February 26, 2009

Weak points and Good points

မနေ့က google groups တစ်ခုကို apply လုပ်တော့ မေးခွန်းသုံးခုမေးခြင်း ခံရပါတယ်။ ကိုယ့်ရဲ့ weak points နဲ့ good points ကိုသုံးချက်စီရေးပါတဲ့။

 

ရုတ်တရက် skip လုပ်လိုက်မယ် စိတ်ကူးပေမယ့် အဲဒီစိတ်ကူးနောက်မှာ ဘာလို့ငါမဖြေနိုင်တာလဲ ဆိုတဲ့အတွေးက ချက်ချင်းကပ်ပါလာပါတယ်။ ဒါနဲ့ပဲ ကျွန်မသေသေချာချာ စဉ်းစားပြီး၊ ဖြေလိုက်ပါတယ်။ ဒီလိုလေးပါ။

Weak point – (1)lazy (2)easy to change (3)difficult to change

Good point – (1)positive view (2)easy to forget (3)easy to believe

 

Weak points (1) lazy

ကိုယ့်ကိုကိုယ် အားမရဆုံးနဲ့ အားနည်းချက်လို့ အထင်ဆုံးက အပျင်းကြီးတာပါ။ ကျွန်မသိပ်ပျင်းပါတယ်။ လုပ်သင့်နေမှန်းသိရက် ပျင်းပြီးမလုပ်ပါ။ ကိုယ့်ကိုကိုယ်လည်း သိပ်သနားတတ်ပါတယ်။ ငါပင်ပန်းနေပြီ ဆိုပြီး သိပ်သနားတတ်ပါတယ်။ အဲဒါကလည်း lazy ကနေ မြစ်ဖျားခံလာတာပါပဲ။

 

Weak points (2) easy to change

အပြောင်းအလဲ သိပ်မြန်ပါတယ်။ ဒီလူက ဒီလိုပြောရင်း ဒီဘက်ပါတတ်ပြီး နောက်တစ်ယောက်ပြောပြန်ရင်လည်း ဟုတ်သားပဲ ဆိုပြီး ပြောင်းတတ်ပါသေးတယ်။ ဒီနေ့ခံစားမှုက ဒီလိုဆိုပေမယ့် နောက်နေ့ဆို မတူတော့ပြန်ပါဘူး။

 

Weak points (3) difficult to change

တခါတလေ သိပ်ခေါင်းမာပါတယ်။ ဒါလုပ်မယ် ဆုံးဖြတ်ထားရင် လုပ်ဖြစ်အောင်လုပ်ပါတယ်။ ဘယ်သူဘာပြောပြော မပြောင်းပါဘူး။ ဒီလိုလုပ်မယ် ဆိုရင်လည်း အားလုံးက မလုပ်ဖြစ်တော့ဘူးဆိုရင်တောင် ကျွန်မကတော့ မပြောင်းလဲနိုင်ဘဲ လုပ်ဖြစ်အောင်လုပ်တတ်ပါတယ်။ တခါတလေ အပြောင်းအလဲ လုပ်ရမှာကို သိပ်ကြောက်ပါတယ်။

 

Good points (1) positive view

အကောင်းမြင်တတ်တာကို ဆိုလိုချင်တာပါ။ များသောအားဖြင့် ကျွန်မ ဘယ်အရာကိုမဆို အကောင်းမြင်တတ်ပါတယ်။ ဒါကိုတော့ ကျွန်မရဲ့ အားသာချက်လို့ အမြဲတွေးတတ်ပါတယ်။ ဘယ်လောက်ဒေါသထွက်ထွက်၊ စိတ်ညစ်ညစ်၊ အမြင်ကတ်ကတ် အကောင်းဘက်ကလှည့်စဉ်းစားရင် ကိုယ်ရော စိတ်ရော အေးချမ်းတယ်လေ။

 

Good points (2) easy to forget

မေ့လွယ်ပျောက်လွယ်တာလည်း ကောင်းတဲ့အချက်လို့ သတ်မှတ်ထားပါတယ်။ စိတ်ညစ်စရာဆိုလည်း ခဏလေးမေ့ပါတယ်။ ဘယ်အရာမှ ရင်ထဲမှာ ကြိတ်ခံစားနေတာ မရှိပါဘူး။ စိတ်ညစ်တဲ့ခဏမှာပဲ အသားကုန် စိတ်ညစ်ပစ်လိုက်ပြီး နောက်တော့လည်း မေ့သွားတာပါပဲ။

 

Good points (3) easy to believe

လွယ်လွယ်ကူကူ ယုံပေးတတ်တာလည်း ကျွန်မရဲ့ အားသာချက်ပါပဲ။ ဘယ်သူဘာပြောပြော ကျွန်မစိတ်ထဲ သံသယပွားတာ ရှားပါတယ်။ ယုံပါတယ်။ အန္တရယ်များတယ်လို့ ဆိုကြမလား။ ကျွန်မကတော့ လွယ်လွယ်ကူကူ ယုံနိုင်တာကိုပဲ ကျေနပ်ပါတယ်။

 

ဒါပါပဲ။ ကျွန်မရဲ့ weak point နဲ့ good point သုံးချက်စီပါ။ အားလုံးလည်း စဉ်းစားကြည့်ကြပါဦး။

 

 

 

February 25, 2009

JLPT

JLPT (Japanese Language Proficiency Test)

Japan Educational Exchange & Services (JEES)
မှကြီးမှူးကျင်းပသောဂျပန်စာ အရည်အချင်းစစ် စာမေးပွဲဖြစ်ပါသည်။ mother language ဂျပန်မဟုတ်သော လူတိုင်းအတွက်ရည်ရွယ်သော စာမေးပွဲဖြစ်ပါသည်။ JLPT စာမေးပွဲကို 1984 မှာစတင်ခဲ့ပြီး၊ နိုင်ငံပေါင်း 15နိုင်ငံတွင် ဖြေဆိုသူပေါင်း 7,000လောက်ဖြင့်သာ စတင်ကျင်းပခဲ့သည်။ 2005ခုနှစ်တွင်မူ နိုင်ငံပေါင်း 50တွင် ဖြေဆိုသူပေါင်း 350,000အထိတိုးတက်လာခဲ့သည်။

JLPT
စာမေးပွဲတွင် အဆင့်လေးဆင့်ရှိသည်။ အခြေခံမှာ level 4 ဖြစ်ပြီး၊ အမြင့်ဆုံး level 1 ဖြစ်သည်။ ယင်းစာမေးပွဲကိုတစ်နှစ်လျှင် တစ်ကြိမ် ဒီဇင်ဘာလတွင် ကျင်းပလေ့ရှိသည်။ (ယခုအခါ တရုတ်၊ ကိုရီးယား စသည့် အချို့သောနိုင်ငံများတွင်မူ တစ်နှစ်လျှင်နှစ်ကြိမ်ကျင်းပလျက်ရှိသည်။) ဂျပန်နိုင်ငံသာမက ကိုရီးယား၊ တရုတ်၊ ထိုင်ဝမ် နိုင်ငံများသည်လည်း JLPT ဖြေဆိုသူအများဆုံး နိုင်ငံများအဖြစ် နှစ်စဉ် စံချိန်တင်လျက်ရှိပါသည်။

Level 1
အဆင့်အောင်မြင်ပြီးသူသည် ကျွမ်းကျင်အဆင့်ဖြစ်၍ ဂျပန်လူ့အဖွဲ့အစည်းတွင် ၀င်ဆံ့နိုင်သော အဆင့်ဖြစ်သည်။ Level 2 အဆင့်သည် ဂျပန်စကားဖြင့် ပြောဆို၊ ရေး၊ ဖတ်နိုင်သောအဆင့်ဖြစ်သည်။ Level 3 သည် beginner course ကိုပြီးဆုံးသောအဆင့်ဖြစ်၍ နေ့စဉ်သုံးဂျပန်စကား (အခြေခံဂျပန်စကား)ကို ပြောဆို၊ ရေး၊ ဖတ်နိုင်သောအဆင့်ဖြစ်သည်။ အောက်ဆုံးအဆင့် Level 4 သည် ရိုးရှင်းသော နှုတ်ဆက်စကားလောက်ကို ပြောဆိုနိုင်၍ beginner course တ၀က်ပြီးဆုံးသော အခြေအနေဖြစ်သည်။

Level
အားလုံးမေးခွန်းပုံစံမှာ တူညီ၍ ခက်ခဲမှုသာ ကွာခြားပါသည်။ ဖြေဆိုရာတွင် အပိုင်း()ပိုင်းပါဝင်၍ စုစုပေါင်းအမှတ်(400)ဖြစ်ပြီး Levle 4,3,2 အတွက် အမှတ်(240)(60%) Level 1 အတွက် အမှတ်(280)(70%) သည်အောင်မှတ်ဖြစ်သည်။ အပိုင်း()သည် Vocabulary ဖြစ်ပြီး၊ အမှတ်(၁၀၀)ဖြစ်သည်။ အပိုင်း()မှာ Listening ဖြစ်၍ အမှတ်(၁၀၀)ဖြစ်သည်။ နောက်ဆုံး အပိုင်း()မှာ Grammer နှင့် Reading ပိုင်းဖြစ်ပြီး၊ အမှတ်(၂၀၀)ဖြစ်သည်။ မေးခွန်းအားလုံးသည် multiple choice ပုံစံဖြစ်၍ အသင့်လျော်ဆုံးအဖြေကို ရွေးချယ်ရခြင်းဖြစ်သည်။

/*
ယနေ့သည် ၂၀၀၈ခုနှစ် ဒီဇင်ဘာလ()ရက်နေ့တွင် ဖြေဆိုထားသော JLPT စာမေးပွဲအောင်စာရင်းထွက်သောနေ့ ဖြစ်ပါသည်။*/

February 18, 2009

အချို့သော အာရေဘီယံ၃၃

တိမ်တွေဟာ တရွေ့ရွေ့သွားနေကြတယ်။
လူတွေဟာလည်း ကိုယ်နဲ့ ဆိုင်ရာ ဘ၀တွေမှာ တရွေ့ရွေ့နဲ့ တစ်ရက်ပြီး တစ်ရက်
ဖြတ်သန်း သွားနေကြတာပါပဲ။
တချို့ရက်တွေမှာ ကောင်းတာတွေ လုပ်ဖြစ်ခဲ့ကြမယ်။
တချို့ရက်တွေကျတော့ သိပ်မကောင်းတာတွေ လုပ်မိချင် လုပ်မိခဲ့ကြမှာပေါ့။
တချို့လူတွေဟာ သူ့တို့ဘ၀ ခိုင်မာမြင့်မားလာအောင် တစ်ရက်ချင်း တစ်ရက်ချင်း
တည်ဆောက်သွားကြတယ်။
တချို့လူတွေကျတော့ မျှော်လင့်ချက် အကြီးကြီးတွေ၊ စကားလုံး
အကြီးကြီးတွေနဲ့ အဝေးကြီးက မရောက်လာသေးတဲ့ အခွင့်အရေး တစ်စုံတစ်ရာကို
ထိုင်စောင့်ရင်း တစ်ရက်ပြီး တစ်ရက် ဖြုန်းတီး ပစ်လိုက်ကြတယ်။
တချို့လူတွေဟာ ရောက်လာတဲ့ နေ့တွေကို သူတို့အတွက် သက်သက်ပဲ သဘောထားကြတယ်။
တချို့လူတွေကတော့ ရောက်လာမယ့် နေ့တွေကို တခြား လူတွေအတွက်
အလုပ်လုပ်ပေးဖို့ ကြိုဆိုကြတယ်။
တချို့လူတွေက နေ့အသစ်တွေမှာ အတွေ့အကြုံ အသစ်တွေရှာတွေ့ကြတယ်။

တချို့လူတွေကျ ….
နေ့အသစ်တွေမှာ သံယောဇဉ် အသစ်တွေ ထပ်ရှာတွေ့တတ်ကြတယ်။

(စာမျက်နှာ-၈၃၊ အရိုး၊ အာရေဘီယံ ၃၃)

/* အထက်ပါ စာပိုဒ်ကလေးကတော့ စာရေးဆရာ အရိုးရဲ့ အာရေဘီယံ ၃၃ ဆိုတဲ့
စာအုပ်ထဲကဖြစ်ပါတယ်။ သဘောကျလို့ ကူးထားရာကနေ အားလုံးအတွက်
မျှဝေလိုက်ပါတယ်။
ဘယ်တချို့ထဲမှာ ဘာမလဲလို့ စဉ်းစားကြည့်တဲ့အခါမှာ ကျွန်မကတော့
အားလုံးသောတချို့ထဲမှာ ပါနေပါတော့တယ်။ */

February 17, 2009

ကြိုးစားမယ်။ ကြိုးစားစို့။ ကြိုးစားစမ်း။

ကြိုးစားမယ်။ ကြိုးစားစို့။ ကြိုးစားစမ်း။ ဒီစကားလုံးလေးတွေဟာ
ကျွန်မတို့တွေ အမြဲလိုလို ပြောနေကျ၊ အပြောခံနေကျရတဲ့ စကားလေးတွေ
မဟုတ်ပါလား။ ကိုယ့်ကိုယ်ကို အားပေးတဲ့စကား၊ သူများကိုအားပေးတဲ့စကား၊
ကိုယ့်ကိုအားဖြစ်စေတဲ့စကား အဲဒီလိုပဲ သတ်မှတ်ထားပါတယ်။ 1996ခုနှစ်ထုတ်
ဂျပန်သတင်းစာတစ်စောင်ရဲ့ ဆောင်းပါးတစ်ပုဒ်မှာပါတဲ့ အကြောင်းအရာလေးကတော့
စိတ်ဝင်စားစရာကောင်းပါတယ်။

ကြိုးစား ဆိုတဲ့စကားလုံးကို မတိကျ မရေရာတဲ့ စကားလုံးလို့ ဆိုထားပါတယ်။
လူသားတိုင်းဟာ ပင်ကိုယ်အားဖြင့် ကြိုးစားမယ်လို့ မပြောလည်း
ကြိုးစားပြီးသားဖြစ်ပါတယ်။ ကြိုးစားမယ်လို့ ထုတ်ပြောလိုက်ပြီဆိုရင်တော့
ပြောင်းပြန်အနေနဲ့ စိတ်ဖိစီးမှုနဲ့ စိတ်လှုပ်ရှားမှုဒဏ်တွေကြောင့်
တကယ့်အရည်အချင်းကို မပြနိုင်ဘဲ ကျေနပ်လောက်တဲ့ရလဒ်တွေမရနိုင်တာက
ပိုများတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း လူသားတွေဟာ
ကိုယ်တိုင်အတွက်ပဲဖြစ်ဖြစ် သူများကိုပဲဖြစ်ဖြစ် ကြိုးစားပါ့မယ်
ဆိုတာမျိုး၊ ကြိုးစားကြစို့ ဆိုတာမျိုး၊ ကြိုးစားစမ်းပါ ဆိုတာမျိုး
မကြာခဏအသုံးပြုနေကြပါတယ်။ သေသေချာချာ စဉ်းစားကြည့်ရင် အဲဒီစကားလုံးလေးဟာ
တော်တော့်ကို မရောရာတဲ့ စကားလုံးပါတဲ့။

ဥပမာပေးထားတာကတော့ မွေးရာပါ ခြေထောက်မသန်စွမ်းတဲ့ သူတစ်ယောက်ဟာ
"ခြေထောက်ကမသန်ပေမယ့်လည်းကြိုးစားပါနော်" လို့အမြဲတစေပြောခြင်းခံရပါတယ်။
အဲဒီစကားရဲ့နောက်ကွယ်မှာ ခြေထောက်မသန်ခြင်းဟာ ဆင်းရဲဒုက္ခတစ်ခု
ဖြစ်တယ်ဆိုတာကို သတိပေးနေသလိုပါပဲ။ သူ့အတွက်ကတော့ ခြေထောက်မသန်ပေမယ့်လည်း
မွေးကတည်းကပါတဲ့ အဲဒီခြေထောက်နဲ့ပဲ အဆင်ပြေနေပါတယ်တဲ့။
နောက်ဥပမာတစ်ခုက ကလေးတစ်ယောက်ကို သူ့ရဲ့ဆရာက အမြဲတစေ ကြိုးစားစမ်း
လို့ပြောလေ့ရှိပါတယ်တဲ့။ အဲဒီကလေးရဲ့ခံစားချက်ကတော့
သူအမြဲတမ်းကြိုးစားနေပါတယ်။ ဒါပေမယ့် ဘယ်လောက်အထိ ဘယ်လိုပဲ လုပ်ပေမယ့်
ကြိုးစားစမ်းဆိုတာချည်းပဲ အပြောခံနေရပါတယ်။ ဆရာက အားပေးတာ ဖြစ်ပေမယ့်လည်း
ကြိုးစားစမ်းဆိုတာ ဘယ်လောက်အထိ ဘယ်အတိုင်းအတာအထိလည်းဆိုတာ
ရှင်းရှင်းလင်းလင်းကို မပြသနိုင်ပါဘူး။

ကြိုးစားမယ် လို့ပြောမိရင် ဘယ်နေရာကမှန်းမသိ သုတ်သုတ်ပျာပျာခံစားချက်
ဖြစ်လာပါတယ်။ ကြိုးစားစမ်း ဆိုတာကလည်း တခါတလေကျရင် ညှာတာစိတ်မရှိ
ရက်စက်တဲ့ ပဲ့တင်သံတစ်ခု ဖြစ်သွားတတ်ပါတယ်လို့ ဖော်ပြထားပါတယ်။

February 13, 2009

ဗိုလ်ချုပ်အောင်ဆန်း




မသိ၍ဆို၊
မလို၍ပြော။
သူ့စိတ်မှာ အလွန်ယဉ်လို့၊
သူ့ဥာဉ်မှာ အလွန်သန့်တယ်၊
ထူးချွန့်သဘော။ ။

မသိ၍ထင်၊
မမြင်၍ပြော။
သူ့ဝိညာဉ် မသေပျောက်ပါဘူး။
မိုးပေါက်လို အစဉ်ကြည်လို့၊
နေခြည်လို အစဉ်လန်းကာ၊
ဖျန်းဆွတ်စိတ်စော။ ။

မင်းသုဝဏ်

ခပ်လွဲလွဲများနှင့် ဟိုလိုလိုဒီလိုလို

မမှားသောရှေ့နေ၊ မသေသောဆေးသမား ဆိုတဲ့နောက်မှာ မလွဲသောလူသားလို့ထပ်ထည့်ရကောင်းမလား။ လူသားအားလုံးလွဲတတ်သည် လို့ပဲအော်ရကောင်းမလား။ လွဲတတ်တဲ့လူသားတွေထဲက လူသားတစ်ယောက်ဖြစ်တဲ့ ကျွန်မလည်း ဒီတပတ်အတွင်းမှာ အလွဲဓါတ်ခံလေး ခေါင်းထောင်နေပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေကစပါတယ်။ နေ့လည်(၁)နာရီမှာ အရင်အလုပ်လုပ်ခဲ့တဲ့ ရုံးကအစ်ကိုတွေ အစ်မတွေနဲ့ တွေ့ဖို့ ချိန်းထားပါတယ်။ နေလို့သိပ်မကောင်းလို့ အမေက စောစောပြန်နားဖို့ပြောတာကိုတောင် ချိန်းပြီးသား ဖြစ်နေလို့ မနက်သင်တန်းပြီးတော့ ချိန်းထားတဲ့ ဆူးလေဘုရားကိုသွားပါတယ်။ အစ်မတစ်ယောက်နဲ့ပဲတွေ့ပြီး တခြားသူတွေကို ဆက်စောင့်လိုက်တာ (၂)နာရီကိုထိုးရော။ နောက်ဆုံးတော့ အခြေအနေမလှဘဲ အိမ်ကိုသာ ပြန်ခဲ့ရပါတော့တယ်။ နောက်မှပြန်သိတာက တွေ့ဖို့ပြောထားတဲ့ အစ်ကိုကြီးက ဧမာနွေလရှေ့မှာ စောင့်ပြီး ကျွန်မတို့တွေက ဆူးလေဘုရားပေါ်မှာ စောင့်နေခဲ့တာပါတဲ့။ မှတ်ကရောပဲ။

နောက်တနေ့ တနင်္လာနေ့ကတော့ အလွဲဆုံးပါပဲ။ မနက်အိပ်ရာထကတည်းက စလွဲတာ။ အဲဒီနေ့က ကျွန်မ နေသိပ်မကောင်းတာနဲ့ နားချင်တာကြောင့် ရုံးမတက်ဘဲ ခွင့်ယူဖို့ စဉ်းစားထားပါတယ်။ ဒါပေမယ့် မနက်(၁၀)နာရီမှာ စေတန်နဲ့ sponsor ကိစ္စချိန်းထားတာလေးရှိတာကြောင့် အပြင်ကလည်းထွက်ရမယ်။ ဒီတော့ ဒီလိုစဉ်းစားပါတယ်။ မနက်ရုံးခဏသွားမယ်။ တနင်္လာဆိုတော့ report လည်းတင်ရဦးမယ်။ (၉)နာရီလောက်မှ ခွင့်ယူပြီး ပြန်ထွက်မယ်ပေါ့။ ပြီးရင် သွားစရာရှိတာသွား၊ နေ့လည်တော့ အိမ်ပြန်အိပ်မယ်ပေါ့။
မနက် ကော်ဖီသောက်မယ်လုပ်တော့ အမေက ဆေးသောက်ဖို့နဲ့ ဆေးယူသွားဖို့ သတိပေးတာကြောင့် နေ့လည်သောက်ရမယ့် ဆေးကိုအိတ်ထဲထည့်၊ မနက်စာ ဆေးကိုသောက်ဖို့ပြင်တာပေါ့။ နောက်ကျနေရတဲ့အထဲ မနက်စာဆေးထဲက တစ်လုံးက ဘယ်ပျောက်သွားမှန်းမသိဘူး။ အမေရော ကျွန်မပါ ရှာတာပဲ။ မတွေ့ဘူး။ ကဲ မတွေ့လည်း ထားတော့ဆိုပြီး ထားလိုက်ပါတယ်။ အပြင်ထွက်ခါနီးဆဲဆဲမှ အမေက တွေ့ပြီတဲ့ ဆေးက။ ဘယ်ရောက်နေတယ်ထင်လဲ။ အမေ့ကော်ဖီခွက်ထဲ ၀င်နေတာလေ။ ကျွန်မ ဟိုခွဲ ဒီခွဲမှာ ကျသွားတာဖြစ်လိမ့်မယ်။ ဆေးနှယ် ကော်ဖီခွက် နှစ်ခွက်ထားတာ ကျွန်မခွက်ထဲကျတော့ ဘာဖြစ်မှာမို့လည်းနော်။ ခုတော့ တလွဲ။
ရုံးသွားဖို့ ကားဂိတ်ရောက်တော့ ရုံးက သူငယ်ချင်းနဲ့တွေ့တယ်။ အဲဒီမှာ စိတ်ကူးပြောင်းသွားရော။ report စာရွက်ကို သူ့နဲ့ ပေးလိုက်ပြီး ခွင့်ကိုဖုန်းပဲဆက်လိုက်တော့မယ်ပေါ့။ ဒါဆို မနက်(၁၀)နာရီမှ ချိန်းထားတာ အစောကြီးရှိသေးတယ်။ မထူးပါဘူး အရင်အလုပ်လုပ်ခဲ့တဲ့ ရုံးကိုသွားလည်မယ်ပေါ့။ ကိုယ့်စိတ်ကူးနဲ့ကိုယ် လာလိုက်တာ အဲဒီရုံးအောက်ရောက်မှ သတိရတယ်။ ကျွန်မရုံးသာ မနက်(၈)နာရီရုံးတက်တာလေ။ သူတို့ရုံးက (၉)နာရီမှကို။ ခုမှ (၈)နာရီရှိသေးတာ။ ကဲ စောင့်ပေရော့။
(၉)ခွဲလောက်ရောက်တော့ စေတန်ရဲ့ဆိုင်ကိုရောက်တယ်။ သူ့ကားနဲ့ ချိန်းထားတဲ့ဆီကို အသွားမှာ ကွေ့တာမှားပြီး နောက်ဆုံး သူ့အိမ်အောက်မှာ ကားရပ်ပြီး လမ်းလျှောက်ဖို့ ဖြစ်လာတယ်။ ကျွန်မ လွယ်ထားတဲ့အိတ်ကို ရှုပ်လို့ သူ့ကားထဲမှာ ထားခဲ့မယ် ဆိုတော့ အိုကေတဲ့။ ဒါနဲ့ပဲ သွားစရာရှိတာသွား။ ဦးတီလေးဆီကိုပါ အဆစ်ဝင်လည်လိုက်သေးတယ်။ ပြန်တော့ စဉ်းစားမိလိုက်သေးတယ်။ အိတ်သာမထားခဲ့ရင် ဆူးလေကနေ တန်းပြန်လို့ရမှာလို့။ ထားတော့။ စေတန်နဲ့တူတူ အိတ်ယူဖို့ လမ်းပြန်လျှောက်လာရင်း ကားရပ်ထားတဲ့နားရောက်မှ ဟိုက် ခနဲဖြစ်သွားတယ်။ ကားမရှိတော့ပါ။ သူ့အမေမောင်းသွားတာ။ ကျွန်မက ဒုက္ခ။ ပိုက်ဆံအိတ်ရော၊ နောက်နေ့ရုံးတက်ဖို့ရော၊ အားလုံးကအိတ်ထဲမှာ။ အဲဒီအချိန်က (၁၂)နာရီတော့ မထိုးသေးဘူး။ ဒီအတိုင်းပြန်သွားရအောင်လည်း ဒီအိတ်က ယူတော့ယူရဦးမှာ။ မထူးပါဘူး။ စောင့်ယူတာပေါ့။ မနက်က သေချာစကားမပြောရသေးတာနဲ့ ဟိုရုံးကိုပဲ ပြန်သွားမယ် စဉ်းစားပြီး စေတန့်ကို သူ့ဆိုင်မှာပဲ (၂)နာရီလောက်မှ အိတ်လာယူမယ် ပြောပြီး ထွက်လာခဲ့ပါတယ်။
ဘော်ဒါတွေရုံးကိုရောက်တော့ အေးဆေးပဲ။ အစ်မနှစ်ယောက်ပဲရှိတယ်။ အားလုံးအပြင်ထွက်နေကြတယ်။ အေးဆေးအိပ်လို့ပါရတယ်တဲ့။ ကျွန်မလည်း အိပ်လည်းအိပ်ချင်၊ ဗိုက်ကလည်းဆာနေတာကြောင့် တခုခုကျွေးပါလို့ ပြောတော့ သူတို့က မုန့်ကျွေးဖို့လုပ်ကြပါတယ်။ အဲဒီအချိန်မှာတင် ဖုန်းလာပြီး နှစ်ယောက်လုံး အပြင်ထွက်ဖို့ ဖြစ်လာပါတယ်။ ဒီတော့ ကျွန်မလည်း ဘယ်နားရွေ့ရမလဲပေါ့။ သူတို့ဆီက ပိုက်ဆံတစ်ထောင်တောင်း အင်တာနက်သုံးရင်း အိတ်ကိုစောင့်မယ်ဆိုပြီး ….။ အဲဒီမှာ ထပ်လွဲတာပါပဲ။ အဲဒီအချိန် မနက်ကတည်းက ကော်ဖီတခွက်ပဲ သောက်ထားတဲ့ ကျွန်မ ဗိုက်အရမ်းဆာနေပြီ။ နေပူထဲဟိုလျှောက် ဒီလျှောက်နဲ့ ညကတည်းက အိပ်ရေးပျက်ထားတဲ့အရှိန်နဲ့ ခေါင်းကလည်းနောက်နေပြီ။ အိမ်ကိုလည်း မပြောခဲ့တော့ ပြန်ရင် အဆူခံရမှာပဲ ဆိုပြီး ညစ်နေပြီ။ အားလုံးပေါင်းပြီး အော်တောင်ငိုချင်နေခဲ့ပါတယ်။ အင်တာနက်သုံးရင်း အာရုံလွှဲပေမယ့် ငိုချင်တာပဲ ကြီးစိုးနေတာပါပဲ။ ကျွန်မရဲ့ပထမအမှားက ပိုက်ဆံရခဲ့ပြီးတဲ့အချိန် မုန့်အရင်စားဖို့စိတ်ကူးမရဘဲ အင်တာနက်ဆိုင်ထဲ ၀င်တာပါပဲ။ အဲဒီ (၂)နာရီလောက်အချိန်မှာ တော်တော့်ကို စိတ်ပျက်လက်ပျက်ဖြစ်နေတာပါပဲ။
အိမ်ပြန်ရောက်တော့ ညနေ(၄)နာရီလောက်ရှိပြီ။ ဘာမှမပြောနိုင်ဘူး တန်းအိပ်တာပါပဲ။ ရလဒ်အနေနဲ့ နောက်နေ့တစ်ရက်ပါ ခွင့်ထပ်ယူလိုက်ရပါတော့တယ်။

ခွင့်နှစ်ရက်ယူပြီး ရုံးပြန်တက်တော့ ကျွန်မမရှိတဲ့ နှစ်ရက် ကျွန်မမသိလိုက်တဲ့ ကိစ္စတွေနဲ့ ကျွန်မက နေရင်းထိုင်ရင်း ကြားညှပ်နေရပါတော့တယ်။
ညနေအပြန်လမ်းမှာတော့ စက်ဘီးနဲ့ကားတိုက်တဲ့ accident လေးတစ်ခုကိုမြင်လိုက်ရတယ်။ ဆင်းရမယ့်မှတ်တိုင်ရောက်လို့ ဆင်းပြီး၊ အိမ်ဘက်ကို လမ်းကူးမလို့လုပ်တာ ကားတွေကို မြင်ပြီး ကျွန်မ လမ်းမကူးရဲတော့ဘူး။ နေ့တိုင်းကူးနေတဲ့လမ်းကို လုံးဝကိုမကူးရဲတော့တာ။ ဘယ်လိုမှ အားတင်းလို့မရတာနဲ့ပဲ နောက်ကြောင်းပြန်လျှောက်ပြီး တခြားလမ်းကပတ်ပြန်ခဲ့ရပါတော့တယ်။
နောက်တခုက ကျွန်မအဖေရဲ့အလွဲပါ။ ကျွန်မနဲ့ (၂)နှစ်ကျော်လောက် အဆက်အသွယ်ပြတ်နေတဲ့ သူငယ်ချင်းဆီကနေ ကျွန်မဆီစာတစ်စောင်ရောက်ပါတယ်။ နယ်အိမ်လိပ်စာနဲ့ပါ။ ဒီဇင်ဘာကတည်းကရောက်တဲ့ အဲဒီစာကိုယူလာတဲ့ ကျွန်မအဖေကိုယ်တိုင်က မေ့ပြီး ခုဖေဖော်ဝါရီမှ ကျွန်မကို ပေးတာပါ။ ကမန်းကတမ်းဖတ်လိုက်တော့ သူပြောထားတဲ့အချိန်မမှီလောက်တော့ဘူး။ ဟူး လွဲပြန်ပါရောလား။

ဒီနေ့ ပြည်ထောင်စုနေ့မှာတော့ တနေ့လုံးမလွဲဘဲ အေးအေးချမ်းချမ်း အနားယူနိုင်ခဲ့ပါပြီ။

ကဲ.. ကျွန်မရဲ့ ဒီတပတ်စာ ပေါက်တတ်ကရတွေကို ဒီအဆုံးထိ ရောက်အောင် ဖတ်ပေးတယ်ဆိုရင်ပဲ ခပ်လွဲလွဲလေး ကျေးဇူးတင်ပါရစေ။ ။

February 11, 2009

အရိုး - လူလည်အာရှသား

ကျွန်မမျှော်လင့်နေတဲ့ တေးရေး၊ တေးဆို အရိုးရဲ့ လူလည်အာရှသား
ဆိုတဲ့စီးရီးသစ်ထွက်ရှိလာခဲ့ပါပြီ။ သီချင်း(၁၃)ပုဒ်ပါဝင်ပါတယ်။ အရိုးရဲ့
ပုံစံသီချင်းတွေချည်းပါပဲ။ ကျွန်မတို့လို အရိုးသီချင်းမှန်သမျှ
ကြိုက်တဲ့သူတွေအတွက် စိတ်ကျေနပ်စေမယ့် စီးရီးလေးပါပဲ။
ပါဝင်တဲ့သီချင်းတွေကတော့ ..
၁။ နေသာလေသာတဲ့နေ့
၂။ ဥ
၃။ လူလည်အာရှသား
၎။ ကန်တင်းထဲကကွင်း
၅။ ရုပ်ရှင်ကြည့်တဲ့ည
၆။ လေတိုက်တဲ့ညတွေ
၇။ Graduation day
၈။ အမဲကင်ကျပ်တိုက်ကြော်
၉။ ဒါရိုက်တာ
၁၀။ ကံဆိုသည်မှာ
၁၁။ ရော့ခ် အန် ရိုးလ်
၁၂။ တစ်စက္ကန့်မှာတစုံတရာ
၁၃။ နောက်ဆုံးမှာတော့

နေသာလေသာတဲ့နေ့ ကတော့ တော်တော်ကြာကြာကတည်းက အင်တာနက်မှာ နာမည်ကြီးခဲ့တဲ့
ဝေါ်အိုက်နီ သီချင်းပါပဲ။

ဥ ဆိုတာကတော့ ဟာသဆန်ဆန်သီချင်းလေးပါပဲ။ ဟိုဘက်အိမ်၊ ဒီဘက်အိမ်
ကြက်ဥလုရာကနေ စပါးကျီမီးရှို့တဲ့အထိ ဖြစ်ရတဲ့အကြောင်းရေးထားတာပါ။
/* နေတက်လေတက်မွေးတဲ့ကျုပ် စိတ်ထားကခပ်ပုပ်ပုပ်။ ……………………။
ကျုပ်တရွာလုံးက ၀ိုင်းညှိမ်းရ ကျုပ်ရှို့တဲ့မီးခင်ဗျ ကြက်ဥတလုံးက စတဲ့အစ
နှစ်အိမ်တောင် ပြာဖြစ်ကျ သင်ခန်းစာရလို့ ပုခုံးထဖက် ဂျပုက ရှုပ်မဲ့မဲ့
နောက်တခါ ကြက်တွေမဥအောင် လုပ်ထားကွဲ့။*/

စီးရီးခေါင်းစဉ် လူလည်အာရှသားကတော့ နိုင်ငံခြားသွားပြီး
အလုပ်လုပ်တဲ့ရွှေတစ်ယောက်အကြောင်းပေါ့။ သံစဉ်ငြိမ့်ငြိမ့်လေးနဲ့
အလည်လောက်မှာ လေချွန်သံလေးပါပါတယ်။
/* မဟာလူတန်းစားအိမ်မက်များ အိမ်ပြန်အခန်းပိတ် ကြိတ်ငိုရ
အာရုဏ်တက်တိုင်းထ မနက်တိုင်းတက်ကြွ လူလည်အာရှသား */

ကန်တင်းထဲကကွင်းကတော့ ကျောင်းထဲကကွင်းတစ်ယောက်စီရဲ့ စရိုက်ကို
သူ့မေဂျာအလိုက် ပုံဖော်သွားတာ တော်တော်သဘောကျမိပါတယ်။
/* Acid အလှမယ် chemistry ရဲ့queen ဗျ။ အနားသွားကပ်တဲ့
သုံးလေးငါးယောက်ကြုံဖူးတာ လက်တွေ့ခန်းခေါ်ပြီး Acid ပုလင်းနဲ့ ဆော်တယ်ဗျ။
……………………
ရိုးရိုးလေးနဲ့ ကြောက်ဖို့ကောင်းတဲ့ တစ်ယောက်ပါ။ ဟိုးရှေ့နားက
မြန်မာစာမေဂျာ ကွင်းဗျာ။ မင်းရည်းစားစာပေးတိုင်း မင်းအတွက်ပြန်ရေးမှာ
မင်းဖတ်ရမှာက ဟိုးရှေးခေတ်က ကျိန်စာတွေလား*/

ရုပ်ရှင်ကြည့်တဲ့ည ကတော့ သရဲကားကြည့်ရင်းမီးပျက်သွားတဲ့ညတစ်ညအကြောင်းပါ။
/* ခွေးတစ်ကောင်အူသံကို အခါခါသဲ့သဲ့ကြား အဖြူရောင်အရေခွံအောက်က
လက်ချောင်းများ အခန်းနံရံပေါ်မှာ ငွေရောင်အသားလှီးဓါး ခြေတလှမ်းရွေ့ချိန်
မျက်လုံးတဖက်ထွက်ကျသွား */

လေတိုက်တဲ့ညတွေကတော့ ဒီစီးရီးစ်ထဲက တစ်ပုဒ်တည်းသော အချစ်သီချင်းလို့ ပြောရမလားပဲ။
/* တိမ်တွေပျံသွားပေမယ့် ငါကျန်ခဲ့ပြီ။ အချိန်တွေပျံသွားပေမယ့်
ငါကျန်နေခဲ့။ ရင်မှာနာကျည်းနေရင့်း ငါကြေကွဲခဲ့။ */

နောက်တစ်ပုဒ်ကတော့ ဘွဲ့ယူတဲ့နေ့ရဲ့ခံစားမှုလေးပေါ့။
ကျောင်းတုန်းကနေ့ရက်တွေကို နည်းနည်းတော့ ပြန်လွမ်းသွားမိမှာပါ်။
/* ငြိမ်သက်နေတဲ့ကျောင်းတော်နဲ့ တို့လမ်းခွဲ။ အကုန်မြှုပ်နှံခဲ့
တို့တွေရဲ့ကောင်းသောနေ့ရက်။ လူသစ်တွေနဲ့ နေခဲ့တော့ ကိုယ့်လူရေ။ */

အမဲကင်ကျပ်တိုက်ကြော်ကတော့ ဟင်းချက်နည်းစာအုပ်ဖတ်ပြီး ဟင်းချက်တဲ့အကြောင်းပေါ့။
/* တစ်အိုးလုံးတူးပြီဟေ့။ မည်းရင် အမဲသားပဲ။ */

ဒါရိုက်တာကတော့ အရင် အဲလက်စ်ဆိုထားတဲ့ ဒါရိုက်တာ သီချင်းပါပဲ။

ကံဆိုသည်မှာ ကလည်း ဆိုးတလှည့် ကောင်းတလှည့် လူ့ဘ၀အကြောင်းကို
ဟာသလေးစွက်ပြီးရေးထားတာပါ။
/* လူဆိုတာ အမြဲကံမဆိုးနိုင်ဘူး။ ကံ အမြဲလည်း ကောင်းမနေဘူး။
အသက်တဖြည်းဖြည်းကြီးလာ တဖြည်းဖြည်းပိုပြီးသိ။ */

ရော့ခ် အန် ရိုးလ်သီချင်းကတော့ ရပ်ကွက်ထဲက ဆွမ်းချက်ရုံမှာ
သီချင်းအော်ဆိုနေတဲ့ လူငယ်တစ်စုပုံစံ ရေးထားတာပါ။ ဒီတစ်ပုဒ်တော့
သိပ်မကြိုက်လှဘူး။
/* အစာမကြေ ချောင်းဆိုး လေးဖက်နာ ပျောက်တဲ့ ရော့ခ် အန် ရိုးလ်။ */

တစ်စက္ကန့်မှာတစုံတရာ ကလည်း မုန်းတဲ့၊ ချစ်တဲ့၊ ကျေးဇူးရှိတဲ့ လူတွေအကြောင်းပါပဲ။
/* ဘ၀မှာ ဒေါသကြီးလို့ တန်ဖိုးမရှိ။ ……… ဘ၀မှာကျေးဇူးတရားက တန်ဖိုးရှိ။ ………….*/

နောက်ဆုံးမှာတော့ ကတော့ သေခြင်းတရားအကြောင်းရေးထားတဲ့ သံဝေဂ သီချင်းလေးပါပဲ။
/* မင်းစိတ် မင်းရုပ် မင်းခန္ဓာက အခေါင်းတခုစာ။ မင်းအတ္တနဲ့ မင်းနာမည်က မီးခိုးပါ။ */

အရိုးသီချင်းတွေက များသောအားဖြင့် တပုဒ်လုံးနားထောင်မှ
ဇာတ်ရည်လည်တာများပါတယ်။ ဒီစီးရီးစ်ထဲမှာ အကြိုက်ဆုံးကတော့
လူလည်အာရှသားနဲ့ ကန်တင်းထဲကကွင်း ပါ။ ကဲ အဆင်ပြေရင်
နားထောင်ကြည့်ကြပါဦး။

February 06, 2009

အတ္တ

အသုံးချဖို့ တခုတည်းနဲ့တော့ လက်မကမ်းပါနဲ့
ဆန္ဒရှိရင် သူ့အလိုလို အသုံးကျလာလိမ့်မယ်။

အာရုံမလာပဲနဲ့ သွားဖြဲမပြပါနဲ့
ရင်ထဲကလာရင် အကြည့်တချက်မှာတောင် အားအင်ပါလိမ့်မယ်။

ကိုယ့်ဘာသာ ထိုးတဲ့ဓါးနဲ့
အထိုးခံရတဲ့ဓါး
နာမှာချင်းတူရင်တောင်
ကိုယ့်ဆန္ဒနဲ့ကိုယ်ပဲ အနာခံတော့မပေါ့။

နင်းသွားမှာနဲ့
အနင်းခံတာ
နိမ့်ကျမှာချင်းတူဦးတော့
ကိုယ့်ခံစားမှုနဲ့ကိုယ်သာ လှေခါးထစ်အဖြစ်ခံမပေါ့။

ကဲ
အသက်ရှူပဲကျပ်ကျပ်
အသက်ရှူပဲရပ်ရပ်
ငါ့အိမ်မက်နဲ့ငါတော့ နေပျော်တယ်။