January 22, 2008

My favourite

ပီဠိယက္ခဆိုတာ
လူနဲ့သမင်တောင် မခွဲခြားတတ်တဲ့
ခပ်ညံ့ညံ့မြားပစ်သမားပဲ။

လေးတင်ပွဲတုန်းက
ရာမဆိုတဲ့ကောင်လေးကိုသနားလို့
ဝင်မပြိုင်ဘဲ ' ပတ်စ် ' ပေးခဲ့တာ
အဟုတ်ကြီးထင်မနေနဲ့။

ခေါင်းပေါ်ကပန်းသီးကို
မှန်အောင်ပစ်နိုင်ရုံကလေးနဲ့
သူ့ကိုယ်သူ
လေးသည်ကျော်ကြီး ၀ီလျံတဲ ဆိုပါလား
သနားတယ်။

အမယ် ရော်ဘင်ဟု တဲ့
ဇနပုဒ်က တောပုန်းကလေးကများ
ရာရာစစ
တော်ရာမှာပဲသွားပစ်စမ်းပါကွယ်။

တကယ်တော့
လောကမှာ လေးစွမ်းအထက်ဆုံးဆိုတဲ့
သိဒ္ဓတ္ထမင်းသားတောင်
ငယ်နုစဉ်က
ကျုပ်မြားချက်ကိုတော့
လွတ်အောင်မရှောင်နိုင်ခဲ့ပါဘူး။

ဟုတ်ပါ့
မြားနတ်မောင်ဆိုတာ
ဘယ်တော့မှ အပေါ်ထောင်မပစ်ဘူးလေ။ ။

/*
ဒီကဗျာလေးကိုတော့ ဖတ်ပြီးကြပြီလို့ ထင်ပါတယ်။ ဟုတ်ကဲ့.. မင်းလူရဲ့ အလွမ်းသစ် ၀တ္ထုထဲက ကဗျာလေးပါ။ ဖတ်ပြီးပြီးချင်း သဘောကျတာနဲ့ အကြိုက်ဆုံးထဲ ထည့်လိုက်တာပါ။

အင်း... မြားနတ်မောင်ကအပေါ်ထောင်မပစ်ဘူးဆိုပေမဲ့ .....................
တည့်တည့်ကြီးနဲ့ တလွဲတော့ပစ်တတ်တယ် ထင်တယ်။ အသက်ကြီးလို့မျက်စိမှုန်နေတာများလား။ နောက်.. မြားတစ်စင်းတည်းကို နှစ်ယောက်သုံးယောက်အတွက် သုံးတတ်သေးလား။ အပျင်းထူပြီးများ လိုက်ဖက်အောင် သေချာမရှာ မစဉ်းစားတော့ဘဲ ရမ်းသမ်းပစ်တတ်လို့လား။ ဒါမှမဟုတ် ပစ်စရာမြားကုန်တတ်တာလား။ အများကြီးဖြစ်နိုင်သေးတယ်နော်။ အမြဲတမ်းတော်နေရင်တော့ ဘယ်မှာအသည်းကွဲသီချင်းရှိဦးမှာလဲ။
ကျွန်မအလှည့်ကျရင်လည်း ပစ်စရာမြားကုန်နေပါစေလို့ ဆုတောင်းရမလား။ ကျွန်မကို မျက်စိမှောက်ပြီး ရှာမတွေ့ပါစေနဲ့လို့ပဲ ဆုတောင်းရမလား။ သူရမ်းသမ်းပစ်နေမှာထက်စာရင်တော့ အပစ်မခံရတာက ပိုကောင်းတယ်လေ။ :D :) :P
*/

January 18, 2008

အပိုင်းအစများ

စိတ်မကောင်းစရာ အကောင်းဆုံးတစ်ခုကိုသိရတယ်။ စာဖတ်နိုင်တဲ့နှုန်း လုံးဝကျသွားခြင်းပဲ။ အရင်ကဆို စာအုပ်တွေ တော်တော်ဖတ်နိုင်တာ။ ဖတ်လည်းဖတ်ဖြစ်ခဲ့တယ်။ ခု ရန်ကုန်ရောက်ပြီး (၂)နှစ်ကျော်မှာ စာဖတ်အားလုံးဝမရှိတော့တာသိတယ်။ ဒါပေမယ့် ဘယ်လောက်ဆိုးသွားပြီလဲ မသိလိုက်ဘူး။ ခုမှ သေသေချာချာသိတော့တယ်။ လွန်ခဲ့တဲ့ (၁)လကျော်ကတည်းကဖတ်နေတဲ့ မြသန်းတင့်၊ သုခမြို့တော်က ခုထိမဆုံးသေးဘူး။ ဖတ်သာဖတ်တယ်။ မသိဘူးဖြစ်ဖြစ်နေတယ်။ ဦးနှောက်ပဲပျက်သွားတာလား။
ဒီတစ်ခုကိုတော့ ၀မ်းအနည်းဆုံးပါ။

စိတ်တွေလေးတယ်။ သီရိဂျေမောင်မောင်ရဲ့ အစစ်ဖြစ်မယ့်နေ့ သီချင်းကိုပဲ တနေ့လုံး၊ တညလုံး ဖွင့်ထားမိနေတယ်။
ငွေကြယ်စင်တွေကြွေနေတယ်။ ဒီလိုသန်းခေါင်ယံအချိန်မှာကွယ်။ ....................................
ဒီအိမ်မက်များ အစစ်ဖြစ်မယ့်နေ့ကို။ .......................

နောက်.............
စိတ်ကလွဲရင် အားလုံးသန့်ပြန့်နိုင်တယ်။ ဆိုတဲ့ Big Bag သီချင်းထဲက စာသားလေးကိုပဲကြားယောင်ပြန်တယ်။

ချောင်းဆိုးနေတာကလည်း ပြန်ကိုမကောင်းသေးဘူး။ (၃)ပတ်ကျော်ချောင်းဆိုးလျှင် ဆိုတဲ့ ကြော်ငြာကိုပဲ ပြေးပြေးမြင်နေတယ်။
စာကျက်မယ်ဆိုတာလည်း မကျက်ဖြစ်သေးပါ။



January 14, 2008

စာကျက်ရန် ကြံစည်ခြင်း

နောက်လာမယ့် (၁၀)ရက်မှာ စာမေးပွဲဖြေရမယ်။ သင်တန်းမှာသင်တာ သင်ခန်းစာ(၂၄)ရောက်ချိန်မှာ လူက သင်ခန်းစာ(၈)မှာကျန်နေခဲ့တယ်။ ဒီ(၁၀)ရက်အတွင်းမှာ အသည်းအသန်ခဲမှန်ကြိုးစားရပါတော့မယ်။ ဒီတော့ ..........................

internet cafe သွားရတဲ့အချိန်က ရုံးအပြန်ညနေပိုင်းဆိုတော့ အဲဒီအချိန်လေးတွေကို စုစုပြီး၊ စာကျက်ကြည့်မလားလို့။ အချိန်မီလေး ကြိုးစားကြည့်မလို့။ နည်းနည်းလေးအရေးကြီးသလားလို့ပါ။ ဒီအတောအတွင်း အသစ်မတင်နိုင်ခဲ့ရင်လည်း နားလည်ပေးပါ။ ဟိုလိုလိုဒီလိုလိုကို မမေ့လိုက်ဘဲ ပြန်လာခဲ့ကြပါဦးလို့။ ။

January 07, 2008

Favourite

မင်းကိုငါချစ်တာ
ငါ့ကိုယ်ငါချစ်တာမဟုတ်ဘူး။

မင်းမျက်လုံးက
ငါ့မျက်လုံးကို လာမနားတော့
ငါ့အသံက
မင်းအသံကို မကြားရဘူး။

မင်းဂီတက
မင်းကို သွေးအေးသလို
ငါ့ဂီတက
ငါ့ကို နှေးကွေးတယ်။

မင်းက
ငါ့ထက် တစ်နှစ်စောမွေးလို့
ငါက
မင်းနဲ့ တစ်နှစ်စောဝေးခဲ့ရတာ။

ငါ့ကိုယ်ငါ သတိမရပေမယ့်
မင်းကိုငါ သတိရတယ်။

မင်းကတော့
ငါ့သတိရခြင်းကို မေ့လျော့လို့
ငါ့မှာတော့
မင်းမေ့လျော့ခြင်းကိုမှ သတိရလို့။ ။


/* ဖတ်မိတဲ့ကဗျာတွေထဲက ကြိုက်တဲ့ကဗျာတွေကို ရေးသိမ်းထားပြီး၊ မကြာခဏ ပြန်ပြန်ဖတ်တတ်ပါတယ်။ တချို့  ကဗျာတွေမှာတော့ ခေါင်းစဉ်ရော၊ ကဗျာဆရာနာမည်ပါ မှတ်ထားမိပေမယ့် တချို့ တချို့ မှာတော့ အင်္ဂါမစုံဖြစ်နေပါတယ်။ ဘယ်လိုကဘယ်လိုမမှတ်ထားလိုက်မိမှန်းမသိတော့ပါဘူး။ ကျွန်မရဲ့ ညံ့ဖျင်းမှုပါ။ ဒီကဗျာလေးကိုလည်း ကြိုက်လွန်းလို့ သိမ်းထားပြီး ခဏခဏဖတ်မိပေမယ့် ကဗျာခေါင်းစဉ်နဲ့ ကဗျာရေးတဲ့သူကိုတော့ သေချာမမှတ်မိတော့မပါဘူး။ ထင်တာကတော့ ကဗျာဆရာကစောဝေ၊ ခေါင်းစဉ်ကတော့ ဘယ်သန် လို့ထင်ပါတယ်။ မသေချာပါဘူး။ နောက်ဆိုရင်တော့ ကဗျာတစ်ပုဒ်ကြိုက်လို့ကူးတိုင်း ကဗျာဆရာကိုရော၊ ခေါင်းစဉ်ပါမက ဘယ်မှာပါတယ်ဆိုတာကိုပါ မှတ်ထားပါ့မယ်။ ကဲ ခုတော့ ဒီကဗျာလေးကိုပဲ ခံစားကြည့်ပေးပါဦး။ */

Dairy

နေ့တိုင်းမနက်(၄)နာရီခွဲမှာ ရေအချိုးကောင်းလို့ လွန်ခဲ့တဲ့နှစ်ပတ်ကျော်ကစ အဆုတ်အအေးပတ်လို့ ချောင်းတဟွပ်ဟွပ်ဖြစ်ခဲ့ရပါတယ်။ 2008 New Year Night ကိုလည်း ချောင်းဆိုးရင်းနဲ့ ဖြတ်သန်းခဲ့ရပါတယ်။ စိတ်ကသိကအောက်အဖြစ်ရဆုံး ဝေဒနာတွေထဲမှာ ချောင်းဆိုးတာနဲ့ နှာစေးတာကထိပ်ဆုံးကပဲ။ စာသင်နေရင်လည်း သူများကိုအားနာရ၊ ကားစီးရင်လည်းဘေးလူကိုအားနာရ၊ အပြင်ကလည်းမထွက်လို့မရ။ တော်တော်ကသိကအောက်ပါ။ နောက် သိကြတဲ့အတိုင်း ချောင်းဆိုးပျောက်အောင်သောက်ရတဲ့ဆေးတွေက အိပ်အောင်လုပ်ထားတာချည်းပဲ။

ချောင်းဆိုးရလွန်းလို့ ပင်ပန်းတာရော၊ ဆေးသောက်ပြီး မအိပ်ရလို့ လူနုန်းတာရော၊ ပေါင်းပြီး ခေါင်းတွေက လုံးဝမကြည်တော့ပါဘူး။ ညဘက် အိမ်ပြန်ရောက်ရင် စားသောက်အ၀တ်အစားလဲပြီး၊ စာရေးမယ်၊ စာကျက်မယ်ဆိုတာနဲ့ ဘယ်လိုမှမခံနိုင်တော့ဘူး။ အိပ်တာပဲ။ ဒါနဲ့ပဲ စာမကျက်ဖြစ်လို့ စာကြွေးတွေ များလာတယ်။ Blog အတွက်လည်း အသစ်တွေဘာမှမတင်ဖြစ်ဘူး။ လာလည်ကြတဲ့ သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်။ အတင်းခေါ်လို့လာရတဲ့သူတွေကော၊ ဟိုလိုလို ဒီလိုလိုနဲ့ရောက်လာတဲ့သူတွေရော ကျေးဇူးတင်ပါတယ်။ တကယ်တော့ ကျွန်မ Blogကိုလာတဲ့သူတွေက ကျွန်မနဲ့ရင်းနှီးတဲ့သူတွေချည်းပါပဲ။ တခါတလေ ကျွန်မကြိုက်တဲ့ Blog တွေဆီသွားရင်း အဲဒီက Blogger တွေက ကျွန်မဆီပြန်လာလည်တာတွေ့ရရင်လည်း ၀မ်းသာရတာပေါ့။ ကျွန်မတင်တဲ့ Post တွေအတွက်လည်း Comment (၂)ခုပဲရဖူးပါတယ်။ Comment ပေးသွားရလောက်အောင်လည်း မထိုက်တန်သေးပါဘူး။

ပြီးခဲ့တဲ့ Dec ကကျွန်မတင်ထားတဲ့ စောဝေရဲ့ "သိမ်းမယ်" ဆိုတဲ့ ကဗျာလေးကို ကိုညီလင်းဆက်က သူ့Blog မှာတင်ပေးထားတာတွေ့ရတော့ အရမ်းဝမ်းသာပါတယ်။ နောက် ကိုညီလင်းဆက်Blog ကနေ link ရပြီး၊ "သိမ်းမယ်" ကိုကြိုက်တယ်လို့ပြောတဲ့အပြင် ကျွန်မရဲ့ Love and Dream ကို link လုပ်ထားပေးတဲ့ ကိုမျက်လုံး ကိုလည်း ကျေးဇူးတင်ပါတယ်။ Love and Dream ဆိုတဲ့ အိမ်မက်လေးကို ရေးလိုက်၊ ရေးထားတဲ့ notepad ကိုနမော်နမဲ့နဲ့ Delete လုပ်မိလိုက်နဲ့။ သုံးခါတိတိပြန်ရေးရတဲ့ post ပါ။

ဟိုလိုလို ဒီလိုလိုက ကျွန်မရေးချင် ပြောချင်တာကို ကျွန်မရဲ့စိတ်အာဟာရအတွက် ကိုယ့်ဘာသာ ဟိုလိုလိုဒီလိုလိုနဲ့ ရေးထားတာပါ။ ဗဟုသုတ၊ နည်းပညာ၊ ဘာမှပါမယ်မထင်ပါဘူး။ ဒီတော့ အချိန်ပေးပြီး ဖတ်တဲ့သူရှိရင်ပဲ ကျေနပ်ပါတယ်။
ကဲ.. ဘာပဲဖြစ်ဖြစ် 2008 မှာ ကျွန်မရဲ့ ဟိုလိုလိုဒီလိုလိုလေးကို လူလားမြောက်လာအောင် ကြိုးစားပါဦးမယ်။ ။


Birthdays

မွေးနေ့တွေက ကျွန်မအလေးထားတဲ့နေ့တွေပါပဲ။ ကျွန်မရဲ့ မွေးနေ့တိုင်းကိုလည်းဘယ်သူကများ အမှတ်ရပါ့မလဲလို့ ရင်တခုန်ခုန်နဲ့စောင့်ရသလို ကျွန်မချစ်တဲ့သူတွေရဲ့ မွေးနေ့တွေကိုလည်း မှတ်မိအောင်ကြိုးစားပါတယ်။

အခု ကျွန်မအသက် (၂၂)နှစ်အထိ ဖြစ်သန်းခဲ့ရသမျှ ကျွန်မမွေးနေ့တွေရော၊ ကျွန်မသူငယ်ချင်း တော်တော်များများရဲ့မွေးနေ့တွေမှာပါ သမရိုးကျအတိုင်း မွေးနေ့ရှင်က တစ်နေရာရာမှာ တစ်ခုခုကျွေးမယ်။ နောက်လက်ဆောင်တွေပေးကြမယ်။ စိတ်ပါပါမပါပါပေါ့။ ဒီလိုဝတ်ကျေတန်းကျေလုပ်ရတဲ့မွေးနေ့တွေကို ငြီးငွေ့လှပါပြီ။ သူများမွေးနေ့တွေကိုတော့ ကျွန်မစိတ်ကြိုက်ပြောင်းလဲပိုင်ခွင့်မရှိလို့ ကျွန်မမွေးနေ့တွေကိုတော့ ကြိုးစားချင်ခဲ့ပါတယ်။ ၀တ်ကျေတန်းကျေ မုန့်ကျွေးရမှာစိုးလွန်းလို့ ဘာမွေးနေ့လက်ဆောင်ကိုမှ မယူချင်ခဲ့ပါဘူး။ လက်ဆောင်ဆိုတာကလည်း လက်ခံတဲ့သူရော၊ ပေးရတဲ့သူအတွက်ပါ တခါတလေ ၀န်လေးလွန်းပါတယ်။ တန်ဖိုးဖြတ်လို့ရတဲ့ လက်ဆောင်တွေထက် သတိရမှုတစ်ခုကို တနည်းနည်းနဲ့ ဖော်ပြနိုင်ရင် ပိုပြီးနွေးထွေးတယ်လို့ယူဆပါတယ်။

မှတ်မှတ်ရရ ဖြစ်ခဲ့တဲ့မွေးနေ့တွေကတော့ 2003ခုနှစ်၊ အသက်(18)နှစ်ပြည့်မွေးနေ့၊ 2004ခုနှစ်၊ အသက်(19)နှစ်ပြည့်မွေးနေ့။ ကျွန်မဘ၀ရဲ့ အပျော်ရွှင်ဆုံး၊ အချမ်းမြေ့ဆုံးကာလတွေမှာ ဖြတ်သန်းခဲ့ရတဲ့မွေးနေ့တွေမို့လို့လားပဲလားမသိပါ။ Surprise တွေအများကြီးရခဲ့တဲ့မွေးနေ့နှစ်ခုဖြစ်ခဲ့ပါတယ်။ 2005ခုနှစ်၊ အသက်(20)ကတော့ သာမန်အနေအထား၊ 2006ကတော့ တိတ်တိတ်ဆိတ်ဆိတ်၊ 2007မှာတော့ ဘာသိဘာသာနဲ့ကျော်လွန်ခဲ့ပြီ။

နောက်ထပ်မွေးနေ့တွေမှာ ကျွန်မရှိစေချင်တဲ့ သူတွေနဲ့ပဲ ကျွန်မမွေးနေ့တွေကိုဖြတ်သန်းဖို့စိတ်ကူးရှိပါတယ်။ ၀တ်ကျေတန်းကျေနဲ့ လုပ်ရမယ့်အလုပ်တွေအားလုံးကိုထားခဲ့ဖို့ ဆုံးဖြတ်ထားပါတယ်။ ရှိစေချင်တဲ့သူတွေ အနားမှာရှိနေမပေးနိုင်ရင်လည်း မရှိတဲ့အတိုင်းနေပါ့မယ်။ ဒီတော့ ကျွန်မချစ်တဲ့သူတွေဆီက ကျွန်မလိုချင်တဲ့ လက်ဆောင်က အချိန်ပါ။ ကျွန်မမွေးနေ့မှာ ကျွန်မနားမှာရှိနေပြီး၊ ကျွန်မလုပ်ချင်တာတွေ လိုက်လုပ်ပေးဖို့ သူတို့ရဲ့ အချိန်တစ်ရက်ပါ။

ကျွန်မလိုချင်ရင် သူများလည်းလိုချင်နေမလားဆိုပြီး၊ လုပ်လေ့လုပ်ထရှိတဲ့ ထုံးစံအတိုင်း အားလုံးသောကျွန်မရဲ့ အပေါင်းအသင်းမိတ်ဆွေများရဲ့ မွေးနေ့မှာလည်း ကျွန်မရဲ့ တနေ့စာအချိန်ကို ပေးဖို့စိတ်ကူးရှိပါတယ်။ မွေးနေ့မှာ ကျွန်မကိုအနားမှာရှိစေချင်တဲ့သူများရှိခဲ့မယ်ဆိုရင်ပေါ့။ အချိန်တစ်ရက်အတွက် ကျွန်မကိုကြိုတင်ဆက်သွယ်ပါ။ အတတ်နိုင်ဆုံး ကြိုးစားပေးပါ့မယ်။ ။

January 01, 2008

Welcome 2008

Happy new year 2008.
I hope many surprise in this year.