October 30, 2007

My Star

ကျွန်မချစ်သော ကြယ်လေးတစ်လုံးရှိပါသည်။ ကျွန်မပိုင်ဆိုင်သော ကြယ်တော့မဟုတ်ပါ။ ခပ်ဝေးဝေးတွင် လင်းလင်းလေးလက်နေသော ကြယ်လေးသာဖြစ်ပါသည်။

ထူးချွန်သော၊ လူသိများသော၊ လင်းလက်သော၊ တန်ဖိုးကြီးသော၊ ပိုင်ရှင်ရှိသော ကြယ်ပေါင်းများစွာထဲကမှ ကျွန်မ၏ကြယ်လေးကို မရှာဖွေဘဲ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ကြယ်လေး၏ အတ္ထုပတ္တိ၊ ဇာတ်ကြောင်း၊ ပိုင်ရှင်ရှိခြင်း၊ မရှိခြင်း ဘာဆိုဘာကိုမှ ကျွန်မမသိခဲ့ပါဘူး။ မော့ကြည့်လိုက်ရုံဖြင့် ကြည်နူးရခြင်းတစ်ခုတည်းနှင့်ပင် ကျွန်မ၏ကြယ်အဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ကြယ်လေး၏ မာန၊ အတ္တ၊ လင်းလက်မှု၊ အားလုံးကို ကျွန်မချစ်ပါသည်။ ကျွန်မတွင် ကျွန်မချစ်သောကြယ်လေးတစ်လုံး ရှိတယ်ဆိုသော အသိတစ်ခုနှင့်ပင် အဓိပ္ပာယ်ရှိနေပါသည်။ ငုံ့ကြည့်မှသာ မြင်နိုင်မယ့် ကျွန်မကို ကြယ်လေးငုံ့ကြည့်ခြင်း၊ မကြည့်ခြင်းက အရေးမပါပါ။ ကြယ်လေးကို ထိကိုင်ကြည့်ဖို့လည်း စိတ်ကူးမရှိပါ။ အားကျတဲ့စိတ်နဲ့ ခပ်ဝေးဝေးက ကြည့်နေရခြင်းကိုပင် ကျွန်မကျေနပ်ပါသည်။
အလွန်ရှားပါးသော တခါတခါမှာတော့ ကြယ်လေးနားရောက်ချင်သော အတ္တလေးတစ်ခုနှင့်ပင် ကျွန်မကိုယ်တိုင်ကြယ်တစ်လုံးဖြစ်အောင် ကြိုးစားချင်ဖူးပါသည်။ ဒါပေမယ့် နီးကပ်လွန်းလျှင် လင်းလွန်းမှာစိုးသောကြောင့်ရယ်၊ အနားရောက်သွားလျှင် အပြစ်တွေ၊ ချို့ယွင်းချက်တွေ မြင်လာနိုင်တဲ့ သဘောကိုသိလွန်းသောကြောင့်ရယ် အဲဒီအတ္တလေးက ပြန်ပြန်ပျောက်သွားတတ်ပါသည်။ ကျွန်မက ကျွန်မ၏ကြယ်လေးကို ဘာအပြစ်မှ မမြင်လိုဘဲ၊ လင်းလင်းလေးလက်နေခြင်းကိုသာ မြင်လိုပါသည်။ ခပ်ဝေးဝေးကသာကြည့်လိုသည်။

ဒါကြောင့်............. ကျွန်မတွင် ကြယ်တစ်လုံးရှိသည်။ ဒါ့ထက်ပို၍... မော့ကြည့်ရင်းပင်ရင်ခုန်ရသော ကြယ်တစ်လုံးရှိသည်။

Lovely Sunday

ပြီးခဲ့တဲ့တနင်္ဂနွေက ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်မှာရှိတဲ့ မင်္ဂလာဗျူဟာမှာ (၉၁)ကြိမ်မြောက် သွေးလှူဒါန်းပွဲရှိပါတယ်။ ကျွန်မလည်း လှူမယ်ဆိုပြီးတော့ သွားပါတယ်။ အစ်မတစ်ယောက်က စနေနေ့ကတည်းက Register လုပ်ပေးပြီး၊ ကျွန်မကိုလည်း လာစောင့်ပေးပါတယ်။ ပထမဆုံးအကြိမ် ဖြစ်တဲ့အတွက် ရင်တော့နည်းနည်းခုန်တယ်ပေါ့။ တနင်္ဂနွေ နေ့လည် (၁၂)ခွဲလောက် ဗဟန်း(၃)လမ်း ကားမှတ်တိုင်ကနေလျှောက်လာတဲ့လမ်းတလျှောက် လက်ဖျံမှာ ပလာစတာကပ်ထားတဲ့ သူတွေကို အားကျတဲ့မျက်လုံးနဲ့ ကြည့်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ပေါ့။ ဒါပေမယ့်.............. ဟေမိုဂလိုဗင်လည်း စစ်ရော မပြည့်ပါတဲ့လေ။ လှူလို့မရသေးဘူးတဲ့။ ကျွန်မက ကျွန်မကိုယ်ကျွန်မ လုံးဝလှူလို့ရမယ်ပဲ တွက်ထားတာလေ။ (ကျန်းမာရေးကလည်း ဒေါင်ဒေါင်မြည်ကိုး။) ပထမဆုံး ပွဲဦးထွက် အတွေ့အကြုံကတော့ သင်းနေတာပါပဲ။ လိုက်ပေးတဲ့ အစ်မကိုလည်း တော်တော်အားနာသွားပါတယ်။ သွေးလှူတာလိုက်ပေးတာရော၊ မလှူရတော့ ဘုရားပေါ်တက်ပြီး၊ ကျွန်မလေကန်တာ နားထောင်ပေးတာရောပေါ့။ (ဟဲ ဟဲ.. လာဖတ်မယ်ဆိုတာ သိလို့ ဖားနေတာပါ။)
နောက်တစ်ကြိမ်တော့ လှူဖြစ်အောင်လှူမယ်လို့။

October 25, 2007

Bus Fee & people

ကျွန်မက မနက်ဆို (၂၀၄) Mini Bus စီးပြီး၊ ညနေဆိုရင်တော့ ဘုရင့်နောင်လမ်းအတိုင်းသွားတဲ့ ကားတွေစီးဖြစ်တယ်။ အခုတလော ကျွန်မစီးနေကျ Bus တွေပေါ်မှာ မနက်လည်း မနက်မို့လို့ ညနေလည်းညနေမို့လို့ ကြားနေရ၊ ကြုံနေရတဲ့ ပြသနာက ကားခပါပဲ။ Oct လဆန်းလောက်ကစပြီး၊ လမ်းပိုင်းအလိုက် ကားခဖြတ်တဲ့နှုန်းတွေ ပြောင်းလိုက်လို့ တချို့ တချို့ တွေက ပုံမှန် (၁၀၀)ကျပ် ပေးရတဲ့ နေရာကို (၁၅၀)ကျပ်ပေးကြရပါတယ်။ (၅၀)ကျပ် ပေးရတဲ့ နေရာကို (၁၀၀)ကျပ်ပေးကြရပါတယ်။ မနက်ဆိုရင် (၂၀၄)ပေါ်မှာ အဲဒီပြသနာက သံသာချိုအေးမင်္ဂလာတေးအနေနဲ့ မနက်မနက်နားဆင်ရပါတယ်။ ညနေဆိုရင်တော့ (၄၄)စီးမိရင် ကြားရပြီ ဒီအသံတွေ ....။
မနေ့ညနေက ကျွန်မပြန်တာ နောက်ကျပါတယ်။ လမ်း(၃၀)မှာ ကားစောင့်ရင်း စီးမိတာက (၄၄)။ ပြေးတက်လိုက်တော့ နောက်ဆုံးခုံတန်းမှာ နေရာရပါတယ်။ ကျွန်မဘေးမှာက အသက် (၆၀)အရွယ်လောက်ရှိတဲ့ ဘကြီးတစ်ယောက်။ တက်တက်ချင်းပဲ သူကကျွန်မကို ဒီကားက (၁၉၉)လား၊ (၄၄)လားလို့မေးပါတယ်။ ကျွန်မက (၄၄)ဖြစ်တဲ့အကြောင်းပြောတော့ သူက (၁၉၉)ထင်လို့တက်လာတာလို့ပြောပါတယ်။ အချိန်ကလည်း (၇)နာရီပတ်ဝန်းကျင်ဖြစ်နေပြီး၊ ထိုင်စရာနေရာလည်းရထားတော့ ပြန်မဆင်းတော့ဘူးလို့ ဆုံးဖြတ်လိုက်ပုံပါပဲ။ ကျွန်မစိတ်ထဲ တွေးမိတာကတောင် (၁၉၉)နဲ့(၄၄)က ဒညင်းကုန်းအထိ လမ်းကြောတူတူပဲဟာ ဘာစီးစီးတူတူပေါ့၊ ဘာဖြစ်လို့များ (၁၉၉)စီးချင်ရတာလဲပေါ့။ စပယ်ယာပိုက်ဆံလာကောက်တော့မှ သဘောပေါက်တယ်။ သူဆင်းမယ့် မှတ်တိုင်က (၁၉၉)စီးရင် (၁၅၀)ပဲပေးရပြီး၊ (၄၄)စီးရင် (၂၀၀)ပေးရတာကိုး။ ဒီမှာတင် ပြသနာစတော့တာပဲ။ စပယ်ယာကို သူက (၁၅၀)မဟုတ်လားလို့ မေးပါတယ် (တကယ်တော့ သူသိပြီးသားပါ။ ရများရမလားဆိုတဲ့ တ၀က်တပျက်မျှော်လင့်ချက်နဲ့မေးတာ ဖြစ်နိုင်ပါတယ်။) စပယ်ယာက ဘာမှမပြောပဲ ကပ်ထားတဲ့ ကားခကောက်ခံနှုန်းဇယားကိုပဲ လက်ညှိုးထိုးပြပါတယ်။ (စပယ်ယာခမျာလည်း ဒါချည်းပဲ ဖြေနေရလို့ မောရှာပြီပေါ့)။ ဒါကိုသူက မင်းတို့က ဘာညာနဲ့ စကားထများပါလေရော။ စပယ်ယာ နှစ်ယောက်ရော၊ ဒရိုင်ဘာပါ ပါလာပြီး (၅)မိနစ်လောက် ငြင်းခုံအပြီးမှာ စပယ်ယာတွေနဲ့ ဒရိုင်ဘာက တိတ်လိုက်ကြတယ်။ မတိတ်တာက ကျွန်မဘေးက ဘကြီးပါ။ သူ့ကြည့်ရတာ တနေ့လုံးလည်း အလုပ်အဆင်မပြေလာဘူးနဲ့တူပါတယ်။ အကြောင်းစုံကို တတွတ်တွတ်နဲ့ပြောနေတော့တာပါပဲ။ ခပ်တိုးတိုးပဲ ပြောတော့ တော့ ဘေးက ကျွန်မကိုပဲ တိုင်တည်သလိုဖြစ်နေပြီး၊ သူတခွန်းပြောလိုက် ကျွန်မတွေးစရာ တခုရလိုက်၊ ရင်ဘတ်ထဲက စူးခနဲအောင့်လိုက်နဲ့ ဒုက္ခကိုများနေတာပါပဲ။ လူကလည်း တနေ့လုံးပင်ပန်းတာနဲ့၊ ဗိုက်ဆာတာနဲ့ပေါင်းပြီး၊ ငိုချင်သလိုလိုတောင် ဖြစ်လာတော့တယ်။ တော်ပါတော့ လို့ ပြောချင်ပေမယ့် မှန်တာတွေများနေတော့လည်း နားထောင်နေရင်းနဲ့ ဘုရင့်နောင်လမ်းဆုံကို ဘယ်လိုရောက်လာမှန်းတောင်မသိအောင်ပါပဲ။ ပြောတာတွေ အများကြီးထဲမှာ ကျွန်မသေချာမှတ်မိတာကတော့ " တနေ့လုံးသေအောင်လုပ်တောင် (၁၀၀၀) ရဖို့ မနည်းရှာရတာ။ ကားခက (၄၀၀)ကုန်ရင် ဘာသွားစားရတော့မှာလဲ။ " ဆိုတာပါပဲ။ ဟုတ်တာပေါ့။ ကျွန်မလည်းဒီလိုလကုန်ခါနီးရက်တွေဆိုရင် (၁၅၀)ကုန်မဲ့ကားခအစား (၁၀)ပဲကုန်မယ့် ရထားကိုပြောင်းစီးရကောင်းမလား ခဏခဏတွေးရပါတယ်။
သြော် ... ဘာရယ်မဟုတ်ပါဘူး။ ကြုံရပုံများ ပြောပါတယ်။

October 19, 2007

Testing

အသစ်မတင်ဖြစ်တာ ကြာသွားပြီ။ ရေးထားတာလေးတွေရှိတယ်။ post တွေက ရှင်းရှင်းလင်းလင်းပေါ်တဲ့ဟာပေါ်၊ မပေါ်တဲ့ဟာမပေါ်နဲ့ စိတ်ညစ်နေတာ။ ခု ဒီpost က စမ်းကြည့်တာ။
internet ကလည်း ဘယ်အချိန်သုံးရမှန်းမသိ။ အလုပ်ကလည်းများ။ မများလည်းအရှုပ်တွေလုပ်နဲ့။ ရှုပ်နေတယ်။ စိတ်ရော။ လူရော။