September 21, 2007

present from...

1 + 1 = 2 eyes are looking for you.
4 + 1 = 5 senses missing you.
12 + 12 = 24 hours thinking of you.
3+ 4 = 7 days care about you.
1 + 11 = 12 months take care, I love you.

/* ကြာပါပြီ။ သူငယ်ချင်းတစ်ယောက်ပို့ပေးထားတာ။ သူဘယ်ကနေ ရသလဲတော့ မသိဘူး။ စာကြောင်းလေးတွေက ချစ်စရာကောင်းလို့။ */

မှန်နေပါသော်လည်း

/* ဒီမနက် ရေဒီယိုကနေ ပုံပြင်လေးတစ်ပုဒ် နားထောင်လိုက်ရတယ်။ ကြားဖူးပြီးသားလည်း ဖြစ်ချင်ဖြစ်မှာပါ။ ကျွန်မကတော့ ခုမှကြားဖူးတာပါ။ ပြောပြမယ်နော် ။ */
ပုံပြင်လေးဖြစ်လာတာက ဒီလိုပါတဲ့။ လူနှစ်ယောက် စကားပြောနေရင်းကနေ တစ်ယောက်ကပြောတယ်။ "ဘယ်သူမှားမှား ကိုယ်မှန်ရင် ပြီးတာပဲ" တဲ့။ ဒါနဲ့ နောက်တစ်ယောက်က ဒီပုံပြင်လေးကို ပြောပြပါတယ်။တခါတုန်းက အမျိုးသမီး (၃)ယောက်ရှိတယ်တဲ့။ သူတို့ (၃)ယောက်လုံးဟာ သေပြီးတဲ့နောက်မှာ နတ်ပြည်ကိုရောက်သွားကြပါတယ်။ နတ်ပြည်ရောက်ပြီးတော့ ဘယ်ကိုသွားရမှန်းမသိဖြစ်နေတုန်း သိကြားမင်းရောက်လာပါလေရော။ သူတို့ကလည်း သူတို့ဘယ်မှာနေရမလဲလို့ သိကြားမင်းကို မေးကြတာပေါ့။ သိကြားမင်းကလည်း လမ်းတစ်ခုကို ညွှန်ပြပြီး၊ ဒီလမ်းအတိုင်းလျှောက်သွားရင် နေရမယ့် ဘုံဗိမ္မာန်ကို တွေ့လိမ့်မယ်လို့ပြောပါတယ်။ မမှားမယွင်း သတိပြုရမှာတစ်ခုကိုလည်း ပြောပါသေးတယ်။ အဲဒါကတော့ လမ်းလျှောက်နေရင်း ဘဲတွေကိုတွေ့ရင် တစ်ကောင်ကိုမှ မနင်းမိစေနဲ့တဲ့။ ဒါနဲ့ပဲ အမျိုးသမီး(၃)ယောက်လည်း ပျော်ပျော်ရွှင်ရွှင်နဲ့ အဲဒီလမ်းအတိုင်းလျှောက်သွားကြတာပေါ့။ လျှောက်နေရင်း ပထမအမျိုးသမီးက ဘဲတစ်ကောင်ကို နင်းမိပါလေရော။ အဲဒီအခါ သိကြားမင်းပေါ်လာပြီး၊ ပထမအမျိုးသမီးကို ရုပ်ဆိုးဆိုးနတ်သားတစ်ပါးနဲ့ လက်ဆက်ပေးလိုက်သတဲ့။ ကျန်တဲ့ အမျိုးသမီး(၂)ယောက်လည်း ဆက်လျှောက်လာရင်း ဒုတိယအမျိုးသမီးလည်းပဲ ဘဲတစ်ကောင်ကိုနင်းမိပြန်ပါလေရော။ သိကြားမင်းထပ်ပေါ်လာပြီး ဒုတိယအမျိုးသမီးကိုလည်း ရုပ်ဆိုးဆိုးနတ်သားတစ်ပါးနဲ့ပဲ လက်ဆက်ပေးလိုက်ပြန်ပါတယ်။ တတိယအမျိုးသမီးတစ်ယောက်ပဲကျန်ပြီး၊ ဆက်လျှောက်လာလိုက်တာ သူနေရမယ့် ဘုံဗိမ္မာန်ကို အမှားအယွင်းမရှိဘဲ ရောက်လာတော့တာပေါ့။ အဲဒီမှာပဲ သိကြားမင်းပေါ်လာပြီး တတိယအမျိုးသမီးကို အလွန်ချောတဲ့ နတ်သားတစ်ပါးနဲ့ လက်ဆက်ပေးလိုက်ပါတော့တယ်တဲ့။ အမျိုးသမီးကတော့ ပျော်ရွှင်နေတုန်းမှာပဲ အဲဒီနတ်သားလေးပြောလိုက်တာကတော့ "ဒီလောက် မမှားအောင်လျှောက်နေတဲ့ ကြားကနေ ဒီဘဲစုတ်တစ်ကောင်ကို နင်းမိလို့ အဖြစ်ဆိုးရတယ်" တဲ့။ အဲဒီတော့မှ တတိယအမျိုးသမီးက "သြော်. ငါမှန်ပေမယ့် သူများမှားတာနဲ့ပဲ ငါ့မှာ အရုပ်ဆိုးရတော့တယ်" တဲ့လေ။ ပုံပြင်လေးကတော့ ဒါပါပဲရှင်။
/* ခုတလော ဒီသဘောတရားလေးကို ကျွန်မလှိမ့်နေအောင်ခံနေရပါတယ်။ ဒါကြောင့် ဒီမနက်ဒီပုံပြင်ကိုကြားကြားချင်းပဲ သဘောကျနေမိတာပေါ့လေ။ */

September 20, 2007

တမ်းတခြင်း

ဘ၀တသက်
မေ့ဖျောက်ခက်သော
ကျောင်းပျော်ကာလ
သုံးနှစ်မျှကို
GCC ၌ကြုံခဲ့ဖူး၏ ။

Fresher ဘဝ
အစမျှနှင့်
senior ထုံး
နှလုံးမူကာ
computer trip
စုကာလစ်၏ ။

ကြားဖူးနားဝ
တောင်မျိုးစုံနှင့်
ဂူတချို့အပြင်
ဟိုသည်နေရာ
ခြေရာချင်းထပ်
ခရီးဆန့်၏ ။

ကျောင်းသွားကျောင်းပြန်
ချက်ပလက်ပေါ်၌
A side, B side
အပြိုင်ဟစ်ကြွေး
နားတွေလေးအောင်
ဆူခဲ့ဖူး၏ ။

ကမ္ဘာ့ဖလား
ထင်မှတ်မှားသည့်
တို့များရောင်းရင်း
ဘောလုံးအသင်း၏
အောင်မြင်မှုလည်း
ရှိခဲ့ဖူး၏ ။

ဂဏန်းတွက်ချိန်
Training ချိန်၌
လူခြေတွေတိတ်
ကျောင်းတံခါးပိတ်တိုင်
ပါရမီကူညီ
ဖြည့်ခဲ့ဖူး၏ ။

ရန်တွေဖြစ်လိုက်
ပြန်ချစ်လိုက်နှင့်
ဝေးမှလွမ်းသည့်
သူငယ်ချင်း၏
တန်ဖိုးကိုလည်း
သိခဲ့ပြီ ။

နေရာတွေပြောင်း
နှစ်တွေဟောင်းလည်း
ထိုသုံးနှစ်၏
အမှတ်တရများက
ဘယ်ခါတွေးတွေး
ရင်၌နွေး၏ ။

/* 2005 Hons: တက်တုန်းက ကရေးခဲ့တာပါ။ အတန်းထဲက သူငယ်ချင်းတွေပဲ နားလည်တဲ့စကားလုံးတွေပါပါတယ်။ definition တွေ နောက်တော့ ပြောပြပါ့မယ်။ */

လက်တမ်းပုံပြင်

ရင်ကိုတောက်စားတတ်တဲ့ ဖဲပွင့်တွေအကြောင်းကစရအောင်
'ချစ်တယ်' ဆိုတာ တကယ်တော့ သေဆုံးခြင်းတဲ့
နားလည်သူတွေရဲ့ ခေါင်းတညိတ်ကိုပဲ လက်ခံမှာပါ
အနာဂါတ်ဟာ ဘာအက္ခရာမှ ရေးထိုးမထားတဲ့ စာရွက်တရွက်မှ မဟုတ်ဘဲ
'ခဲဖျက်' ဆိုတာကလည်း ငယ်တုန်းပဲ အသုံးဝင်တာ
'မသေချာဘူး' ဆိုတဲ့လူတွေကို ပြုံးပြုံးကြည့်ရင်း
မျက်နှာကြောတွေ တင်းလာလိုက်တာ
ကမ္ဘာဦးကျမ်းကြီးတောင် မြွေတစ်ကောင်နဲ့ အကြီးအကျယ်ပြဿနာတက်လို့
'ငါတို့နောက်ဆုတ်ကြပါတော့လား။'
ကိုယ့်ကိုယ်ကို ပြောတာတောင် ကြားအောင်မပြောရဲတဲ့နောက်
ချောက်ကမ်းပါးဆိုတာလည်း ဂန္တ၀င်ဂီတတစ်ပါးပဲပေါ့
တစ်ခုပဲ . တစ်ခုပဲ ..
ဒီနေ့ထိ လူတွေ အယူလွဲနေတဲ့ 'အချစ်အကြောင်းစစ်စစ်' ကို
ဘယ်လိုလူကမှ သေချာမသိလေတော့
လက်တမ်းပုံပြင်တွေ တလေတလွင့် ရေပန်းစားကျန်ခဲ့တာ မဆန်းပါဘူး ။ ။

သိသု

/* မနော်ဟရီ ရဲ့ ၀တ္ထုတစ်ပုဒ်ထဲကပါ ။ အရမ်းကြိုက်လို့ သူငယ်ချင်းတော်တော်များများကို ကူးရေးပေးဖူးပါတယ်။ */

September 18, 2007

အခုတော့ ပါးစပ်ရာဇ၀င်လေး တစ်ခုဖြစ်လို့ ကျန်ခဲ့ပြီ။

တေးရေး - နိုင်မြန်မာ

ရေပြာလှိုင်းကမ်းခြေဆီ
မြေနီလမ်းကလေးကို ဖြတ်လျှောက်ခဲ့သည်
နေခြည်ရောင်ဝါခြုံလွှမ်းသည်
ပင်လယ်ဇင်ယော်တွေ ပျံဝဲလျက်ရှိသည်
အနောက်ဘက်မိုးတိမ်တွေလည်း မျောလွင့်ကြသည်
အဝေးကထုံးစေတီလေး ဖူးတွေ့မှန်းရည်
ဆည်းလည်းခတ်သံတွေလည်း သဲ့သဲ့မျှကိုယ်ကြားသည်။

ှဆံပင်တွေမျောလွင့်နေသည်
ဒီရေတိုးတက်သံသဲ့သဲ့ကြားသည်
ငိုသံလိုလိုထင်မိသည်
တချိန်တခါဆီကို မျှော်ရည်အသည်းနင့်မြစ်နဒီ
သက္ကရာဇ်နောက်ပြန်အတိတ်သွား
ရထားလေးတစ်စင်းသည်
ရုတ်တရက်ထွက်ခွာ ကာလအဟောင်းများသို့ဆီ
ကမ်းစပ်နံဘေးကရွာလေး
တဲစုစုအိမ်တန်းဆီ ။

တူနှစ်ကိုယ်မနီးစပ်နိုင်ပြီ
နှစ်ကိုယ်တူမှန်းတဲ့ အနာဂတ်ချစ်တိုင်းပြည်
ထူထောင်နိုင်ရန် စွန့်စားမည်
သူငိုနေစဉ် နေ၀င်စချုပ်ညရီ
နှေးတုံ့လေးကန် ခြေလှမ်းများစခဲ့ပြီ
တရွေ့ရွေ့ ရွေ့ကျန်ရွာလေးပျပျဝေးသီ
တနေ့တော့ချစ်ရွှေလက်တွဲ
နွှဲဆက်ဖို့ပြန်ခဲ့မည်။

ကိန္ဒရာချောင်းခြားလေပြီ
ကံကြမ္မာတရားက ရှင်ကွဲ ခွဲရက်ပြီ
တိမ်လိုလေလို လွင့်သွားပြီ
ရာသီရယ် အလီလီပြောင်းလဲခဲ့ပြီ
နှလုံးသား နှုတ်ငုံတော်ဦး ဖူးပွင့်ခဲ့ပြီ
အဝေးရောက်ချစ်သူ ပြန်ရောက်နောက်ကျခဲ့ပြီ
အသည်းအသက် လက်လွန် တဆင့်စကား နားနင့်နင့် ရင်ဆို့ ပြီ ။

မှော်ဆရာလေး ဖြစ်ချင်သည်
ပုံပြင်ဟောင်းကလေး အသက်သွင်းမိတော့မည်
တမလွန်ရွာသူ မြစန်းကြည်
ဒီရင်ဒီလွင်ဒီနှင် နှလုံးသားအရပ်ဆီ
အထိမ်းအမှတ် မျက်ရည်မြစ်ကလေး စီးဆင်းခဲ့ပြီ
အခုတော့ ပါးစပ်ရာဇ၀င်လေး တစ်ခုဖြစ်ခဲ့ပြီ
လှိုင်းဆင့်ဆင့် ရေယျာဉ်လှိုင်း
အလွမ်းရစ်မယ့်နဒီအပါးဆီ ။


/* လွှမ်းမိုး သီချင်းလေးပါ။ လွှမ်းမိုးဆိုထားတာကိုကြားဖူးပေမယ့် သိပ်မမှတ်မိတော့ပါဘူး။ ဇော်ပိုင်ပြန်ဆိုထားတာကိုပဲ နားထောင်ပြီး၊ အရမ်းကြိုက်နေတာပါ။
ဆံပင်တွေ လွင့်လာသလိုလို ဆည်းလည်းသံကြားသလိုလိုနဲ့၊ ကမ်းခြေတစ်ခုကို သတိရနေမိတယ်။
*/

Give and Take

အပေးနဲ့အယူ တဲ့ ။ လူတိုင်းကြားဖူးတဲ့ စကား။ ကျွန်မတို့နေ့တိုင်းကြုံနေရတဲ့ သဘောတရားလေးပါပဲ။ Give ပြီးမှသာ Take ကလာပါတယ် တဲ့။ မပေးဘဲနဲ့ဘာမှမရပါဘူး တဲ့။ ဟုတ်ပါတယ်။ လောကကြီးမှာ တစ်ခုပေးလို့ တစ်ခုရတာချည်းပါပဲ။ တရားလည်းတရားပါတယ်လေ။ တစ်ခုပေးပြီးလို့မှ တစ်ခုပြန်မရရင်တော့ ဒါဟာ မတရားတော့ပါဘူး။ တစ်ခုရလာပြီးတာတောင် တစ်ခုမှမပေးဖြစ်ခဲ့သေးဘူးဆိုရင်လည်း ကျေနပ်စရာ မကောင်းပြန်ပါဘူး။ ဘာမှပေးချင်ရင် ကိုယ်လည်းဘာမှမယူနဲ့။ ဘာမှမယူရင် ဘာမှပြန်ပေးစရာမလိုဘူး လို့လည်း ပြောလို့မရပါဘူး။ လူရယ်လို့ဖြစ်လာရင်တော့ မပေးချင်လည်း ပေးနေရမှာပဲ။ မယူချင်လည်းယူနေရမှာပါပဲ။
ကျွန်မအတွက်ကတော့ ပေးတယ်။ ယူတယ်ဆိုတဲ့ နေရာမှာ အရာဝတ္ထုပစ္စည်းတင်မက ပျော်ရွှင်မှု၊ ကျေနပ်မှု၊ စတဲ့ စိတ်ခံစားချက်တွေကိုလည်း ထည့်တွက်ထားပါတယ်။ ကျွန်မလုပ်ချင်တဲ့ အလုပ်တခုကို လုပ်ခွင့်ရမယ်။ အချိန်ကုန်မယ်။ ငွေကုန်မယ်။ လူပင်ပန်းမယ်။ အတိုက်အခံလုပ်ရမယ်။ ဆိုရင်တောင် လုံလောက်တဲ့ကျေနပ်မှုတခုရရင်ပဲ အဲဒါ ကျွန်မအတွက် Give and Take ပဲ။ ဒီလိုပဲ။ တခုခုကို ရထားပြီဆိုရင်လည်း အဲဒီအတွက် တခုမှပြန်မပေးရသေးရင် အလွန်အားနာရပါတယ်။ ပေးတဲ့သူက ဘာမှမျှော်လင့်မထားရင်တောင် အားနာရပါတယ်။ တချို့ သောသူတွေဆီကနေ ကျွန်မ Take ချည်းလုပ်မိတာရှိပါတယ်။ အဲဒီလူတွေကို ဘာမှပြန်မပေးနိုင်သေးတဲ့အခါ ကျွန်မ အမြဲ အားနာနေရပါတော့တယ်။ ကျွန်မကြောင့် ကျွန်မနဲ့ပတ်သတ်တဲ့သူတွေ ပျော်ရွှင်ရတယ် ဆိုလည်း ဒါ သူတို့ကို ပေးနိုင်တဲ့ ကျွန်မရဲ့ Give ပါပဲ။
သေချာစဉ်းစားမယ် ဆိုရင် ကျွန်မတို့တွေ Take တွေပဲ များနေမလား။ Give ကရော ရှိရဲ့လား။ အင်း .. Give များများလုပ်ပြီး၊ အဲဒီ Give ကနေမှ စိတ်ကျေနပ်ခြင်းဆိုတဲ့ Take ကိုပဲ ပြန်ယူနိုင်အောင် ကြိုးစားမယ်ဆိုလည်း ဘ၀ကြီးက နေပျော်စရာကောင်းမယ် ထင်တာပါပဲ။

ကျွန်မကြိုက်သော .. (၂)

ငါနဲ့ငါး

ဘာလို့များ
ငါ့ရဲ့နေရာကို
အိမ်မက်တွေပေးဖို့
တက်လာခဲ့ကြလဲ
လှိုင်းတို့ရယ် ..။

ကျောက်ဆောင်တွေ
ထာဝရအုပ်မိုးနေတဲ့
ငါ့ရဲ့လျှိုကလေးထဲမှာ
ငါးတချို့ ကို ချန်ထားလို့
ဝမ်းစာတခုအတွက်သာ
ငါအသက်ရှင်ခဲ့ရင်ဖြင့်
သူတို့ကို တံစို့မှာ ကင်မိလိမ့် ..။

ကံကခေဆဲပါ
သမုဒ္ဒရာရဲ့ ကမ်းခြေမှာ
ပုလဲရတနာနဲ့ လဲနိုင်မယ့်ငါးတို့ကတော့
ငါ မျှားတိုင်း ပါမလာခဲ့ ..။

ခင်မြဇင် (ရုပ်ရှင်တေးကဗျာရသစုံမဂ္ဂဇင်း။ ၃/၉၉)

/* Fish and Me

Why have you, the waves,
Swam up to my place
To give me dreams ?

Always shadowed by rocky cliffs
My ravine has fenced in some fish
Should I only live for my stomach,
I would impale them and grill.

Misfortunes have been befalling me
On the ocean beach
Fish that are worth bartering with pearls
Are not always caught
Though I expected they be.

Translated by Toe Kyaw Hlaing
*/

ကျွန်မကြိုက်သော .. (၁)

ခရီးဝက်မှတ်တိုင်

ပြီးခဲ့တဲ့ ခရီးတ၀က်ဟာ
နာကြည်းမှု နွမ်းနယ်မှု
ဖုန်ခိုးမြူထုထဲ မှုန်ဖွဲဖွဲကျန်ရစ်ခဲ့ ။

အို . မှတ်တိုင်...
ခြေစုံရပ်လို့ သင့်ရှေ့မှောက်ရောက်ခိုက်မှာ
နောက်ကြောင်း
ခြေလှမ်းပေါင်းထောင်ရာ
ဝေးကွာခဲ့ပြီ ။

ခရီးဦးအစက ချွန်မြတဲ့ဆူး
လေရူးလေပြင်းတွေလဲ
သွားလာရင်းအေးမြ လေ့ကျင့်သားရခဲ့ရဲ့ ။

သည့်ထက်ပိုပြီး မစူးနိုင်တော့ပါဘူး
သည့်ထက်ပိုပြီး မရူးနိုင်တော့ပါဘူး
ခရီးဦးမှတ်တိုင်မှ
ခရီးဝက်မှတ်တိုင် ယိုင်နဲ့နဲ့ခြေလှမ်း
သည်လိုနဲ့ စမ်းလျှောက်တတ်ခဲ့ပြီပဲ
မျှော်လင့်ခြင်းများစတင်
မှတ်တိုင်တွေ တသွင်သွင်ဖြတ်သန်း
လမ်းခုလတ်ရောက်မှတော့
ရှေ့ဆက်လျှောက်ရမပေါ့
အို. မှတ်တိုင်
မဝေးတဲ့မိုင်ပေါင်းများစွာ
ဖြောင့်မှန်စွာ ညွှန်ပြစမ်းပါ။

ခင်မြဇင် (စံပယ်ဖြူမဂ္ဂဇင်း။ ၆/၈၅)

/*
Halfway-stop

Halfway that has so far been made
Together with bitterness and burnout
Left behind in vague
Amidst the clouds of dust.

Oh.. Stop
When standing right at your feet,
The distance of hundred thousand steps, of course
(I've) already reached.

Like pointed thouns
Strong and wild winds of the beginning
As travelling on and on
Have turned out to be coding.

There could be no more strings than ever
Bestronger and wilder the winds could never

Till halfway from the start
In such clumsy steps
(I) could learn to walk on afar.

Hopes dwindled
Hopes started day by day
As getting past stops one by one
Right now on the halfway
Just to move on, having no other way.

Oh.. Stop
Miles are not far away ahead
Please show me the right track.
*/

မိုးရွာပြီးစ ညနေခင်း

စာရေးဆရာမ ခင်မြဇင်ရဲ့ မိုးရွာပြီးစညနေခင်း ဆိုတဲ့ခေါင်းစဉ်နဲ့ ကဗျာစာအုပ်လေးကို ဖတ်ဖြစ်ပါတယ်။ ကဗျာအားလုံးကို ဆရာ တိုးကျော်လှိုင်က Translate လုပ်ထားပါတယ်။ ကဗျာလည်းကြိုက်၊ English ကိုလည်း လေ့လာချင်သူတွေအတွက် အဆင်ပြေနိုင်မယ့်စာအုပ်ပါ။
ကဗျာဆိုတာ ဖတ်တဲ့သူပေါ်မူတည်ပြီး ခံစားချက် အမျိုးမျိုးပေးနိုင်စွမ်း ရှိတဲ့အရာလို့ ယူဆထားပါတယ်။ ကျွန်မတစ်ယောက်တည်းအနေနဲ့တောင် ကဗျာတပုဒ်တည်းအပေါ် ခံစားမိတဲ့ခံစားမှုက ကျွန်မရဲ့ စိတ်အခြေအနေပေါ်မူတည်ပြီး တချိန်နဲ့တချိန်မတူပါဘူး။ ခုချိန်မှာ ရှိတဲ့ကျွန်မခံစားမှုနဲ့ပဲ ဒီကဗျာစာအုပ်က ကဗျာတွေထဲကနေ ကျွန်မကြိုက်တဲ့ ကဗျာလေး နှစ်ပုဒ်ကို တင်ပေးချင်ပါတယ်။

September 14, 2007

Internet and download

ခုတလော ကျွန်မတို့ မြို့လေးမှာလည်း Internet ကိုစိတ်ဝင်စားမှု များပြားလာတယ် လို့ဝမ်းမြောက်ဖွယ် ကြားသိရပါတယ်။
လွန်ခဲ့သော (၂)နှစ် ကတော့ Internet ဆိုတာကို အသုံးပြုသူတွေ၊ စိတ်ဝင်စားသူတွေ ကျွန်မတို့ မြို့မှာ ရှားပါးပါသေးတယ်။ Cyber Cafe အနေနဲ့ဆိုရင် Training Center တခုနဲ့ DTP ဆိုင် တခု၊ နေရာ(၂)ခုမှာ သုံးလို့ရပါတယ်။ ipStar ပါ။ Connection ကတော့ စိတ်ရှည်ရင် ရှည်သလိုပေါ့နော်။ Email, Internet သင်တန်းဆိုတာလည်း သီးသန့်မရှိပါဘူး။ Internet Journal ကိုတောင် လွန်ခဲ့တဲ့ (၂)နှစ်ကဆိုရင် ကျွန်မတို့မြို့မှာဝယ်လို့မရသေးပါဘူး။
ခုချိန်မှာတော့ Cyber Cafe လိုသုံးနိုင်တာကတော့ အရင်ဆိုင်(၂)ဆိုင်ပဲရှိသေးပေမယ့် Access Kit တွေသုံးနိုင်လာပြီ။ ADSL လည်းရတော့မယ်တဲ့။ Email, Internet သီးသန့်သင်တန်းကိုလည်း တောင်းဆိုသူတွေ များပြားလာပါတယ်။ ADSL ရရင်တော့ Cyber Cafe ဖွင့်ဖို့ပြင်ဆင်နေတဲ့ သူတွေလည်း ရှိနေပါပြီ။ သုံးကြတာကတော့ အများစုက ထုံးစံအတိုင်း Chat မျိုးစုံနဲ့ Email ပဲပေါ့။ ဘာပဲသုံးသုံးလေ စိတ်ဝင်စားလာတာကိုက positive ပဲမဟုတ်လား။ Internet အသုံးပြုခက တစ်နာရီကို (1000) ကျပ်ပါ။
ဒါပေမယ့်..................................download 1 MB ကို (300) ကျပ် ပေးရပါတယ်တဲ့လေ။( ဘာလို့လဲဆိုတာတော့ ကျွန်မလည်း ipStar အကြောင်းမသိလို့ မပြောတတ်ပါဘူး။ ) ဒီတော့ Internet သုံးချင်ရင် တစ်နာရီအတွက် ငွေ (1000)ရယ်၊ စိတ်ရှည်မှုရယ်အပြင် download လုပ်မယ်ဆိုရင် download အတွက်လည်း ငွေလိုသေးတာပေါ့။ တစ်နာရီအတွက် (1000)ပဲ ရှိတယ်ဆိုရင်တော့ download မလုပ်ရုံပေါ့။ ပြဿနာကတော့ ကျွန်မက ကျွန်မရဲ့ သူငယ်ချင်းတွေဆီ ချစ်ခြင်းအားဖြင့် mp3 သီချင်းတစ်ပုဒ်လောက် ပို့ပေးလိုက်မယ်ဆိုရင် ကျွန်မရဲ့ ချစ်ခြင်းအားဖြင့် က သူ့အိတ်ထဲက အနည်းဆုံး(900) ကျပ်လောက် ကိုနှိုက်မိပြီးသားပဲပေါ့။
အင်းလေ..... ဘာပဲဖြစ်ဖြစ် Internet သုံးခွင့်ရတာ၊ download လုပ်ခွင့်ရတာပဲ ကံကောင်းလှပါပြီလေ။ နော့။
ဘာရယ်မဟုတ်ပါဘူး။ တိုးတက်လာပုံများ ပြောပါတယ်။

September 13, 2007

အပိုင်းအစများ

မလွမ်းဖြစ်ခဲ့ပါဘူး
ချည်နှောင်ထားတဲ့ကြိုးတွေ တင်းလွန်းလို့။

ဝန်မခံဖြစ်ခဲ့ဘူး
နောင်တရမှာ ကြောက်လို့။

သွားနှင့်ပါ။
လမ်းချိုးတစ်ခုမှာတော့ မှီနိုင်ကောင်းရဲ့ ။ ။

September 11, 2007

Happy Birthday

Happy Birthday My Dear !!!!!!!!!!
She is my loving friend. We have meet since 1997.
I miss u so much. I can't phone to u today. Forgive me.
Happy Birthday and Many happy return of the day............

September 09, 2007

dairy

ဒီနေ့အတွက်ဒိုင်ယာရီ

စနေ၊ တနင်္ဂနွေ နှစ်ရက်လုံး မနားဘဲ အလုပ်လုပ်ရပါတယ်။ ၀ါသနာပါတဲ့ အလုပ်မဟုတ်ပေမဲ့ ကိုယ့်တာဝန်ကိုတော့ အစွမ်းကုန် ကြိုးစားပါတယ်။ ပင်ပန်းတယ်။

Dream 2

ခေါင်းစဉ်မရှိသော

ညီမလေးပုံပြင်ကို ငါမသိပါဘူး
ဒါပေမယ့် အလွမ်းတွေတော့ လွင့်လွင့်လာတယ်။

ညီမလေးက ပျော်ရွှင်စေတတ်တဲ့ Hamster လေးဆို
ငါက သစစြာရှိတဲ့ ခွေးတစ်ကောင်ပဲ ဖြစ်ချင်တယ်။

ညီမလေးက ပြုစားတတ်တဲ့ စုန်းဆို
ငါက မီးခွက်စောင့်ဘီလူးပဲ ဖြစ်ချင်တယ်။

သူ့နှုတ်ခမ်းက ညီမလေးလို့ ဖွဖွရွတ်ချိန်မှာ
ငါ့နှလုံးသားက သူ့နာမည်ကို ညည်းတွားတယ်။

သူ့ရဲ့အိပ်ပျက်ညတွေနဲ့ ညီမလေးကဗျာတွေများလာချိန်မှာ
ငါက တဖက်သတ် အိမ်မက်ရှည်ရှည်တွေကို သိမ်းကျုံးမက်တယ်။

သူက ညီမလေးပုံပြင်ကို အသက်သွင်းလို့ ကောင်းတုန်းမှာ
ငါကတော့ ရင်ခုန်သံတွေကို သေဆုံးခိုင်းနေရတယ်။

ညီမလေးပုံပြင်ကို ငါမသိပါဘူး
ဒါပေမယ့် အလွမ်းတွေတော့ လွင့်လွင့်လာတယ်။

September 05, 2007

Threefold Refuge (သရဏဂုံသုံးပါး)

သရဏဂုံ(၃)ပါး
Taking Threefold Refuge

၁။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
(မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ယုံကြည်ဆည်းကပ်ပါ၏ ။)
I take refuge in the Buddha.

၂။ ဓမ္မံ သရဏံ ဂစ္ဆာမိ။
(တရားတော်ကို ကိုးကွယ်ရာဟူ၍ ယုံကြည်ဆည်းကပ်ပါ၏ ။)
I take refuge in the Dhamma.

၃။ သံဃံ သရဏံ ဂစ္ဆာမိ။
(သံဃာတော်ကို ကိုးကွယ်ရာဟူ၍ ယုံကြည်ဆည်းကပ်ပါ၏ ။)
I take refuge in the Sangha.

သရဏဂုံအကျိုးပြကဗျာ

သရဏဂုံ တကယ်မြဲရင်၊ အပါယ်ငရဲကြောက်ဖို့မလို။
နတ်ဖြစ်သော်လည်း တူနိုင်ရိုးလား၊ ဆယ်မျိုးဂုဏ်စု သူ့ထက်ပို။
ငါးဖြာအာရုံလာမတုနှင့်၊ အာယု၊ ၀ဏ္ဏ၊ သုခဆို။
အာဏာပိုင်စိုး၊ ခြွေရံတိုး၊ ဆယ်မျိုးဂုဏ်ကဲပို။
အဲဒါကြောင့် သရဏဂုံပန်း၊ အစဉ်လန်း ဆင်မြန်းပန်စေလို။

/* ၁။ အသက်ရှည်ခြင်း ၂။ အဆင်းလှခြင်း ၃။ ချမ်းသာကြီးခြင်း ၄။ အခြွေအရံများခြင်း ၅။ အစိုးရခြင်း။
၆။ အဆင်း ၇။ အသံ ၈။ အနံ့ ၉။ အရသာ ၁၀။ အထိအတွေ့ တို့ကိုသုံးဆောင်ခံစားမှု၌ သာလွန်ခြင်း */

Five Precepts (ငါးပါးသီလ)

ဝါခေါင်လဆုတ် (၈)ရက်၊ ဥပုသ်နေ့ ။

ငါးပါးသီလThe Five Precepts
၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
(သူ့အသက်လည်း မသတ်ဘဲ အမြဲရှောင်ကြဉ်မည်။)
I abstain from killing any living being.
၂။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
(သူ့ဥစ္စာလည်း မခိုးဘဲ အမြဲရှောင်ကြဉ်မည်။)
I abstain from stealing.
၃။ ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
(ကာမဂုဏ်လည်း မမှားဘဲ အမြဲရှောင်ကြဉ်မည်။)
I abstain from committing sexual misconduct.
၎။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
(လိမ်ညာ၍လည်း မပြောဘဲ အမြဲရှောင်ကြဉ်မည်။)
I abstain from telling lies.
၅။ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
(သေအရက်လည်း မသောက်ဘဲ အမြဲရှောင်ကြဉ်မည်။ မူးယစ်ဆေးလည်း မသုံးစွဲ အမြဲရှောင်ကြဉ်မည်။)
I abstain from taking intoxicating drinks and drugs.

September 04, 2007

ရင်ခုန်သံဒွိဟ

ရင်ခုန်သံဒွိဟ

ခေါင်းဖြီးဖို့နဲ့ဖိနပ်စီးဖို့၊
သြော်.... မဟုတ်ပါဘူး
နှလုံးသားကိုက နှစ်စုံဖြစ်နေတာ။

လောဘကြီးတာလား ?
အတ္တကြီးတာလား ?
အချစ် လို့ နာမည်တပ်ရမှာ အားနာစရာ။

ပုံပြောခဲ့တာ။
ဟင့်အင်း
ရင်ခုန်သံတစ်ခုစီက ၁၀၀% ပါ။

ထားခဲ့ကြမယ်။
ရပါတယ်
ငါ့အပြစ်နဲ့ငါပဲလေ။

နှလုံးသားတွေအတွက်
ကံကြမ္မာက
ခေါင်းပန်းလှန်ပေးမှာပါ။

ငါကတော့
ကဗျာဘွဲ့မှူးရဲ့ သီချင်းတစ်ပုဒ်ကိုပဲ
တရားခံရှာထားမယ်။ ။

Love

အချစ်

နှလုံးသား email မှတဆင့်
ဝင်လာတတ်သော virus တစ်မျိုး။
ဦးနှောက် anti-virus ကိုလှည့်စား၍
ဆင်ခြင်တုံတရား data များကို
ပျက်စီးစေသည်။ ။

September 03, 2007

Intro

ဒီ Blog လေးကတော့ ပထမဆုံးရေးဖြစ်တဲ့ Blog လေးပါပဲ။ ဒီလိုရေးချင်တာတော့ ကြာခဲ့ပါပြီ။ ခုမှသာ ရုပ်လုံးပေါ်လာ တာပါ။ ကျေးဇူးတင်ရမယ့်သူတွေကတော့ ကျွန်မဖတ်မိတဲ့ Blog တိုင်းက Blogger တွေပဲပေါ့။ နောက် Why do we blog Seminar ပါ။ (နောက် သိပ်မရင်းနှီးပေမဲ့ ကျွန်မ အားမနာ ပါးမနာ ဒုက္ခပေးနေတာကို မဆီမဆိုင်ခံနေရတဲ့ အစ်ကိုတစ်ယောက်ကိုလည်း ကျေးဇူးအထူးတင် ရမှာပါ။)

တကယ်တမ်းတော့ ကျွန်မက သာမန် user တစ်ယောက်ပါပဲ။ Internet ကိုတောင်သုံးဖြစ်တာ မကြာသေးပါဘူး။ Technical ပိုင်းလည်း နားမလည်၊ Software တွေအကြောင်းလည်းမသိ၊ ဘာမှလည်းမတတ်တော့ ဘာကိုရေးရမယ်ဆိုတာတောင် မသိပါဘူး။ Zawgyi keyboard Installer ကိုတောင် လွန်ခဲ့တဲ့ တစ်လလောက်ကမှ စမ်းတ၀ါးဝါးသိလာတာပါ။

ကဲ… ဒီတော့ ကျွန်မ ဘာတွေရေးမလဲ။ ခံစားချက်တွေ၊ စိတ်ကူးတွေကိုပဲ dairy သဘောမျိုးလေးရေးမယ်လို့ ဆုံးဖြတ်ထားပါတယ်။ ကျွန်မကိုယ်ကျွန်မလည်း Challenge လုပ်ထားပါတယ်။ ကျွန်မရဲ့ တိုးတက်မှုကိုပေါ့။ ဒီBlog လေးကို လာဖတ်တဲ့သူ တခုခုရသွားဖို့ အတွက်ဆိုရင် ကျွန်မ ကိုယ်တိုင် အများကြီးလေ့လာရမယ်လေ။ ဘယ်လောက်တိုးတက် လာမလဲ ဆိုတာ ကျွန်မကိုယ်ကျွန်မ စောင့်ကြည့်ချင်ပါတယ်။

ဒီနှစ် (2007) မှာ ကျွန်မ စိတ်ဓာတ်တွေတော်တော်ကျနေပါတယ်။ ကျွန်မအတွက် ကံမကောင်းတဲ့ နှစ်တစ်နှစ် လို့ဆိုရမှာပေါ့။ စာအုပ်ဖတ်ရင်တောင် ခေါင်းထဲဘာမှမ၀င်ပါဘူး။ ဒါ negative အခြေအနေဆိုတာ ကျွန်မသိပါတယ်။ ဒါကို ပြုပြင်ပြောင်းလဲဖို့ ကျွန်မ ကြိုးစားနေပါတယ်။ ဒီ Blog ဟာ လည်း ကျွန်မကြိုးစားမှု တစ်ခုလို့ ပြောလို့ရပါတယ်။

ကျွန်မရဲ့ Internet သုံးချိန်ဟာ တစ်လမှာ နာရီ(၂၀)ထက် မပိုတာမို့လို့ နေ့တိုင်း Update မဖြစ်နိုင်ပေမယ့် အတတ်နိုင်ဆုံး ကြိုးစားသွားပါ့မယ်။

Break

လမ်းခွဲ

ပြီးခဲ့ပြီပဲ

လွမ်းမနေပါနဲ့။

မင်းအလွမ်းကြောင့်

ငါအသက်ရှုကျပ်တယ်။

ပြောပြနေစရာမလိုပါဘူး

ရင်ထဲရှိရုံနဲ့တင် ကျေနပ်တယ်။

သူ့အပြစ်

ကိုယ့်အပြစ်

ကံကြမ္မာလို့ပဲ ထားလိုက်ပါ။

ချစ်သူတိုင်းသာ ပျော်ကြရရင်

အလွမ်းသီချင်းတွေ နှမြောစရာ

ကိုယ်တို့ အနစ်နာခံလိုက်ကြရအောင်။



/* This is wirtten in my uni hons: life. */

September 02, 2007

My Gtalk Picture


This is my gtalk picture. Most of my gtalk friends tell me to change that picture. So ugly. But i like it so much.
coz it is the same with me.

Dream 1

အိမ်မက်ခူးသူ

ငါဟာ အိမ်မက်မြင့်မြင့်တွေကို

အားကျတတ်တဲ့

ကောင်မလေးတစ်ယောက်ပါ။

ယုံကြည်ခြင်းကို တံချူလိုသုံး

မျှော်လင့်ခြင်းကို ခုတုံးလုပ်ပြီး

အိမ်မက်တွေကို လိုက်ခူးမိတယ်။

ငါကပဲ ညံ့လွန်းတာလား?

ငါ့အိမ်မက်တွေကပဲ မြင့်လွန်းတာလား?

ငါ့လက်ထဲမှာတော့ ဗလာနတ္ထိပဲ။

မဆုံးနိုင်သေးတဲ့ လမ်းတွေပေါ်

မမောတမ်းလျှောက်ရင်း

တခါတခါတော့လည်း

အခါခါရင်းရတဲ့ ရင်ဘတ်ကိုပဲ

အားနာလာမိတယ်။



I have written this poem when i have attended my uni second year (2003).