January 07, 2008

Favourite

မင်းကိုငါချစ်တာ
ငါ့ကိုယ်ငါချစ်တာမဟုတ်ဘူး။

မင်းမျက်လုံးက
ငါ့မျက်လုံးကို လာမနားတော့
ငါ့အသံက
မင်းအသံကို မကြားရဘူး။

မင်းဂီတက
မင်းကို သွေးအေးသလို
ငါ့ဂီတက
ငါ့ကို နှေးကွေးတယ်။

မင်းက
ငါ့ထက် တစ်နှစ်စောမွေးလို့
ငါက
မင်းနဲ့ တစ်နှစ်စောဝေးခဲ့ရတာ။

ငါ့ကိုယ်ငါ သတိမရပေမယ့်
မင်းကိုငါ သတိရတယ်။

မင်းကတော့
ငါ့သတိရခြင်းကို မေ့လျော့လို့
ငါ့မှာတော့
မင်းမေ့လျော့ခြင်းကိုမှ သတိရလို့။ ။


/* ဖတ်မိတဲ့ကဗျာတွေထဲက ကြိုက်တဲ့ကဗျာတွေကို ရေးသိမ်းထားပြီး၊ မကြာခဏ ပြန်ပြန်ဖတ်တတ်ပါတယ်။ တချို့  ကဗျာတွေမှာတော့ ခေါင်းစဉ်ရော၊ ကဗျာဆရာနာမည်ပါ မှတ်ထားမိပေမယ့် တချို့ တချို့ မှာတော့ အင်္ဂါမစုံဖြစ်နေပါတယ်။ ဘယ်လိုကဘယ်လိုမမှတ်ထားလိုက်မိမှန်းမသိတော့ပါဘူး။ ကျွန်မရဲ့ ညံ့ဖျင်းမှုပါ။ ဒီကဗျာလေးကိုလည်း ကြိုက်လွန်းလို့ သိမ်းထားပြီး ခဏခဏဖတ်မိပေမယ့် ကဗျာခေါင်းစဉ်နဲ့ ကဗျာရေးတဲ့သူကိုတော့ သေချာမမှတ်မိတော့မပါဘူး။ ထင်တာကတော့ ကဗျာဆရာကစောဝေ၊ ခေါင်းစဉ်ကတော့ ဘယ်သန် လို့ထင်ပါတယ်။ မသေချာပါဘူး။ နောက်ဆိုရင်တော့ ကဗျာတစ်ပုဒ်ကြိုက်လို့ကူးတိုင်း ကဗျာဆရာကိုရော၊ ခေါင်းစဉ်ပါမက ဘယ်မှာပါတယ်ဆိုတာကိုပါ မှတ်ထားပါ့မယ်။ ကဲ ခုတော့ ဒီကဗျာလေးကိုပဲ ခံစားကြည့်ပေးပါဦး။ */

No comments: