February 13, 2009

ဗိုလ်ချုပ်အောင်ဆန်း




မသိ၍ဆို၊
မလို၍ပြော။
သူ့စိတ်မှာ အလွန်ယဉ်လို့၊
သူ့ဥာဉ်မှာ အလွန်သန့်တယ်၊
ထူးချွန့်သဘော။ ။

မသိ၍ထင်၊
မမြင်၍ပြော။
သူ့ဝိညာဉ် မသေပျောက်ပါဘူး။
မိုးပေါက်လို အစဉ်ကြည်လို့၊
နေခြည်လို အစဉ်လန်းကာ၊
ဖျန်းဆွတ်စိတ်စော။ ။

မင်းသုဝဏ်

ခပ်လွဲလွဲများနှင့် ဟိုလိုလိုဒီလိုလို

မမှားသောရှေ့နေ၊ မသေသောဆေးသမား ဆိုတဲ့နောက်မှာ မလွဲသောလူသားလို့ထပ်ထည့်ရကောင်းမလား။ လူသားအားလုံးလွဲတတ်သည် လို့ပဲအော်ရကောင်းမလား။ လွဲတတ်တဲ့လူသားတွေထဲက လူသားတစ်ယောက်ဖြစ်တဲ့ ကျွန်မလည်း ဒီတပတ်အတွင်းမှာ အလွဲဓါတ်ခံလေး ခေါင်းထောင်နေပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေကစပါတယ်။ နေ့လည်(၁)နာရီမှာ အရင်အလုပ်လုပ်ခဲ့တဲ့ ရုံးကအစ်ကိုတွေ အစ်မတွေနဲ့ တွေ့ဖို့ ချိန်းထားပါတယ်။ နေလို့သိပ်မကောင်းလို့ အမေက စောစောပြန်နားဖို့ပြောတာကိုတောင် ချိန်းပြီးသား ဖြစ်နေလို့ မနက်သင်တန်းပြီးတော့ ချိန်းထားတဲ့ ဆူးလေဘုရားကိုသွားပါတယ်။ အစ်မတစ်ယောက်နဲ့ပဲတွေ့ပြီး တခြားသူတွေကို ဆက်စောင့်လိုက်တာ (၂)နာရီကိုထိုးရော။ နောက်ဆုံးတော့ အခြေအနေမလှဘဲ အိမ်ကိုသာ ပြန်ခဲ့ရပါတော့တယ်။ နောက်မှပြန်သိတာက တွေ့ဖို့ပြောထားတဲ့ အစ်ကိုကြီးက ဧမာနွေလရှေ့မှာ စောင့်ပြီး ကျွန်မတို့တွေက ဆူးလေဘုရားပေါ်မှာ စောင့်နေခဲ့တာပါတဲ့။ မှတ်ကရောပဲ။

နောက်တနေ့ တနင်္လာနေ့ကတော့ အလွဲဆုံးပါပဲ။ မနက်အိပ်ရာထကတည်းက စလွဲတာ။ အဲဒီနေ့က ကျွန်မ နေသိပ်မကောင်းတာနဲ့ နားချင်တာကြောင့် ရုံးမတက်ဘဲ ခွင့်ယူဖို့ စဉ်းစားထားပါတယ်။ ဒါပေမယ့် မနက်(၁၀)နာရီမှာ စေတန်နဲ့ sponsor ကိစ္စချိန်းထားတာလေးရှိတာကြောင့် အပြင်ကလည်းထွက်ရမယ်။ ဒီတော့ ဒီလိုစဉ်းစားပါတယ်။ မနက်ရုံးခဏသွားမယ်။ တနင်္လာဆိုတော့ report လည်းတင်ရဦးမယ်။ (၉)နာရီလောက်မှ ခွင့်ယူပြီး ပြန်ထွက်မယ်ပေါ့။ ပြီးရင် သွားစရာရှိတာသွား၊ နေ့လည်တော့ အိမ်ပြန်အိပ်မယ်ပေါ့။
မနက် ကော်ဖီသောက်မယ်လုပ်တော့ အမေက ဆေးသောက်ဖို့နဲ့ ဆေးယူသွားဖို့ သတိပေးတာကြောင့် နေ့လည်သောက်ရမယ့် ဆေးကိုအိတ်ထဲထည့်၊ မနက်စာ ဆေးကိုသောက်ဖို့ပြင်တာပေါ့။ နောက်ကျနေရတဲ့အထဲ မနက်စာဆေးထဲက တစ်လုံးက ဘယ်ပျောက်သွားမှန်းမသိဘူး။ အမေရော ကျွန်မပါ ရှာတာပဲ။ မတွေ့ဘူး။ ကဲ မတွေ့လည်း ထားတော့ဆိုပြီး ထားလိုက်ပါတယ်။ အပြင်ထွက်ခါနီးဆဲဆဲမှ အမေက တွေ့ပြီတဲ့ ဆေးက။ ဘယ်ရောက်နေတယ်ထင်လဲ။ အမေ့ကော်ဖီခွက်ထဲ ၀င်နေတာလေ။ ကျွန်မ ဟိုခွဲ ဒီခွဲမှာ ကျသွားတာဖြစ်လိမ့်မယ်။ ဆေးနှယ် ကော်ဖီခွက် နှစ်ခွက်ထားတာ ကျွန်မခွက်ထဲကျတော့ ဘာဖြစ်မှာမို့လည်းနော်။ ခုတော့ တလွဲ။
ရုံးသွားဖို့ ကားဂိတ်ရောက်တော့ ရုံးက သူငယ်ချင်းနဲ့တွေ့တယ်။ အဲဒီမှာ စိတ်ကူးပြောင်းသွားရော။ report စာရွက်ကို သူ့နဲ့ ပေးလိုက်ပြီး ခွင့်ကိုဖုန်းပဲဆက်လိုက်တော့မယ်ပေါ့။ ဒါဆို မနက်(၁၀)နာရီမှ ချိန်းထားတာ အစောကြီးရှိသေးတယ်။ မထူးပါဘူး အရင်အလုပ်လုပ်ခဲ့တဲ့ ရုံးကိုသွားလည်မယ်ပေါ့။ ကိုယ့်စိတ်ကူးနဲ့ကိုယ် လာလိုက်တာ အဲဒီရုံးအောက်ရောက်မှ သတိရတယ်။ ကျွန်မရုံးသာ မနက်(၈)နာရီရုံးတက်တာလေ။ သူတို့ရုံးက (၉)နာရီမှကို။ ခုမှ (၈)နာရီရှိသေးတာ။ ကဲ စောင့်ပေရော့။
(၉)ခွဲလောက်ရောက်တော့ စေတန်ရဲ့ဆိုင်ကိုရောက်တယ်။ သူ့ကားနဲ့ ချိန်းထားတဲ့ဆီကို အသွားမှာ ကွေ့တာမှားပြီး နောက်ဆုံး သူ့အိမ်အောက်မှာ ကားရပ်ပြီး လမ်းလျှောက်ဖို့ ဖြစ်လာတယ်။ ကျွန်မ လွယ်ထားတဲ့အိတ်ကို ရှုပ်လို့ သူ့ကားထဲမှာ ထားခဲ့မယ် ဆိုတော့ အိုကေတဲ့။ ဒါနဲ့ပဲ သွားစရာရှိတာသွား။ ဦးတီလေးဆီကိုပါ အဆစ်ဝင်လည်လိုက်သေးတယ်။ ပြန်တော့ စဉ်းစားမိလိုက်သေးတယ်။ အိတ်သာမထားခဲ့ရင် ဆူးလေကနေ တန်းပြန်လို့ရမှာလို့။ ထားတော့။ စေတန်နဲ့တူတူ အိတ်ယူဖို့ လမ်းပြန်လျှောက်လာရင်း ကားရပ်ထားတဲ့နားရောက်မှ ဟိုက် ခနဲဖြစ်သွားတယ်။ ကားမရှိတော့ပါ။ သူ့အမေမောင်းသွားတာ။ ကျွန်မက ဒုက္ခ။ ပိုက်ဆံအိတ်ရော၊ နောက်နေ့ရုံးတက်ဖို့ရော၊ အားလုံးကအိတ်ထဲမှာ။ အဲဒီအချိန်က (၁၂)နာရီတော့ မထိုးသေးဘူး။ ဒီအတိုင်းပြန်သွားရအောင်လည်း ဒီအိတ်က ယူတော့ယူရဦးမှာ။ မထူးပါဘူး။ စောင့်ယူတာပေါ့။ မနက်က သေချာစကားမပြောရသေးတာနဲ့ ဟိုရုံးကိုပဲ ပြန်သွားမယ် စဉ်းစားပြီး စေတန့်ကို သူ့ဆိုင်မှာပဲ (၂)နာရီလောက်မှ အိတ်လာယူမယ် ပြောပြီး ထွက်လာခဲ့ပါတယ်။
ဘော်ဒါတွေရုံးကိုရောက်တော့ အေးဆေးပဲ။ အစ်မနှစ်ယောက်ပဲရှိတယ်။ အားလုံးအပြင်ထွက်နေကြတယ်။ အေးဆေးအိပ်လို့ပါရတယ်တဲ့။ ကျွန်မလည်း အိပ်လည်းအိပ်ချင်၊ ဗိုက်ကလည်းဆာနေတာကြောင့် တခုခုကျွေးပါလို့ ပြောတော့ သူတို့က မုန့်ကျွေးဖို့လုပ်ကြပါတယ်။ အဲဒီအချိန်မှာတင် ဖုန်းလာပြီး နှစ်ယောက်လုံး အပြင်ထွက်ဖို့ ဖြစ်လာပါတယ်။ ဒီတော့ ကျွန်မလည်း ဘယ်နားရွေ့ရမလဲပေါ့။ သူတို့ဆီက ပိုက်ဆံတစ်ထောင်တောင်း အင်တာနက်သုံးရင်း အိတ်ကိုစောင့်မယ်ဆိုပြီး ….။ အဲဒီမှာ ထပ်လွဲတာပါပဲ။ အဲဒီအချိန် မနက်ကတည်းက ကော်ဖီတခွက်ပဲ သောက်ထားတဲ့ ကျွန်မ ဗိုက်အရမ်းဆာနေပြီ။ နေပူထဲဟိုလျှောက် ဒီလျှောက်နဲ့ ညကတည်းက အိပ်ရေးပျက်ထားတဲ့အရှိန်နဲ့ ခေါင်းကလည်းနောက်နေပြီ။ အိမ်ကိုလည်း မပြောခဲ့တော့ ပြန်ရင် အဆူခံရမှာပဲ ဆိုပြီး ညစ်နေပြီ။ အားလုံးပေါင်းပြီး အော်တောင်ငိုချင်နေခဲ့ပါတယ်။ အင်တာနက်သုံးရင်း အာရုံလွှဲပေမယ့် ငိုချင်တာပဲ ကြီးစိုးနေတာပါပဲ။ ကျွန်မရဲ့ပထမအမှားက ပိုက်ဆံရခဲ့ပြီးတဲ့အချိန် မုန့်အရင်စားဖို့စိတ်ကူးမရဘဲ အင်တာနက်ဆိုင်ထဲ ၀င်တာပါပဲ။ အဲဒီ (၂)နာရီလောက်အချိန်မှာ တော်တော့်ကို စိတ်ပျက်လက်ပျက်ဖြစ်နေတာပါပဲ။
အိမ်ပြန်ရောက်တော့ ညနေ(၄)နာရီလောက်ရှိပြီ။ ဘာမှမပြောနိုင်ဘူး တန်းအိပ်တာပါပဲ။ ရလဒ်အနေနဲ့ နောက်နေ့တစ်ရက်ပါ ခွင့်ထပ်ယူလိုက်ရပါတော့တယ်။

ခွင့်နှစ်ရက်ယူပြီး ရုံးပြန်တက်တော့ ကျွန်မမရှိတဲ့ နှစ်ရက် ကျွန်မမသိလိုက်တဲ့ ကိစ္စတွေနဲ့ ကျွန်မက နေရင်းထိုင်ရင်း ကြားညှပ်နေရပါတော့တယ်။
ညနေအပြန်လမ်းမှာတော့ စက်ဘီးနဲ့ကားတိုက်တဲ့ accident လေးတစ်ခုကိုမြင်လိုက်ရတယ်။ ဆင်းရမယ့်မှတ်တိုင်ရောက်လို့ ဆင်းပြီး၊ အိမ်ဘက်ကို လမ်းကူးမလို့လုပ်တာ ကားတွေကို မြင်ပြီး ကျွန်မ လမ်းမကူးရဲတော့ဘူး။ နေ့တိုင်းကူးနေတဲ့လမ်းကို လုံးဝကိုမကူးရဲတော့တာ။ ဘယ်လိုမှ အားတင်းလို့မရတာနဲ့ပဲ နောက်ကြောင်းပြန်လျှောက်ပြီး တခြားလမ်းကပတ်ပြန်ခဲ့ရပါတော့တယ်။
နောက်တခုက ကျွန်မအဖေရဲ့အလွဲပါ။ ကျွန်မနဲ့ (၂)နှစ်ကျော်လောက် အဆက်အသွယ်ပြတ်နေတဲ့ သူငယ်ချင်းဆီကနေ ကျွန်မဆီစာတစ်စောင်ရောက်ပါတယ်။ နယ်အိမ်လိပ်စာနဲ့ပါ။ ဒီဇင်ဘာကတည်းကရောက်တဲ့ အဲဒီစာကိုယူလာတဲ့ ကျွန်မအဖေကိုယ်တိုင်က မေ့ပြီး ခုဖေဖော်ဝါရီမှ ကျွန်မကို ပေးတာပါ။ ကမန်းကတမ်းဖတ်လိုက်တော့ သူပြောထားတဲ့အချိန်မမှီလောက်တော့ဘူး။ ဟူး လွဲပြန်ပါရောလား။

ဒီနေ့ ပြည်ထောင်စုနေ့မှာတော့ တနေ့လုံးမလွဲဘဲ အေးအေးချမ်းချမ်း အနားယူနိုင်ခဲ့ပါပြီ။

ကဲ.. ကျွန်မရဲ့ ဒီတပတ်စာ ပေါက်တတ်ကရတွေကို ဒီအဆုံးထိ ရောက်အောင် ဖတ်ပေးတယ်ဆိုရင်ပဲ ခပ်လွဲလွဲလေး ကျေးဇူးတင်ပါရစေ။ ။

February 11, 2009

အရိုး - လူလည်အာရှသား

ကျွန်မမျှော်လင့်နေတဲ့ တေးရေး၊ တေးဆို အရိုးရဲ့ လူလည်အာရှသား
ဆိုတဲ့စီးရီးသစ်ထွက်ရှိလာခဲ့ပါပြီ။ သီချင်း(၁၃)ပုဒ်ပါဝင်ပါတယ်။ အရိုးရဲ့
ပုံစံသီချင်းတွေချည်းပါပဲ။ ကျွန်မတို့လို အရိုးသီချင်းမှန်သမျှ
ကြိုက်တဲ့သူတွေအတွက် စိတ်ကျေနပ်စေမယ့် စီးရီးလေးပါပဲ။
ပါဝင်တဲ့သီချင်းတွေကတော့ ..
၁။ နေသာလေသာတဲ့နေ့
၂။ ဥ
၃။ လူလည်အာရှသား
၎။ ကန်တင်းထဲကကွင်း
၅။ ရုပ်ရှင်ကြည့်တဲ့ည
၆။ လေတိုက်တဲ့ညတွေ
၇။ Graduation day
၈။ အမဲကင်ကျပ်တိုက်ကြော်
၉။ ဒါရိုက်တာ
၁၀။ ကံဆိုသည်မှာ
၁၁။ ရော့ခ် အန် ရိုးလ်
၁၂။ တစ်စက္ကန့်မှာတစုံတရာ
၁၃။ နောက်ဆုံးမှာတော့

နေသာလေသာတဲ့နေ့ ကတော့ တော်တော်ကြာကြာကတည်းက အင်တာနက်မှာ နာမည်ကြီးခဲ့တဲ့
ဝေါ်အိုက်နီ သီချင်းပါပဲ။

ဥ ဆိုတာကတော့ ဟာသဆန်ဆန်သီချင်းလေးပါပဲ။ ဟိုဘက်အိမ်၊ ဒီဘက်အိမ်
ကြက်ဥလုရာကနေ စပါးကျီမီးရှို့တဲ့အထိ ဖြစ်ရတဲ့အကြောင်းရေးထားတာပါ။
/* နေတက်လေတက်မွေးတဲ့ကျုပ် စိတ်ထားကခပ်ပုပ်ပုပ်။ ……………………။
ကျုပ်တရွာလုံးက ၀ိုင်းညှိမ်းရ ကျုပ်ရှို့တဲ့မီးခင်ဗျ ကြက်ဥတလုံးက စတဲ့အစ
နှစ်အိမ်တောင် ပြာဖြစ်ကျ သင်ခန်းစာရလို့ ပုခုံးထဖက် ဂျပုက ရှုပ်မဲ့မဲ့
နောက်တခါ ကြက်တွေမဥအောင် လုပ်ထားကွဲ့။*/

စီးရီးခေါင်းစဉ် လူလည်အာရှသားကတော့ နိုင်ငံခြားသွားပြီး
အလုပ်လုပ်တဲ့ရွှေတစ်ယောက်အကြောင်းပေါ့။ သံစဉ်ငြိမ့်ငြိမ့်လေးနဲ့
အလည်လောက်မှာ လေချွန်သံလေးပါပါတယ်။
/* မဟာလူတန်းစားအိမ်မက်များ အိမ်ပြန်အခန်းပိတ် ကြိတ်ငိုရ
အာရုဏ်တက်တိုင်းထ မနက်တိုင်းတက်ကြွ လူလည်အာရှသား */

ကန်တင်းထဲကကွင်းကတော့ ကျောင်းထဲကကွင်းတစ်ယောက်စီရဲ့ စရိုက်ကို
သူ့မေဂျာအလိုက် ပုံဖော်သွားတာ တော်တော်သဘောကျမိပါတယ်။
/* Acid အလှမယ် chemistry ရဲ့queen ဗျ။ အနားသွားကပ်တဲ့
သုံးလေးငါးယောက်ကြုံဖူးတာ လက်တွေ့ခန်းခေါ်ပြီး Acid ပုလင်းနဲ့ ဆော်တယ်ဗျ။
……………………
ရိုးရိုးလေးနဲ့ ကြောက်ဖို့ကောင်းတဲ့ တစ်ယောက်ပါ။ ဟိုးရှေ့နားက
မြန်မာစာမေဂျာ ကွင်းဗျာ။ မင်းရည်းစားစာပေးတိုင်း မင်းအတွက်ပြန်ရေးမှာ
မင်းဖတ်ရမှာက ဟိုးရှေးခေတ်က ကျိန်စာတွေလား*/

ရုပ်ရှင်ကြည့်တဲ့ည ကတော့ သရဲကားကြည့်ရင်းမီးပျက်သွားတဲ့ညတစ်ညအကြောင်းပါ။
/* ခွေးတစ်ကောင်အူသံကို အခါခါသဲ့သဲ့ကြား အဖြူရောင်အရေခွံအောက်က
လက်ချောင်းများ အခန်းနံရံပေါ်မှာ ငွေရောင်အသားလှီးဓါး ခြေတလှမ်းရွေ့ချိန်
မျက်လုံးတဖက်ထွက်ကျသွား */

လေတိုက်တဲ့ညတွေကတော့ ဒီစီးရီးစ်ထဲက တစ်ပုဒ်တည်းသော အချစ်သီချင်းလို့ ပြောရမလားပဲ။
/* တိမ်တွေပျံသွားပေမယ့် ငါကျန်ခဲ့ပြီ။ အချိန်တွေပျံသွားပေမယ့်
ငါကျန်နေခဲ့။ ရင်မှာနာကျည်းနေရင့်း ငါကြေကွဲခဲ့။ */

နောက်တစ်ပုဒ်ကတော့ ဘွဲ့ယူတဲ့နေ့ရဲ့ခံစားမှုလေးပေါ့။
ကျောင်းတုန်းကနေ့ရက်တွေကို နည်းနည်းတော့ ပြန်လွမ်းသွားမိမှာပါ်။
/* ငြိမ်သက်နေတဲ့ကျောင်းတော်နဲ့ တို့လမ်းခွဲ။ အကုန်မြှုပ်နှံခဲ့
တို့တွေရဲ့ကောင်းသောနေ့ရက်။ လူသစ်တွေနဲ့ နေခဲ့တော့ ကိုယ့်လူရေ။ */

အမဲကင်ကျပ်တိုက်ကြော်ကတော့ ဟင်းချက်နည်းစာအုပ်ဖတ်ပြီး ဟင်းချက်တဲ့အကြောင်းပေါ့။
/* တစ်အိုးလုံးတူးပြီဟေ့။ မည်းရင် အမဲသားပဲ။ */

ဒါရိုက်တာကတော့ အရင် အဲလက်စ်ဆိုထားတဲ့ ဒါရိုက်တာ သီချင်းပါပဲ။

ကံဆိုသည်မှာ ကလည်း ဆိုးတလှည့် ကောင်းတလှည့် လူ့ဘ၀အကြောင်းကို
ဟာသလေးစွက်ပြီးရေးထားတာပါ။
/* လူဆိုတာ အမြဲကံမဆိုးနိုင်ဘူး။ ကံ အမြဲလည်း ကောင်းမနေဘူး။
အသက်တဖြည်းဖြည်းကြီးလာ တဖြည်းဖြည်းပိုပြီးသိ။ */

ရော့ခ် အန် ရိုးလ်သီချင်းကတော့ ရပ်ကွက်ထဲက ဆွမ်းချက်ရုံမှာ
သီချင်းအော်ဆိုနေတဲ့ လူငယ်တစ်စုပုံစံ ရေးထားတာပါ။ ဒီတစ်ပုဒ်တော့
သိပ်မကြိုက်လှဘူး။
/* အစာမကြေ ချောင်းဆိုး လေးဖက်နာ ပျောက်တဲ့ ရော့ခ် အန် ရိုးလ်။ */

တစ်စက္ကန့်မှာတစုံတရာ ကလည်း မုန်းတဲ့၊ ချစ်တဲ့၊ ကျေးဇူးရှိတဲ့ လူတွေအကြောင်းပါပဲ။
/* ဘ၀မှာ ဒေါသကြီးလို့ တန်ဖိုးမရှိ။ ……… ဘ၀မှာကျေးဇူးတရားက တန်ဖိုးရှိ။ ………….*/

နောက်ဆုံးမှာတော့ ကတော့ သေခြင်းတရားအကြောင်းရေးထားတဲ့ သံဝေဂ သီချင်းလေးပါပဲ။
/* မင်းစိတ် မင်းရုပ် မင်းခန္ဓာက အခေါင်းတခုစာ။ မင်းအတ္တနဲ့ မင်းနာမည်က မီးခိုးပါ။ */

အရိုးသီချင်းတွေက များသောအားဖြင့် တပုဒ်လုံးနားထောင်မှ
ဇာတ်ရည်လည်တာများပါတယ်။ ဒီစီးရီးစ်ထဲမှာ အကြိုက်ဆုံးကတော့
လူလည်အာရှသားနဲ့ ကန်တင်းထဲကကွင်း ပါ။ ကဲ အဆင်ပြေရင်
နားထောင်ကြည့်ကြပါဦး။

February 06, 2009

အတ္တ

အသုံးချဖို့ တခုတည်းနဲ့တော့ လက်မကမ်းပါနဲ့
ဆန္ဒရှိရင် သူ့အလိုလို အသုံးကျလာလိမ့်မယ်။

အာရုံမလာပဲနဲ့ သွားဖြဲမပြပါနဲ့
ရင်ထဲကလာရင် အကြည့်တချက်မှာတောင် အားအင်ပါလိမ့်မယ်။

ကိုယ့်ဘာသာ ထိုးတဲ့ဓါးနဲ့
အထိုးခံရတဲ့ဓါး
နာမှာချင်းတူရင်တောင်
ကိုယ့်ဆန္ဒနဲ့ကိုယ်ပဲ အနာခံတော့မပေါ့။

နင်းသွားမှာနဲ့
အနင်းခံတာ
နိမ့်ကျမှာချင်းတူဦးတော့
ကိုယ့်ခံစားမှုနဲ့ကိုယ်သာ လှေခါးထစ်အဖြစ်ခံမပေါ့။

ကဲ
အသက်ရှူပဲကျပ်ကျပ်
အသက်ရှူပဲရပ်ရပ်
ငါ့အိမ်မက်နဲ့ငါတော့ နေပျော်တယ်။

January 28, 2009

.. ဆိုလို့

ငါ လျှောက်ခဲ့ပါတယ်
သူ လျှောက်ခဲ့တယ်ဆိုလို့

ငါ ရောက်ခဲ့ပါပြီ
သူ ရောက်ခဲ့ပြီဆိုလို့

ငါ ရှာနေပါတယ်
သူ ရှိနေတယ်ဆိုလို့

ငါ ပျော်နေပါတယ်
သူ ပျော်ဖူးတယ်ဆိုလို့

ငါ မှန်ခဲ့မှာပါ
သူ မမှားခဲ့ဖူးဆိုလို့

ငါ ကြိုးစားမှာပါ
သူလည်း ရပ်မနေဘူးဆိုလို့။

ကလေးလေးများနှင့် သူတို့၏ကဗျာများ

ဒီနေ့ခေတ်ကလေးလေး အများစုကို မြင်ရတာ တော်တော်တင်းတင်းကျပ်ကျပ်
ခံစားရပါတယ်။ ပိစိကလေးကတည်းက တက်လိုက်ရတဲ့ သင်တန်း၊ ကျောင်း။ ကြိုးစားတာက
အတိုင်းထက်အလွန်ကို ကောင်းပါတယ်။ ဖြစ်လည်း ဖြစ်သင့်ပါတယ်။ ဒါပေမယ့်
အလိုလိုနေရင်း သူတို့တွေပိုင်ဆိုင်ခွင့်ရမယ့် ကလေးဘ၀တွေက
တိုတိုလာသလားလို့။

ကျွန်မတို့ ငယ်ငယ်တုန်းက ရွတ်တတ်ခဲ့တဲ့ ကလေးကဗျာလေးတွေကိုလည်း
ရွတ်တတ်တဲ့ကလေးတွေက ခုချိန်မှာ တဖြည်းဖြည်းရှားပါးလာနေပုံရပါတယ်။
သင်ပေးမယ့် အဖိုး၊ အဖွားတွေနဲ့ အနီးကပ်နေခွင့် မရလို့များလား။
အဲဒီကဗျာတွေအစား A, B, C, D ရွတ်ခိုင်းတာက ပိုအကျိုးများလိမ့်မယ်လို့
ထင်လို့များလား။ ကျောင်းမနေသေးခင် ကဗျာလေးတွေ ရွတ်တတ်နေရမယ့် အရွယ်မှာ
ကြော်ငြာသီချင်းတွေ ဆိုတတ်နေတာကိုပဲ ကျေနပ်လိုက်ရမလား။
ကျွန်မအမြင်အရတော့"ဆွမ်းအုပ်နီနီ" လိုကလေးကဗျာလေးတွေ၊ "ရွှေယုန်ရွှေကျား"
လိုအိပ်ရာဝင်ပုံပြင်လေးတွေက ကလေးတစ်ယောက်အတွက် ပျော်ရွှင်မှုသာမက
အခြေခံကောင်းလေးတွေလို့ ယူဆမိပါတယ်။ ကလေးလေးတစ်ယောက်အတွက်
ကျောင်းတက်တဲ့အရွယ် မရောက်သေးခင်၊ သူ့ဘာသာ စာမဖတ်တတ်သေးခင်
ကလေးကဗျာလေးတွေ ရွတ်တတ်နေတာက အကျိုးသက်ရောက်မှုအများကြီးရှိမယ်ထင်ပါတယ်။
မြန်မာ့ရိုးရာ ကဗျာတွေဖြစ်တဲ့အတွက်လည်း မြန်မာမှုအငွေ့အသက်တွေ၊
ဓလေ့စရိုက်တွေနဲ့ ယဉ်ပါးစေမှာပါ။

ကျွန်မငယ်ငယ်လေးတုန်းကတော့ အဘွားနဲ့အနီးကပ်နေခွင့်ရပြီး၊ အဘွားပြောပြတဲ့
ပုံပြင်တွေ၊ ရွတ်ပြတဲ့ကဗျာတွေနဲ့ ကြီးပြင်းခဲ့တာပါ။ "၀ါဆိုဝါခေါင်
ရေတွေကြီးလို့ သပြေသီးမှည့်ကောက်စို့ကွယ်" ဆိုတဲ့ သပြေသီးကောက်ကဗျာ၊
"ဆွမ်းအုပ်နီနီ အမေရွက်လို့ နက်ဖြန်မနက် ကျောင်းထွက်မယ်" ဆိုတဲ့
ဥပုသ်စောင့်ကဗျာ၊ "ကြက်တူရွေး ကြက်တူရွေး ရွှေခဲကြက်တူရွေး" ဆိုတဲ့ကဗျာ၊
"နွားရိုင်းသွင်းချိန် ပြင်မထွက်နဲ့ ဖုတ်သဘက်တွေ လိုက်တတ်တယ်"
ဆိုတဲ့ကဗျာတွေကအစ "စောစောအိပ်ထ ပြုခြင်းက…. "ဆိုတာတွေ၊
"ရွှေတံခါးကြီးဖွင့်ပါဦး" ဆိုတာမျိုးတွေ၊ အဘွားနဲ့တူတူရွတ်ရင်း
စာဖတ်တတ်လာတော့ ရွှေသွေး၊ တေဇ တို့ထဲက ကဗျာလေးတွေဖတ်ရင်းနဲ့ စာဖတ် ၀ါသနာပါ
ပါလာခဲ့ပုံရပါတယ်။

ခုချိန်မှာတော့ ရွှေယုန်နဲ့ရွှေကျားတောင် မကြားဖူးတဲ့
ကလေးလေးတွေမြင်တိုင်း၊ ကြော်ငြာသီချင်းတွေ ကောင်းကောင်းလိုက်ဆိုတတ်တဲ့
ကလေးပိစိလေးတွေမြင်တိုင်း၊ ချစ်စရာကောင်းတဲ့
မြန်မာ့ရိုးရာပုံပြင်လေးတွေ၊ ကဗျာလေးတွေ
တဖြည်းဖြည်းပျောက်ကွယ်သွားမှာတောင် စိုးရိမ်လာမိပါတယ်။

/* ကျွန်မပတ်ဝန်းကျင် ကျဉ်းကျဉ်းလေးထဲက ထွက်ပေါ်လာသော
ကျွန်မခံစားမှုသက်သက်သာ ဖြစ်ပါသည်။ မှားယွင်းကောင်းမှားယွင်းနိုင်ပါသည်။့ 
*/

January 22, 2009

hololodilolo

ကျွန်မခုတလော စာတွေလည်းမရေးဖြစ်သလို ဖတ်လည်းမဖတ်ဖြစ်ဘူး။ အပျင်းပိုးလေး ဖြစ်နေတာ။

ဟိုလိုလိုဒီလိုလိုလေးကိုလည်း banner ကအစ ပြန်ပြောင်းမယ် စဉ်းစားထားပေမယ့် ထိကိုမထိဖြစ်ဘူး။ ခုထားထားတဲ့ banner ကလည်း ယာယီဆိုပြီး ထည့်ထားတာ။ ပြီးမှ ပြန်ပြောင်းမယ်ဆိုတာ နှစ်တောင်ပေါက်တော့မယ်။ blogspot ကလည်းဝင်ရတာ လက်ပေါက်ကတ်တယ်။ ခုနောက်ပိုင်းဆို ကိုယ့်ရဲ့ dashboard ထိတောင် မရောက်တောင် တော်တော်ကြာနေပါပြီ။ အားလုံး mail to blogger ပဲလုပ်နေတာ။ တင်ထာတဲ့ စာတွေလည်း alignment တွေ မညီတာ ဒီအတိုင်း ထိုင်ကြည့်နေဖြစ်တယ်။ cbox မှာ နှုတ်ဆက်တဲ့သူ ပိုပို ရှားလာတာ။ visitor count မတက်လာတာတွေကိုတော့ မသိချင်ယောင်ပဲ ဆောင်ထားတော့တယ်။ အရင်က အသားကုန်ဖတ်ဖြစ်တဲ့ blog တွေကိုလည်း google reader လေးအားကိုးနဲ့ပဲ တိတ်တဆိတ် ဖတ်ဖြစ်တော့တယ်။

ကျွန်မက စာရေးချင်လို့ blog ရေးတာပါ။ ခုတော့အဲဒီ sense လေးပါ ပျောက်နေတယ်။ ညဘက်ကျ ကဗျာလေးတပိုင်းတစ စဉ်းစားမိလိုက် ပြန်ပြန်ပျောက်သွားလိုက်နဲ့။ စာတွေမဖတ်ဖြစ်တာလည်း ပါလိမ့်မယ်။ အင်း မအိပ်ခင် စာအုပ်ဖတ်ပြီး အိပ်တဲ့အကျင့်လေး ပြန်လုပ်ဦးမှ။ အိပ်မပျော်မှာကြောက်တာနဲ့ပဲ စာမဖတ်ဖြစ်တာကြာပြီ။ ပြန်လုပ်ဦးမှပါ။

January 12, 2009

လွင့်မျောခြင်း

ကျွန်မ တွေးတောရခြင်းကို နှစ်သက်ပါတယ်။ တစ်ယောက်တည်းရှိတဲ့အချိန်မျိုး၊
bus ကားစီးချိန်၊ လမ်းလျှောက်ချိန်၊ အဲဒီလိုအချိန်မျိုးတွေမှာ
ကျွန်မတွေးချင်ရာကို လွင့်လွင့်မျောမျော တွေးတတ်ပါတယ်။ ကျွန်မရဲ့
ပင်ကိုယ်စိတ်အခံက အပူအပင်တွေကိုလည်း ကြာကြာလက်မခံထားတတ်ပါဘူး။
ခပ်ပေါ့ပေါ့ပါပဲ။ စဉ်းစားမိရင် ခဏတော့ အသက်ရှုကျပ်လာမယ်။ မကြာခင်မှာ
ပြန်ကောင်းသွားတတ်ပါတယ်။ ခုနောက်ပိုင်းတော့ စိတ်ညစ်စရာတွေ၊
စိတ်ရှုပ်စရာတွေခဏခဏ ကြုံရတယ်။ ဒီတော့ ခဏခဏလည်း စိတ်ဓါတ်ကျတယ်။ ဒါပေမယ့်
ခဏခဏလည်း ပြန်ကောင်းကောင်းလာတယ်။
အိပ်စက်ခြင်းကို တကယ်ကို သဘောကျပါတယ်။ ငပျင်းလို့ပဲ ပြောမလား။
ငယ်ငယ်ကတည်းက ကျွန်မအိပ်ရင် အိမ်မက်အမြဲမက်လေ့ရှိတယ်။ ကျွန်မ
အိမ်မက်တွေကို ကြိုက်ပါတယ်။ အိပ်ရင်လည်း အချိန်ယူစရာမလိုပါဘူး။ ခဏနဲ့
အိပ်ပျော်လေ့ရှိပါတယ်။ အဲ ကိုယ့်အိမ်မှာဆိုရင်ပေါ့။ ကိုယ့်အိမ်မဟုတ်တဲ့
တခြားဘယ်နေရာမဆိုကျရင်တော့ ဘယ်သောအခါမှ
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လေ့မရှိပြန်ဘူး။ ဒါကြောင့်လည်း
တော်ရုံတန်ရုံ ညအိပ်သွားလေ့မရှိပါဘူး။ ဘာဖြစ်လို့လဲ။ ကျွန်မ
အိပ်ရေးပျက်တာကို သိပ်မုန်းပါတယ်။
ကျွန်မမုန်းတဲ့ အိပ်ရေးပျက်ခြင်း ဆိုတဲ့နေရာမှာ အိပ်နေလျက်နဲ့
ကောင်းကောင်းအိပ်မပျော်တာကိုသာ ဆိုလိုပါတယ်။ လုပ်စရာရှိလို့
မအိပ်ဘဲအလုပ်လုပ်ခြင်း၊ စာအုပ်ဖတ်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း လိုမျိုး
ကိုယ့်ဆန္ဒနဲ့ကိုယ် အိပ်ရေးပျက်ခံရတာမျိုးကို မဆိုလိုပါ။
ပင်လည်းပင်ပန်းနေပါပြီ။ အိပ်လည်းအိပ်ချင်နေပါပြီ။ ဒါပေမယ့်
အိပ်လို့ကိုမပျော်တာကို သိပ်မုန်းပါတယ်။ အဲဒီလိုမျိုးဖြစ်ရင်
နောက်နေ့တစ်နေ့လုံး စိတ်မကြည်လင်တော့ပါဘူး။ အလိုလို
အလိုမကျဖြစ်နေတတ်ပါတယ်။ အရင့်အရင် က အဲဒီလို အိပ်မပျော်ခြင်းမျိုး
ကျွန်မမှာ မရှိသလောက်ကိုရှားပါတယ်။
ခုတလောတော့ ကျွန်မသိပ်လွင့်မျောတယ် ဆိုရမလား။ အလုပ်ရှု့ပ်ပြီး
ပင်ပန်းနေပါလျက်နဲ့ အိပ်မပျော်ဘူး။ မဟုတ်သေးဘူး။ အိပ်မပျော်ဘူး
ဆိုရအောင်လည်း မဟုတ်ပြန်ဘူး။ ဒီလို ဒီလို။ ကျွန်မခေါင်းထဲ ခုတလော
အမြဲအတွေးတွေ ပြည့်ကျပ်နေတယ်။ တွေးရတာ ကြိုက်တယ်ဆိုတာ ပြောပြီးသားပါ။
ကျွန်မတွေးချင်တဲ့ အချိန်တွေးမယ်။ တခြားအာရုံစိုက်စရာ ရှိလာရင်
မတွေးတော့ဘူးပေါ့။ ခုတော့ အဲဒီလို မဟုတ်ဘူး။ နေရင်းထိုင်ရင်းကို
ဘာတွေမှန်းမသိတွေးမိနေတာ။ မဟုတ်တရုတ်တော့ မစဉ်းစားကြနဲ့ဦးနော်။
တခုခုကိုပဲ တွေးနေတာလည်း မဟုတ်ပြန်ဘူး။ တောင်စဉ်ရေမရနဲ့
ထိန်းချုပ်လို့မရဘဲ ဖြစ်နေတာ။ တနေ့လုံးခေါင်းထဲရှုပ်နေတဲ့အပြင်
ညအိပ်ရင်လည်း တွေးနေတယ်။ မတွေးဘူး ဆိုလည်း တွေးနေပြန်ရော။
တွေးရင်းတွေးရင်းနဲ့ အိပ်သွားတယ်။ ဒါပေမယ့် အိပ်ရင်းနဲ့လည်း
ဆက်တွေးနေသလိုပဲ။ အဲဒါနဲ့ ကျွန်မအိမ်မက်တွေတောင် မမက်တာကြာလာပြီ။
အိပ်ပျော်နေပေမယ့် နိုးနေသလိုလိုပဲ။ အဲဒီလို ရက်ဆက်ဖြစ်လာတော့
ကျွန်မအိပ်ချိန်သာတိုးလာတယ်။ ဘယ်တော့မှ အိပ်ရေးမ၀သလိုပဲ။ ခေါင်းထဲမှာ
သိပ်ရှုပ်တယ်။
ဒီအခြေအနေကို ကျွန်မသိပ်မုန်းပါတယ်။ တိုင်ပင်စရာဆိုလို့ အမေနဲ့
တိုင်ပင်ကြည့်တယ်။ အမေက ဘုရားစာရွတ်ခိုင်းတယ်။ ခက်တာက ဘုရားရှိခိုးရင်း
ရွတ်နေတဲ့ ပါဋ္ဌိရဲ့အနက်ကိုစဉ်းစားနေရင်းကနေကို
တခြားအကြောင်းရောက်ရောက်သွားတာ။ စိတ်မငြိမ်တာက အလွန်အကျွံဖြစ်နေတာ
ထင်တယ်။ တွေးမိရင်ဖြတ်ဖို့ကလည်း တခါတခါ လွင့်လွင့်မျောမျောတွေးရတာကို
နှစ်သက်နေတော့ ဖြတ်ဖို့ခက်ပြန်ရော။
ဘယ်လိုလုပ်ရင်ကောင်းမလဲ အကြံပေးကြပါဦး။
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ချင်တယ်။ ခေါင်းထဲမှာ မရှုပ်နေချင်ဘူး။
အဲဒီလို ဖြစ်ဖူးတဲ့သူရှိရင်လည်း ပြောပြပေးပါဦး။ ကျေးဇူးတင်ပါတယ်။

January 05, 2009

For my dear

သူမကို စတင်သိတာကတော့ အထက်တန်းကျောင်းမှာ ကတည်းကပါ။ စာတော်လွန်းသော၊
အေးဆေးလွန်းသော ကျောင်းသူတစ်ယောက်အဖြစ်။

အထက်တန်းကျောင်းသူဘ၀မှာတော့ သိတယ်ဆိုရုံထက် မပိုခဲ့မိဘူး။ ကျွန်မလို
အငြိမ်မနေနိုင်သောသူနဲ့ သူမလို အေးဆေးသောသူဟာ သူငယ်ချင်းမဖြစ်လာတာတော့
သိပ်မဆန်းလှပါဘူး။

အထက်တန်းအပြီး ကွန်ပြူတာကောလိပ်ကို တက်တော့ သူမနဲ့ ကျွန်မပြန်ဆုံတယ်။
(ကွန်ပြူတာမှာ ကျွန်မတို့အထက်တန်းကျောင်းက ကျောင်းသား ကျောင်းသူ
တော်တော်များများ ပြန်ဆုံပါတယ်။) မှတ်မှတ်ရရ မှတ်မိတာက သူမ roll number က
ကျွန်မထက် နောက်ရောက်နေလို့ အရမ်းအံ့သြခဲ့ရတာပါပဲ။ အဲဒီနောက်လည်း
ကျွန်မကတော့ ကျွန်မထုံးစံအတိုင်း သူငယ်ချင်းတွေလည်း အများကြီးထပ်ရတယ်။
ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ကျွန်မရဲ့ နေ့ရက်တွေကို ဖြတ်သန်းတာပါပဲ။
မထူးဆန်းလှစွာပဲ သူမဟာလည်း ကျွန်မရဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်လာခဲ့တယ်။
အစပိုင်းမှာ
သိပ်အေးစက်လွန်းတဲ့ သူမကိုသာမန်သူငယ်ချင်းထက် မပိုခဲ့ပါဘူး။ ဒါပေမယ့်
တစထက်တစ သူမဟာ ကျွန်မဘ၀ထဲ ၀င်ရောက်လာခဲ့ပါတယ်။

သူမရဲ့ ထက်မြက်တဲ့ဥာဏ်ရည်၊ တည်ငြိမ်မှု၊ ထိန်းသိမ်းနိုင်မှု စတာတွေက
ကျွန်မရဲ့ အားကျတဲ့သူတစ်ယောက်နေရာကို သူမကို ရောက်စေခဲ့တယ်။ သူမရဲ့
အေးစက်စက်မျက်နှာက နွေးထွေးမှုကိုလည်း ကျွန်မရှာဖွေနိုင်ခဲ့တယ်။
နောက်ဆုံးမှာတော့ ခပ်ပူပူကျွန်မနဲ့ အေးစက်စက်သူမဟာ
အတွဲအစပ်မမိလှစွာပဲ နီးကပ်လာခဲ့တယ်။ ကျွန်မအတွက် သူမဟာ
တန်ဖိုးမဖြတ်နိုင်တဲ့ သူငယ်ချင်းတစ်ယောက် ဖြစ်လာခဲ့ပြီး၊ သူမအတွက်လည်း
ကျွန်မဟာ တစုံတခုသော အတိုင်းအတာအထိ သူ့ဘ၀ထဲ ရှိနေမယ်ဆိုတာ သေချာခဲ့ပါတယ်။

သူမကို အားအကျမိဆုံးအချက်က ဘယ်တော့မှ စကားမရှုပ်တတ်တာပဲ။ သိပ်လုံပါတယ်။
မပြောပါနဲ့ ပြောထားစရာမလိုပါဘူး။ သူမဘာသာ ထိန်းသိမ်းထားမှာပါ။
ကျွန်မကတော့ အမြဲတမ်းကြိုးစားပေမယ့် တခါတခါ မရတတ်ဘူးလေ။)
နောက်တစ်ချက်က ကျွန်မယုံကြည်မှုတွေကို သူမဆီက ပြန်ပြန်ရတတ်တာပါပဲ။
တခါတခါကျွန်မရဲ့ ကောင်းတဲ့အချက်တွေကို ကျွန်မဘာသာ
ပြန်မေ့နေတတ်တဲ့အခါမျိုးမှာ သူမကြောင့် ကျွန်မကိုယ်ကျွန်မ
ယုံကြည်မှုတွေပြန်ရတတ်ပါတယ်။
တခါတခါကျရင်လည်း သူမလို အေးအေးဆေးဆေး နေတတ်ချင်တယ်။
ဝန်ခံစရာတခုရှိသေးတယ်။ အရင်က သိပ်အေးပါတယ်ဆိုတဲ့သူမဟာ
ကျွန်မအနားရောက်လာတော့ အထိုက်အလျောက် ခပ်လောင်လောင်စရိုက်တချို့
ကူးစက်မိကောင်းမိနိုင်ပါတယ်။ (သူမကို သူများတွေက သွက်လာတယ်လို့
ပြောတိုင်း ကျွန်မခံစားမိတာပါ။) အဲဒါကို တခါတလေ ကောင်းတယ်လို့ ထင်မိပြီး
တခါတလေတော့လည်း အားနာမိပါတယ်။

ဒီနေ့ကတော့ သူမရဲ့ ၂၄နှစ်မြောက်မွေးနေ့ပါ။ တစ်နှစ်ကျော်ကျော်လောက်
ကျွန်မတို့ ဝေးကွာနေရာကနေ တိုက်တိုက်ဆိုင်ဆိုင် သူမမွေးနေ့မှာ ကျွန်မတို့
နှစ်ယောက်တွေ့ဖြစ်လိမ့်မယ်။ ထူးထူးခြားခြား မွေးနေ့လက်ဆောင်ပေးစရာတော့
မရှိဘူး။ အရင်သူမမွေးနေ့တွေတုံးက ဆိုရင် ကျွန်မကြိုတင်ပြင်ဆင် ထားတာတွေ
ရှိခဲ့တယ်။ ဒီနှစ်မှာတော့ အကြောင်းအမျိုးမျိုးကြောင့်
ဘာမှမလုပ်ထားနိုင်ခဲ့ဘူး။ ဘယ်လောက်အထိလဲ ဆိုရင် အမြဲ သတိရနေကျ
သူမမွေးနေ့ကိုတောင် မေ့လျော့နေခဲ့တဲ့အထိပါပဲ။ ကိုယ်ကိုကိုယ်စိတ်ဆိုးရင်း
စိတ်မကောင်းလည်း ဖြစ်ရတယ်။

ဒီညနေတွေ့ကျရင် သူမကို ပြောစရာ စကားတချို့ အပြင် ကျွန်မမှာ
ဘာမှပါနိုင်မှာ မဟုတ်ပါဘူး။ ဒီ post လေးကိုလည်း သူမဖတ်နိုင်ဖို့
မသေချာပါဘူး။ ဘာဖြစ်ဖြစ် သူမအတွက် မွေးနေ့လက်ဆောင်တခု
အဖြစ်သတ်မှတ်ထားပါတယ်။

Wai Wai, Happy Birthday and Many happy returns of the day.

December 31, 2008

Profit & Loss for year 2008

2008 ကတော့ တကယ့်ကို အိမ်မက်တော်တော်များများမက်ဖြစ်တဲ့နှစ်ပါပဲ။
တစ်နှစ်လုံးစာအတွက် သေချာစဉ်းစားပြီး၊ အကြီးဆုံး အရှုံးတစ်ခုနဲ့ အမြတ်တစ်ခုကိုရွေးလိုက်တယ်။
Profit
profit အနေနဲ့ကတော့ ကျွန်မလျှောက်ချင်တဲ့ လမ်းကိုကိုယ်တိုင် ရွေးနိုင်ခဲ့တာပဲ။ ဒီလမ်းက ကြမ်းချင်ကြမ်းမယ်။ ဒါပေမယ့် ကျွန်မလျှောက်ချင်တဲ့လမ်း ဖြစ်တယ်။ ဒါကြောင့် 2008 အတွက် အကြီးမားဆုံး အမြတ်ပေါ့။

Loss
ကျွန်မချစ်တဲ့ အစ်ကိုနှစ်ယောက်ပါ။ အတိအကျပြောရရင်တော့ သူတို့ရဲ့ချစ်ခြင်း။ အနာကျင်ရဆုံးနဲ့ အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ အစ်ကိုတွေလိုရော၊ အစ်မလိုရော၊ သူငယ်ချင်းလိုရော ဖြစ်တဲ့ အစ်ကိုနှစ်ယောက်။
ဘာပဲပြောပြော 2008 ကတော့ ကျွန်မကို ခပ်တည်တည်လေးပဲ ကြည့်သွားတာပါ။ ခုတော့ သူ့ကိုလည်း နှုတ်ဆက်ရတော့မယ်။ Bye Bye