December 15, 2008

Love and Me

 

အချစ်။ ပိုင်ဆိုင်ခြင်း၊ စွန့်လွှတ်အနစ်နာခံခြင်း၊ ပေးဆပ်ခြင်း၊ ရယူခြင်း၊ အဓိပ္ပါယ်ပေါင်းများစွာ။ ကျွန်မအတွက်တော့ အချစ်ဆိုတာ ခပ်ဝေးဝေးက ကြယ်တစ်ပွင့်သာ ဖြစ်ပါသည်။

 

ဆယ်ကျော်သက်အချိန်မှာ ကြုံဆုံခဲ့ရတဲ့ အချစ်တွေဟာ ရင်ခုန်စရာအကောင်းဆုံး၊ အဖြူစင်ဆုံး၊ မမေ့နိုင်ဆုံး၊ တန်ဖိုးအရှိဆုံးလို့ ဆိုစမှတ်ရှိကြပါသည်။ ကျွန်မအတွက်ရော.. အဲဒီအချိန်က ကျွန်မဘာလုပ်နေခဲ့ပါလိမ့်။ ရင်ခုန်သယောင် ရှိဖူးကောင်းရှိဖူးခဲ့လိမ့်မည်။ သေချာတာကတော့ ၀မ်းနည်းစရာကောင်းလှစွာ ကျွန်မမှာ အမှတ်ရစရာ ဆယ်ကျော်သက်ဇာတ်လမ်းမျိုးရှိမနေပါ။

 

တော်ရုံတန်ရုံ အစွမ်းအစလောက်နဲ့ အချစ်ဆိုသော အရာသည် ကဗျာများ၊ စာများ၊ သီချင်းများ၊ နေရာတိုင်းတွင် နေရာယူနိုင်မည်မဟုတ်ပါ။ အမှန်တကယ်အစွမ်းထက်မည်မှာ သေချာပါသည်။ ထိုအချစ်ကြောင့်ပင် အောင်မြင်တတ်ကြသည်။ ထိုအချစ်ကြောင့်ပင် ကျရှုံးတတ်ပါသေးသည်။ အဆိုများအရ ချိုမြိန်မှု၊ ခါးသီးမှု၊ ပျော်ရွှင်မှု၊ နာကျင်မှု ဆန့်ကျင်ဘက်အရသာ တော်တော်များများကို ပေးစွမ်းတတ်ပါသေးသည်။ အချစ်ဆိုတာ ဘ၀တစ်ခုလုံးမဟုတ်ပေမယ့် အရေးကြီးဆုံး အစိတ်အပိုင်းထဲတွင် ပါဝင်မည်မှာသေချာပါသည်။

 

မည်သို့ပင်ဆိုစေ ကျွန်မအတွက်ကတော့ အချစ်ဆိုသည်မှာ အနားပင် မသီနိုင်သော အရာမျှသာဖြစ်ပါသည်။ ရင်ခုန်ခြင်း၊ လွမ်းမောခြင်း အစရှိတဲ့ ခံစားချက်အားလုံးသည် အချစ်ဆိုသောအရာနှင့်တွဲဖက်ပစ္စည်းများဖြစ်သည်ဟု ဆိုသော်လည်း ကျွန်မအတွက် အချစ်နဲ့ တွဲလျက်ပါသည်က တစ်မျိုးတည်းသာ ရှိပါသည်။ ထိုအရာသည် ငေးကြည့်ခြင်းသာဖြစ်ပါသည်။ အချစ်ကို ကျွန်မအနားရောက်လာစေရန် မဖိတ်ခေါ်ဖူးပါ။ သူ့အလိုအလျောက်လည်း တံခါးလာမခေါက်ဖူးပါ။ သူဘာသာနေ၍ ကျွန်မဘာသာ ဝေးဝေးက ငေးကြည့်ခြင်းသာ ဖြစ်ပါသည်။ အားကျစွာဖြင့်လည်း ငေးကြည့်ဖူးပါသည်။ စိတ်ပျက်လက်ပျက်ဖြင့်လည်း ငေးကြည့်ဖူးပါသည်။ ငေးကြည့်ရုံမှတပါး ဘာကိုမှ မလုပ်ချင်ပါ။ ယခုအတိုင်းသာ ငေးရုံငေးချင်ပါသည်။

 

ထို့ကြောင့် ကျွန်မအတွက် အချစ်သည် ခပ်ဝေးဝေးတွင် တောက်ပနေသော ကြယ်တစ်ပွင့်သာ ဖြစ်ပါသည်။

No comments: