February 13, 2009

ခပ်လွဲလွဲများနှင့် ဟိုလိုလိုဒီလိုလို

မမှားသောရှေ့နေ၊ မသေသောဆေးသမား ဆိုတဲ့နောက်မှာ မလွဲသောလူသားလို့ထပ်ထည့်ရကောင်းမလား။ လူသားအားလုံးလွဲတတ်သည် လို့ပဲအော်ရကောင်းမလား။ လွဲတတ်တဲ့လူသားတွေထဲက လူသားတစ်ယောက်ဖြစ်တဲ့ ကျွန်မလည်း ဒီတပတ်အတွင်းမှာ အလွဲဓါတ်ခံလေး ခေါင်းထောင်နေပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေကစပါတယ်။ နေ့လည်(၁)နာရီမှာ အရင်အလုပ်လုပ်ခဲ့တဲ့ ရုံးကအစ်ကိုတွေ အစ်မတွေနဲ့ တွေ့ဖို့ ချိန်းထားပါတယ်။ နေလို့သိပ်မကောင်းလို့ အမေက စောစောပြန်နားဖို့ပြောတာကိုတောင် ချိန်းပြီးသား ဖြစ်နေလို့ မနက်သင်တန်းပြီးတော့ ချိန်းထားတဲ့ ဆူးလေဘုရားကိုသွားပါတယ်။ အစ်မတစ်ယောက်နဲ့ပဲတွေ့ပြီး တခြားသူတွေကို ဆက်စောင့်လိုက်တာ (၂)နာရီကိုထိုးရော။ နောက်ဆုံးတော့ အခြေအနေမလှဘဲ အိမ်ကိုသာ ပြန်ခဲ့ရပါတော့တယ်။ နောက်မှပြန်သိတာက တွေ့ဖို့ပြောထားတဲ့ အစ်ကိုကြီးက ဧမာနွေလရှေ့မှာ စောင့်ပြီး ကျွန်မတို့တွေက ဆူးလေဘုရားပေါ်မှာ စောင့်နေခဲ့တာပါတဲ့။ မှတ်ကရောပဲ။

နောက်တနေ့ တနင်္လာနေ့ကတော့ အလွဲဆုံးပါပဲ။ မနက်အိပ်ရာထကတည်းက စလွဲတာ။ အဲဒီနေ့က ကျွန်မ နေသိပ်မကောင်းတာနဲ့ နားချင်တာကြောင့် ရုံးမတက်ဘဲ ခွင့်ယူဖို့ စဉ်းစားထားပါတယ်။ ဒါပေမယ့် မနက်(၁၀)နာရီမှာ စေတန်နဲ့ sponsor ကိစ္စချိန်းထားတာလေးရှိတာကြောင့် အပြင်ကလည်းထွက်ရမယ်။ ဒီတော့ ဒီလိုစဉ်းစားပါတယ်။ မနက်ရုံးခဏသွားမယ်။ တနင်္လာဆိုတော့ report လည်းတင်ရဦးမယ်။ (၉)နာရီလောက်မှ ခွင့်ယူပြီး ပြန်ထွက်မယ်ပေါ့။ ပြီးရင် သွားစရာရှိတာသွား၊ နေ့လည်တော့ အိမ်ပြန်အိပ်မယ်ပေါ့။
မနက် ကော်ဖီသောက်မယ်လုပ်တော့ အမေက ဆေးသောက်ဖို့နဲ့ ဆေးယူသွားဖို့ သတိပေးတာကြောင့် နေ့လည်သောက်ရမယ့် ဆေးကိုအိတ်ထဲထည့်၊ မနက်စာ ဆေးကိုသောက်ဖို့ပြင်တာပေါ့။ နောက်ကျနေရတဲ့အထဲ မနက်စာဆေးထဲက တစ်လုံးက ဘယ်ပျောက်သွားမှန်းမသိဘူး။ အမေရော ကျွန်မပါ ရှာတာပဲ။ မတွေ့ဘူး။ ကဲ မတွေ့လည်း ထားတော့ဆိုပြီး ထားလိုက်ပါတယ်။ အပြင်ထွက်ခါနီးဆဲဆဲမှ အမေက တွေ့ပြီတဲ့ ဆေးက။ ဘယ်ရောက်နေတယ်ထင်လဲ။ အမေ့ကော်ဖီခွက်ထဲ ၀င်နေတာလေ။ ကျွန်မ ဟိုခွဲ ဒီခွဲမှာ ကျသွားတာဖြစ်လိမ့်မယ်။ ဆေးနှယ် ကော်ဖီခွက် နှစ်ခွက်ထားတာ ကျွန်မခွက်ထဲကျတော့ ဘာဖြစ်မှာမို့လည်းနော်။ ခုတော့ တလွဲ။
ရုံးသွားဖို့ ကားဂိတ်ရောက်တော့ ရုံးက သူငယ်ချင်းနဲ့တွေ့တယ်။ အဲဒီမှာ စိတ်ကူးပြောင်းသွားရော။ report စာရွက်ကို သူ့နဲ့ ပေးလိုက်ပြီး ခွင့်ကိုဖုန်းပဲဆက်လိုက်တော့မယ်ပေါ့။ ဒါဆို မနက်(၁၀)နာရီမှ ချိန်းထားတာ အစောကြီးရှိသေးတယ်။ မထူးပါဘူး အရင်အလုပ်လုပ်ခဲ့တဲ့ ရုံးကိုသွားလည်မယ်ပေါ့။ ကိုယ့်စိတ်ကူးနဲ့ကိုယ် လာလိုက်တာ အဲဒီရုံးအောက်ရောက်မှ သတိရတယ်။ ကျွန်မရုံးသာ မနက်(၈)နာရီရုံးတက်တာလေ။ သူတို့ရုံးက (၉)နာရီမှကို။ ခုမှ (၈)နာရီရှိသေးတာ။ ကဲ စောင့်ပေရော့။
(၉)ခွဲလောက်ရောက်တော့ စေတန်ရဲ့ဆိုင်ကိုရောက်တယ်။ သူ့ကားနဲ့ ချိန်းထားတဲ့ဆီကို အသွားမှာ ကွေ့တာမှားပြီး နောက်ဆုံး သူ့အိမ်အောက်မှာ ကားရပ်ပြီး လမ်းလျှောက်ဖို့ ဖြစ်လာတယ်။ ကျွန်မ လွယ်ထားတဲ့အိတ်ကို ရှုပ်လို့ သူ့ကားထဲမှာ ထားခဲ့မယ် ဆိုတော့ အိုကေတဲ့။ ဒါနဲ့ပဲ သွားစရာရှိတာသွား။ ဦးတီလေးဆီကိုပါ အဆစ်ဝင်လည်လိုက်သေးတယ်။ ပြန်တော့ စဉ်းစားမိလိုက်သေးတယ်။ အိတ်သာမထားခဲ့ရင် ဆူးလေကနေ တန်းပြန်လို့ရမှာလို့။ ထားတော့။ စေတန်နဲ့တူတူ အိတ်ယူဖို့ လမ်းပြန်လျှောက်လာရင်း ကားရပ်ထားတဲ့နားရောက်မှ ဟိုက် ခနဲဖြစ်သွားတယ်။ ကားမရှိတော့ပါ။ သူ့အမေမောင်းသွားတာ။ ကျွန်မက ဒုက္ခ။ ပိုက်ဆံအိတ်ရော၊ နောက်နေ့ရုံးတက်ဖို့ရော၊ အားလုံးကအိတ်ထဲမှာ။ အဲဒီအချိန်က (၁၂)နာရီတော့ မထိုးသေးဘူး။ ဒီအတိုင်းပြန်သွားရအောင်လည်း ဒီအိတ်က ယူတော့ယူရဦးမှာ။ မထူးပါဘူး။ စောင့်ယူတာပေါ့။ မနက်က သေချာစကားမပြောရသေးတာနဲ့ ဟိုရုံးကိုပဲ ပြန်သွားမယ် စဉ်းစားပြီး စေတန့်ကို သူ့ဆိုင်မှာပဲ (၂)နာရီလောက်မှ အိတ်လာယူမယ် ပြောပြီး ထွက်လာခဲ့ပါတယ်။
ဘော်ဒါတွေရုံးကိုရောက်တော့ အေးဆေးပဲ။ အစ်မနှစ်ယောက်ပဲရှိတယ်။ အားလုံးအပြင်ထွက်နေကြတယ်။ အေးဆေးအိပ်လို့ပါရတယ်တဲ့။ ကျွန်မလည်း အိပ်လည်းအိပ်ချင်၊ ဗိုက်ကလည်းဆာနေတာကြောင့် တခုခုကျွေးပါလို့ ပြောတော့ သူတို့က မုန့်ကျွေးဖို့လုပ်ကြပါတယ်။ အဲဒီအချိန်မှာတင် ဖုန်းလာပြီး နှစ်ယောက်လုံး အပြင်ထွက်ဖို့ ဖြစ်လာပါတယ်။ ဒီတော့ ကျွန်မလည်း ဘယ်နားရွေ့ရမလဲပေါ့။ သူတို့ဆီက ပိုက်ဆံတစ်ထောင်တောင်း အင်တာနက်သုံးရင်း အိတ်ကိုစောင့်မယ်ဆိုပြီး ….။ အဲဒီမှာ ထပ်လွဲတာပါပဲ။ အဲဒီအချိန် မနက်ကတည်းက ကော်ဖီတခွက်ပဲ သောက်ထားတဲ့ ကျွန်မ ဗိုက်အရမ်းဆာနေပြီ။ နေပူထဲဟိုလျှောက် ဒီလျှောက်နဲ့ ညကတည်းက အိပ်ရေးပျက်ထားတဲ့အရှိန်နဲ့ ခေါင်းကလည်းနောက်နေပြီ။ အိမ်ကိုလည်း မပြောခဲ့တော့ ပြန်ရင် အဆူခံရမှာပဲ ဆိုပြီး ညစ်နေပြီ။ အားလုံးပေါင်းပြီး အော်တောင်ငိုချင်နေခဲ့ပါတယ်။ အင်တာနက်သုံးရင်း အာရုံလွှဲပေမယ့် ငိုချင်တာပဲ ကြီးစိုးနေတာပါပဲ။ ကျွန်မရဲ့ပထမအမှားက ပိုက်ဆံရခဲ့ပြီးတဲ့အချိန် မုန့်အရင်စားဖို့စိတ်ကူးမရဘဲ အင်တာနက်ဆိုင်ထဲ ၀င်တာပါပဲ။ အဲဒီ (၂)နာရီလောက်အချိန်မှာ တော်တော့်ကို စိတ်ပျက်လက်ပျက်ဖြစ်နေတာပါပဲ။
အိမ်ပြန်ရောက်တော့ ညနေ(၄)နာရီလောက်ရှိပြီ။ ဘာမှမပြောနိုင်ဘူး တန်းအိပ်တာပါပဲ။ ရလဒ်အနေနဲ့ နောက်နေ့တစ်ရက်ပါ ခွင့်ထပ်ယူလိုက်ရပါတော့တယ်။

ခွင့်နှစ်ရက်ယူပြီး ရုံးပြန်တက်တော့ ကျွန်မမရှိတဲ့ နှစ်ရက် ကျွန်မမသိလိုက်တဲ့ ကိစ္စတွေနဲ့ ကျွန်မက နေရင်းထိုင်ရင်း ကြားညှပ်နေရပါတော့တယ်။
ညနေအပြန်လမ်းမှာတော့ စက်ဘီးနဲ့ကားတိုက်တဲ့ accident လေးတစ်ခုကိုမြင်လိုက်ရတယ်။ ဆင်းရမယ့်မှတ်တိုင်ရောက်လို့ ဆင်းပြီး၊ အိမ်ဘက်ကို လမ်းကူးမလို့လုပ်တာ ကားတွေကို မြင်ပြီး ကျွန်မ လမ်းမကူးရဲတော့ဘူး။ နေ့တိုင်းကူးနေတဲ့လမ်းကို လုံးဝကိုမကူးရဲတော့တာ။ ဘယ်လိုမှ အားတင်းလို့မရတာနဲ့ပဲ နောက်ကြောင်းပြန်လျှောက်ပြီး တခြားလမ်းကပတ်ပြန်ခဲ့ရပါတော့တယ်။
နောက်တခုက ကျွန်မအဖေရဲ့အလွဲပါ။ ကျွန်မနဲ့ (၂)နှစ်ကျော်လောက် အဆက်အသွယ်ပြတ်နေတဲ့ သူငယ်ချင်းဆီကနေ ကျွန်မဆီစာတစ်စောင်ရောက်ပါတယ်။ နယ်အိမ်လိပ်စာနဲ့ပါ။ ဒီဇင်ဘာကတည်းကရောက်တဲ့ အဲဒီစာကိုယူလာတဲ့ ကျွန်မအဖေကိုယ်တိုင်က မေ့ပြီး ခုဖေဖော်ဝါရီမှ ကျွန်မကို ပေးတာပါ။ ကမန်းကတမ်းဖတ်လိုက်တော့ သူပြောထားတဲ့အချိန်မမှီလောက်တော့ဘူး။ ဟူး လွဲပြန်ပါရောလား။

ဒီနေ့ ပြည်ထောင်စုနေ့မှာတော့ တနေ့လုံးမလွဲဘဲ အေးအေးချမ်းချမ်း အနားယူနိုင်ခဲ့ပါပြီ။

ကဲ.. ကျွန်မရဲ့ ဒီတပတ်စာ ပေါက်တတ်ကရတွေကို ဒီအဆုံးထိ ရောက်အောင် ဖတ်ပေးတယ်ဆိုရင်ပဲ ခပ်လွဲလွဲလေး ကျေးဇူးတင်ပါရစေ။ ။

9 comments:

:P said...

အလွဲတွေကို တည့်တည့်မတ်မတ် ဖတ်သွားပါတယ်..။

Unknown said...

ဟား ဟား ကောင်လေးနဲ့ လည်းလွဲနေဦးမယ် သတိထားဦးဗျ ဟီး ဟီး

Anonymous said...

အင်း နာမည်နဲ့လိုက်တယ် လို့ပြောရအောင်လည်းမကိုက် ရည်းစားထားကြည့်ပါလား ? ကောင်းရင်ကောင်းသွားနိုင်တယ် :P

TC said...

ဘယ့်နှယ် အတင်းကြီး ရည်းစားထားခိုင်းနေရတာတုန်း...ခပ်လွဲလွဲလေးပဲကောင်းပါတယ်... ဆက်လွဲ... ဆက်လွဲ

MrDBA said...

အဲဒါ မာရ်နတ်နှောက့်ယှက်တာ .. နောက်ဆို မာရ်နတ်မျက်စိလည်သွားအောင် လုပ်ခြင်တာနဲ့ပြောင်းပြန်စိတ်ကူး။ ကောင်းသွားလိမ့်မယ်

Anonymous said...

" နည်းနည်းလေးတော့လွဲနေမယ် လွဲလွဲလေးလည်းကောင်းပါတယ် " ဒီလိုပါပဲ ဘ၀ဆိုတာ .... အဟေးဟေး :D

Anonymous said...

exiter is right!!!

TC said...

ဟီး အားလုံးကအားပေးနေကြတယ်ပေါ့လေ....
လွဲလွဲလေးကို အားပေးကြပါတယ်.... လွဲလွဲလေးကို အားပေးကြပါလေ .....ဟေ့ ...

Prizewai said...

ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်