January 22, 2008

My favourite

ပီဠိယက္ခဆိုတာ
လူနဲ့သမင်တောင် မခွဲခြားတတ်တဲ့
ခပ်ညံ့ညံ့မြားပစ်သမားပဲ။

လေးတင်ပွဲတုန်းက
ရာမဆိုတဲ့ကောင်လေးကိုသနားလို့
ဝင်မပြိုင်ဘဲ ' ပတ်စ် ' ပေးခဲ့တာ
အဟုတ်ကြီးထင်မနေနဲ့။

ခေါင်းပေါ်ကပန်းသီးကို
မှန်အောင်ပစ်နိုင်ရုံကလေးနဲ့
သူ့ကိုယ်သူ
လေးသည်ကျော်ကြီး ၀ီလျံတဲ ဆိုပါလား
သနားတယ်။

အမယ် ရော်ဘင်ဟု တဲ့
ဇနပုဒ်က တောပုန်းကလေးကများ
ရာရာစစ
တော်ရာမှာပဲသွားပစ်စမ်းပါကွယ်။

တကယ်တော့
လောကမှာ လေးစွမ်းအထက်ဆုံးဆိုတဲ့
သိဒ္ဓတ္ထမင်းသားတောင်
ငယ်နုစဉ်က
ကျုပ်မြားချက်ကိုတော့
လွတ်အောင်မရှောင်နိုင်ခဲ့ပါဘူး။

ဟုတ်ပါ့
မြားနတ်မောင်ဆိုတာ
ဘယ်တော့မှ အပေါ်ထောင်မပစ်ဘူးလေ။ ။

/*
ဒီကဗျာလေးကိုတော့ ဖတ်ပြီးကြပြီလို့ ထင်ပါတယ်။ ဟုတ်ကဲ့.. မင်းလူရဲ့ အလွမ်းသစ် ၀တ္ထုထဲက ကဗျာလေးပါ။ ဖတ်ပြီးပြီးချင်း သဘောကျတာနဲ့ အကြိုက်ဆုံးထဲ ထည့်လိုက်တာပါ။

အင်း... မြားနတ်မောင်ကအပေါ်ထောင်မပစ်ဘူးဆိုပေမဲ့ .....................
တည့်တည့်ကြီးနဲ့ တလွဲတော့ပစ်တတ်တယ် ထင်တယ်။ အသက်ကြီးလို့မျက်စိမှုန်နေတာများလား။ နောက်.. မြားတစ်စင်းတည်းကို နှစ်ယောက်သုံးယောက်အတွက် သုံးတတ်သေးလား။ အပျင်းထူပြီးများ လိုက်ဖက်အောင် သေချာမရှာ မစဉ်းစားတော့ဘဲ ရမ်းသမ်းပစ်တတ်လို့လား။ ဒါမှမဟုတ် ပစ်စရာမြားကုန်တတ်တာလား။ အများကြီးဖြစ်နိုင်သေးတယ်နော်။ အမြဲတမ်းတော်နေရင်တော့ ဘယ်မှာအသည်းကွဲသီချင်းရှိဦးမှာလဲ။
ကျွန်မအလှည့်ကျရင်လည်း ပစ်စရာမြားကုန်နေပါစေလို့ ဆုတောင်းရမလား။ ကျွန်မကို မျက်စိမှောက်ပြီး ရှာမတွေ့ပါစေနဲ့လို့ပဲ ဆုတောင်းရမလား။ သူရမ်းသမ်းပစ်နေမှာထက်စာရင်တော့ အပစ်မခံရတာက ပိုကောင်းတယ်လေ။ :D :) :P
*/

1 comment:

စိုးထက် - Soe Htet ! said...

ဒီထဲမှာ တွတ်ပီ မပါဘူးနော် :P