September 14, 2007

Internet and download

ခုတလော ကျွန်မတို့ မြို့လေးမှာလည်း Internet ကိုစိတ်ဝင်စားမှု များပြားလာတယ် လို့ဝမ်းမြောက်ဖွယ် ကြားသိရပါတယ်။
လွန်ခဲ့သော (၂)နှစ် ကတော့ Internet ဆိုတာကို အသုံးပြုသူတွေ၊ စိတ်ဝင်စားသူတွေ ကျွန်မတို့ မြို့မှာ ရှားပါးပါသေးတယ်။ Cyber Cafe အနေနဲ့ဆိုရင် Training Center တခုနဲ့ DTP ဆိုင် တခု၊ နေရာ(၂)ခုမှာ သုံးလို့ရပါတယ်။ ipStar ပါ။ Connection ကတော့ စိတ်ရှည်ရင် ရှည်သလိုပေါ့နော်။ Email, Internet သင်တန်းဆိုတာလည်း သီးသန့်မရှိပါဘူး။ Internet Journal ကိုတောင် လွန်ခဲ့တဲ့ (၂)နှစ်ကဆိုရင် ကျွန်မတို့မြို့မှာဝယ်လို့မရသေးပါဘူး။
ခုချိန်မှာတော့ Cyber Cafe လိုသုံးနိုင်တာကတော့ အရင်ဆိုင်(၂)ဆိုင်ပဲရှိသေးပေမယ့် Access Kit တွေသုံးနိုင်လာပြီ။ ADSL လည်းရတော့မယ်တဲ့။ Email, Internet သီးသန့်သင်တန်းကိုလည်း တောင်းဆိုသူတွေ များပြားလာပါတယ်။ ADSL ရရင်တော့ Cyber Cafe ဖွင့်ဖို့ပြင်ဆင်နေတဲ့ သူတွေလည်း ရှိနေပါပြီ။ သုံးကြတာကတော့ အများစုက ထုံးစံအတိုင်း Chat မျိုးစုံနဲ့ Email ပဲပေါ့။ ဘာပဲသုံးသုံးလေ စိတ်ဝင်စားလာတာကိုက positive ပဲမဟုတ်လား။ Internet အသုံးပြုခက တစ်နာရီကို (1000) ကျပ်ပါ။
ဒါပေမယ့်..................................download 1 MB ကို (300) ကျပ် ပေးရပါတယ်တဲ့လေ။( ဘာလို့လဲဆိုတာတော့ ကျွန်မလည်း ipStar အကြောင်းမသိလို့ မပြောတတ်ပါဘူး။ ) ဒီတော့ Internet သုံးချင်ရင် တစ်နာရီအတွက် ငွေ (1000)ရယ်၊ စိတ်ရှည်မှုရယ်အပြင် download လုပ်မယ်ဆိုရင် download အတွက်လည်း ငွေလိုသေးတာပေါ့။ တစ်နာရီအတွက် (1000)ပဲ ရှိတယ်ဆိုရင်တော့ download မလုပ်ရုံပေါ့။ ပြဿနာကတော့ ကျွန်မက ကျွန်မရဲ့ သူငယ်ချင်းတွေဆီ ချစ်ခြင်းအားဖြင့် mp3 သီချင်းတစ်ပုဒ်လောက် ပို့ပေးလိုက်မယ်ဆိုရင် ကျွန်မရဲ့ ချစ်ခြင်းအားဖြင့် က သူ့အိတ်ထဲက အနည်းဆုံး(900) ကျပ်လောက် ကိုနှိုက်မိပြီးသားပဲပေါ့။
အင်းလေ..... ဘာပဲဖြစ်ဖြစ် Internet သုံးခွင့်ရတာ၊ download လုပ်ခွင့်ရတာပဲ ကံကောင်းလှပါပြီလေ။ နော့။
ဘာရယ်မဟုတ်ပါဘူး။ တိုးတက်လာပုံများ ပြောပါတယ်။

1 comment:

Anonymous said...

Interesting to know.