေးတယ်။ အင်းလေ စိတ်ပိန်တယ်ပဲပြောတာပါ။ လူဝတာ အပြစ်မရှိလောက်ပါဘူး။
ဟိုစာ ဒီစာတွေလည်း မရေးဖြစ်ဘူး။ ပေါက်ကရရေးတာ အကျင့်ကပါတော့ အလုပ်ထဲမှာတောင် စာစီစာကုံးသဘောမျိုးရေးပြီး ထွက်ပြောခိုင်းတုန်းက အကျင့်ပါနေတဲ့အတိုင်း ကွန့်လိုက် ညွန့်လိုက်တဲ့သကာလမှာ ၀ိုင်းပြီး သြဘာပေးလိုက်တာ ဘာစာမှမရေးဖြစ်အောင်ပါပဲ။
ဘာပြောပြော ကြိုးစားပြီးတော့ အိမ်ထဲဝင်ဝင်ပြီး ဖုန်သုတ်ဦးမှပါ။

Birthday

မနေ့(30.6.08)က ရုံးမှာ June Born တွေအတွက် Birthday Party ဆိုပြီး လုပ်ပေးတယ်။ ကျွန်မအပါအ၀င် (၆)ယောက်၊ လက်တ၀ါးစာလောက် ကိတ်မုန့်လေး စားရပါတယ်။ မွေးနေ့ရှင် (၆)ယောက်တည်းပဲ စားရတာနော်။ MD တွေတောင်မပါဘူး။ :D ဒါကြောင့် ရန်တိုက်ပေးသလိုပဲရှင်။ အားလုံးလည်းပြီးရော၊ ဟိုလူက "စိတ်ဓါတ်လေးသိရတာပေါ့။" ဒီလူက "နင်ကဒီလိုလား"နဲ့။ အဖြစ်ကဒီလိုလေ။ လက်တ၀ါးစာ ကိတ်မုန့်လေးကို လိုက်ခွံ့တော့ လူဘယ်စေ့တော့မလဲ။ ဟိုဘက်စားပွဲ ဒီဘက်စားပွဲ အကူးမှာကို target မရောက်ခင် မုန့်က ကုန်ပြီ။ ကဲ..
ဘာဖြစ်ဖြစ်ပါ။ ပထမဆုံး ကိတ်လှီးဖူးတာပေါ့။ ဟဲဟဲ။ မွေးနေ့တုန်းကတော့ ကျွေးရမှာစိုးတာနဲ့ တိတ်တိတ်လေး အကျော်ခံခဲ့တာ လကုန်ကာမှ ပေါ်တော့တာပဲလေ။
အင်း ဘာလိုလိုနဲ့ 23 နှစ်ပြည့်ပြန်ပြီ။ မွေးနေ့မှာ တင်ဖို့ဆိုပြီး၊ Post တစ်ခုတော့ ရေးဖြစ်တယ်။ ဒါမဲ့ အိမ်ထဲဝင်လို့မရဖြစ်နေတာနဲ့ပဲ မတင်လိုက်ရဘူး။ ဘုရားတော့ တက်ဖြစ်လိုက်သေးတယ်။ ထူးထူးခြားခြားတော့ ဘာမှမလုပ်ဖြစ်ဘူး။ အဲ မနက်ခင်း သင်တန်းမှာတော့ အရင်ဆုံး စာအမေးခံခဲ့ရတယ်။ အဲဒီနေ့က June 18ပါ။

June 14, 2008

စိတ်ရှုပ်တဲ့အခါ

စိတ်ရှုပ်တဲ့အခါ ...
- လမ်းပိုလျှောက်သည်။ (လျှောက်စရာမရှိ ရှာကြံကို လျှောက်သည်။)
- ပိုအိပ်သည်။ (မျက်လုံးက မအိပ်ချင်ရင်တောင် ကြိတ်မှိတ်အိပ်သည်။)
- ပိုတွေးသည်။ (ဟုတ်တာရော။ မဟုတ်တာရော။ ဖြစ်နိုင်တာရော။ မဖြစ်နိုင်တာရော။)

June 02, 2008

Current

အသစ်မတင် ဖြစ်တာ တော်တော်ကြာပေါ့။ ဒီအတောအတွင်း ဖြစ်ပျက်တာတွေလည်းများတယ်။ စာတွေရေးဦးမယ်။ စိတ်ထဲမှာတော့ရှိတယ်။ ကြာသပတေးမှာ စာမေးပွဲဖြေရပါမယ်။
ကြိုးစားပါဦးမယ်။

ဘယ်သူမှမလာတဲ့ blog ကိုကိုယ့်ဘာသာပဲ လာပြီး သနားနေတယ်။

ဆားငန်ရေ


မျှော်လင့်ချက်တဲ့
တကယ်တော့
အခါခါသတ်မယ့် ဓါးတစ်ချောင်းပဲ။

ယုံကြည်ချက်တဲ့
အချိန်အခါစောင့်ရင်း
လည်ပင်းကို ကြိုးကွင်းစွပ်ဦးမယ်။

အိမ်မက်တွေ
မက်ရင်း မက်ရင်း
အမှောင်တွေက ဖုံးဖုံးလာတယ်။


အဲဒီဓါး
ထက်သထက် ထက်အောင်
ငါ ကိုယ်တိုင်သွေးတယ်။

အဲဒီကြိုး
ခိုင်သထက် ခိုင်အောင်
ငါ ကိုယ်တိုင်ကျစ်တယ်။

အဲဒီည
နက်သထက် နက်အောင်
ငါ ကိုယ်တိုင်စောင့်တယ်။

ကဲ..
တရားခံတော့ မရှာပါဘူး
ဒဏ်ရာ ဗရပွ ပေမယ့်
မိုက်မိုက်မဲမဲ ယစ်မူးဆဲ။ ။

April 30, 2008

Nothing

ဟိုလိုလို ဒီလိုလိုကို ရပ်ချင်လို့ ရပ်ထားတာ မဟုတ်ပါဘူး။ သုံးစရာ ပိုက်ဆံမရှိလို့ ထိကိုလာမထိရတာပါ။
အဆင်ပြေတဲ့နေ့တွေ အဆင်ပြေသလို လုပ်ပါ့မယ်။ နောက်ဆို လူတွေသိတောင်သိမှာ မဟုတ်တော့ဘူး။ စိတ်တော့မကောင်းဘူး။ တတ်နိုင်ဘူးလေ။ တတ်နိုင်ဘူး။ လုပ်သလို မဖြစ်တော့လည်း ဖြစ်သလိုလုပ်ရတာပေါ့။



April 17, 2008

2008

သင်္ကြန်တစ်နှစ်ပြီးပြန်ပြီ။ ရေလုံးဝမစိုတာ ဒီနှစ်နဲ့ပါဆို (၆)နှစ်ရှိသွားပါပြီ။ ဘယ်သူမှလဲ ရေလာမလောင်းဘူးလေ။ သူများကိုလည်း ရေမလောင်းရတာ (၆)နှစ်ရှိပြီ။
နောက်နှစ်သင်္ကြန်တော့ တယောက်ယောက်ကိုရေလောင်းချင်ပါတယ်။

April 11, 2008

သင်္ကြန်အစီအစဉ်

သင်္ကြန်မှာ... ။ ကျွန်မလား။ အရင်နှစ်တွေတုန်းက.. ။ နှစ်တိုင်းတနေကုန်ကောင်းကောင်း အိပ်တယ်ရှင့်။

ဒီနှစ် !!! ဒီနှစ်တော့ ဘယ်လိုအိပ်လို့ရမလဲရှင့်။ နဂိုကတည်းက ကျက်စရာရှိတဲ့စာတွေကို သင်္ကြန်ပိတ်ရက်အတွက် သိမ်းထားပါတယ်ဆိုနေကာမှ။ ခုတော့.. ကျက်တောင်ကျက်ဖြစ်ပါ့မလားပဲ။

အော်.. ဒီလိုလေ။ ခုကျွန်မ အလုပ်အသစ်တစ်ခု ၀င်နေတာသိတယ်မဟုတ်လား။ (၄)ရက်ပဲ ရှိပါသေးတယ်။ on job training ဆိုတဲ့အတိုင်း ခိုင်းသမျှလုပ်နိုင်အောင် သင်နေရတယ် ဆိုပါတော့။ ဘာမှမသင်ရသေးခင် အရင်ဆုံးပညာစမ်းတာလားတော့ မသိဘူး။ 24 April မှာ project presentation တစ်ခုပြရမယ်။ ဒီတော့ 21 မှာပြီးနေရမယ်လို့ သတ်မှတ်ထားပါတယ်။ Team နဲ့လုပ်ရတာပါပဲ။ ကံကဆိုးချင်တော့ ကျွန်မကျတဲ့ Team မှာကျွန်မနဲ့သိတဲ့လူလည်းမရှိ။ ခုမှတွေ့ဖူးကြတာ 3 ရက်ပဲရှိသေးတယ်။ ဒီတော့ ကျွန်မတို့ရဲ့ Group leader ခမျာမှာလည်း ဘယ်သူက ဘာကျွမ်းကျင်မှန်းမသိ၊ ဘာတာဝန်ခွဲပေးရမှန်းမသိ၊ မသိ၊ မသိတွေ ဖြစ်နေတာပေါ့ကွယ်။

ရှင်.....။ အဲဒါပြောတာလေ။ အဲဒါ။ ဒီတော့ ကျွန်မလည်း သူများ Group တွေကြား အရှက်တော်မကွဲရလေအောင် တတက်တအားတော့ ကြိုးစားရပေမပေါ့။

အာ.... မတတ်ပါဘူးဆိုမှဇွတ်လေ။ မလုပ်လို့ကလည်းမရတော့ မတတ်လည်းတတ်အောင်လုပ်ရမှာပေါ့။ ဒါကြောင့်ဆုတောင်းနေရတာပေါ့။ နေ့တိုင်းမီးလာပါစေလို့။ ဒါမှ ကာပြူတွန် ကိုခိုင်းလို့ရမှာလေ။

ဘယ်ကလာ၊ ဘယ်ကလာ။ သင်္ကြန် (5)ရက်သာ အိမ်မှာနေပြီး လုပ်ရမှာ။ ရေမပက်တော့တဲ့ ပိတ်ရက်တွေကျရင်တော့ Group လိုက်ဆုံပြီး လုပ်ရမှာတော့။ ဟီး ဟီး မဆုံချင်လည်းမရဘူးလေ။ ကြာသပတေးညနေ ပြန်တဲ့အချိန်မှာ သူများ Group တွေ အကြမ်းချပြီးတာတောင် ကျွန်မတို့က data တောင်မရသေးဘူးရှင့်။ ဒီတော့ ရှာဖွေ၊ စုဆောင်း ရဦးမှာပေါ့။ အပြင်မထွက်လို့ဘယ်ရမလဲ။

မဟုတ်ပါဘူး။ ကျွန်မတို့တွေရဲ့ အားနည်းချက်ပါ။ ကျွန်မတို့တွေက ကျောင်းတက်ခဲ့တဲ့ တောက်လျှောက် Team နဲ့ လုပ်ရတဲ့ အလုပ်က ရှားတယ်လေ။ ဒီတော့ Team Work အားနည်းတာလည်း အဓိကအချက်ပေါ့။

ဟာ.. စုထားတာပေါ့။ အစကတော့ သင်္ကြန်တွင်းအေးအေးဆေးဆေးဆိုပြီး။ သူများဆီက ဖတ်ချင်သမျှ စာအုပ်တွေကြိုငှားထားတာလည်းအများကြီး။ ebook တွေလည်း အများကြီးရထားကာမှ။ ခုတော့ ခုတော့။

ဟုတ်ကဲ့ပါ။ ဟုတ်ကဲ့ပါ။ အိမ်မှာတော့ အိမ်မှာပဲပေါ့ရှင့်။ အတတ်နိုင်ဆုံး စိတ်ကိုထိန်းပြီးနေရဦးမှာ။ အိပ်ချည်းမနေအောင်။ မီးလာရင်အလုပ်လုပ်ရမယ်။ မီးမလာရင်စာကျက်ရမယ်။

မော်လမြိုင်လား။ ပြန်ချင်တာပေါ့။ ဘယ်နှယ့်မေးပါလိမ့်။ သူငယ်ချင်းတွေက လာဖို့ချည်းပြောနေတာ။ စရိတ်ခံမယ့် သူတောင်ရှိသေး။ အင်း ကျွန်မတို့ရဲ့ မော်လမြိုင်သင်္ကြန်အကြောင်းရေးဦးမလို့။ မရေးဖြစ်ပါဘူးရှင်။ ရှုပ်နေတာနဲ့။ နောက်ကြုံမှပဲပြောတော့တာပေါ့နော်။

ခု2008 သင်္ကြန်ကတော့....
သူများပျော်လို့ မပျော်နိုင်။ ............ လို့မှိုင်။ ( ???? ဘယ်လိုပြောရမလဲရှင့်။)