Showing posts with label thoughts. Show all posts
Showing posts with label thoughts. Show all posts

October 19, 2008

တရှိုက်မက်မက်

ချစ်သုဝေ၊ ချစ်ဆုဝေ (တရှိုက်မက်မက်)

ချစ်သုဝေက ကျွန်မရဲ့ favourite အဆိုတော်တစ်ယောက်ပါပဲ။ သူ့ သီချင်းတော်တော်များများကို ကြိုက်ပါတယ်။ ဒီခွေလေးမှာတော့ သီချင်း ၁၀ ပုဒ်ပါပါတယ်။

၁ - သျှောင်ကြီးဗွေ
၂ - မျှော်လင့်စိတ်
၃ - မုန်းတယ်
၎ - မိုးသည်းည
၅ - ဘုရားဆုတောင်းပါ
၆ - တရှိုက်မက်မက်
၇ - အဝေးဆုံးမှာ
၈ - မစ်မိုရီ
၉ - ကြယ်တာရာ
၁၀ - အပြစ်ကြီးကြီး

အကြိုက်ဆုံးကတော့ 'ဘုရားဆုတောင်းပါ' ဆိုတဲ့တစ်ပုဒ်။ မိဘမဲ့ ဝေဒနာသည် ကလေးတစ်ယောက်ရဲ့ ခံစားချက် အနေနဲ့ ဆိုထားတာပါ။ တော်တော်လေးသဘောကျပါတယ်။

နောက်တစ်ပုဒ်က 'အဝေးဆုံးမှာ' ။ အိမ်မက်တွေထဲ နင်ရှိပေမယ့် လက်တွေ့က မင်းရဲ့အဝေးမှာ ငါရောက်နေခဲ့ ငါသိပေမယ့် ။

title song ဖြစ်တဲ့ တရှိုက်မက်မက် ကလည်း ကောင်းပါတယ်။ ဆွတ်ဆွတ်ပျံ့ပျံ့လေးပေါ့။

'မိုးသည်းည' ကလည်းတစ်ယောက်တည်းဖြစ်နေတဲ့အချိန် နားထောင်သင့်တဲ့တစ်ပုဒ်ပါ။

တစ်ခွေလုံးပြောရရင် ပထမစီးရီး 'သို့ ဖေဖေ' လောက် မဆူဘူး။ slow တွေပိုများပါတယ်။ နားထောင်ကြည့်ကြပါဦး။

October 07, 2008

သီချင်းများနှင့်

သီချင်းတစ်ပိုင်းတစ်စ ကြားရရုံနဲ့တင် အတိတ်ကနေ့တွေဆီ ပြန်ရောက်ဖူးကြပါသလား။ ပြန်ရောက်ဖူးကြမယ် ထင်ပါတယ်။ ကျွန်မကတော့ ခဏခဏ ပြန်ရောက်တတ်တယ်။ ဘာမှထူးထူးခြားခြား ခံစားမှုမပါရင်တောင်မှ အဲဒီအချိန်တုန်းက ငါဒီသီချင်း နားထောင်ခဲ့ပါလား လို့တော့ ပြန်သတိရတတ်တယ်။

'အေးချမ်းမေ' ရဲ့ ' တစ်စစီကျိုးပဲ့နေပြီ ' ကြားရင် ကျွန်မ (၄) တန်း ကျောင်းသူဘ၀ကို ပြန်သတိရတယ်။ သီချင်းတွေကြားနေခဲ့ပေမယ့် ကိုယ်တိုင်က "သီချင်း" ဆိုပြီး သတ်သတ်မှတ်မှတ် စပြီး နားထောင်တတ်ခဲ့တာ အဲဒီ (၄) တန်းကျောင်းသူအရွယ်ကစတာပေါ့။ မှတ်မှတ်ရရ နားကြပ်ကက်ဆက်လေးနဲ့ ပထမဆုံးနားထောင်ခဲ့တာလေ။

(၈)တန်းကျောင်းသူအရွယ်။ 1998။ 'အေးချမ်းမေ' ရဲ့ 'သူသိသွားပြီ' ၊ 'မျက်နှာများတဲ့မောင်'။ အဲဒီသီချင်းတွေ နာမည်ကြီးတယ်။ အဲဒီ (၈)တန်းတုန်းကပဲလေ သီချင်းဆိုချင်တဲ့ ပိုးဝင်ခဲ့ဖူးသေးတာ။ ကျောင်းတွေမှာ စုံညီပွဲတော် စလုပ်တဲ့နှစ်။ အဲဒီပွဲမှာ ဆိုမယ်ဆိုပြီး 'မှားတဲ့ဘက်မှာ' ကို အတန်းလစ်ပြီးကို သီချင်းတိုက်ဖူးတာ။ ဒါပေမယ့် ပွဲကမဖြစ်လို့ မဆိုလိုက်ရပါဘူး။ အဖွဲ့လိုက်ပေါ့။ မိန်းကလေးဆိုလို့ ကျွန်မနဲ့နောက်တစ်ယောက်။ (အဲဒီသူငယ်ချင်းက ခုဆို နာမည်မကြီးသေးပေမယ့် သီချင်းဆိုနေပြီ။)
နောက် အဲဒီ (၈)တန်းတုန်းကပဲ 'အခါလွန်တဲ့မိုး' သီချင်းကြားရင် နေရင်းထိုင်ရင်း မျက်ရည်ကျချင်တဲ့ သူငယ်ချင်းတစ်ယောက်လည်း ရှိဖူးတယ်။

နောက် 'ဖန်စီဒိုင်း ဖန်စီဒိုင်း စွဲနေပြီ အချစ်ရေ' ဆိုတဲ့သီချင်း(ခု ဖြူဖြူကျော်သိန်း ဆိုတော့ အဆိပ်ရိုင်း ဖြစ်သွားတာတဲ့သီချင်းလေ)။ (၁၀)တန်းအောင်စာရင်းထွက်မယ့်ည။ ကျွန်မရဲ့အောင်စာရင်းကို လုံးဝကြိုမသိထားပါဘူး။ မနက်စောစောမှ ကိုကိုငယ် သွားကြည့်ပေးမယ် လို့ ဆုံးဖြတ်ထားပြီး။ အေးအေးဆေးဆေး အိပ်တာပါပဲ။ ညသန်းခေါင်ရောက်တော့ လန့်နိုးလာတယ်လေ။ လမ်းမှာလည်း အသံတွေ ဆူညံနေတယ်။ ဘယ်လိုမှ ပြန်အိပ်လို့မရတော့ဘူး။ သိလည်း သိချင်လာပြီလေ။ အေးဆေးမှ ကြည့်မယ်လို့ ပြောထားပြီးသားဆိုတော့လည်း လှိမ့်ပိန့်အိပ်ရတာပေါ့။ မရပါဘူး။ အဲဒီအချိန်မှာ လမ်းပေါ်ကနေ 'ဖန်စီဒိုင်း။ ဖန်စီဒိုင်း' ဆိုတာကို အော်ပြီးဆိုသွားလိုက်တာ။ ခုချိန်ထိကို ဘယ်အချိန် အဲဒီသီချင်းကြားကြား (၁၀)တန်းအောင်စာရင်းထွက်တဲ့ညကို ပြန်ပြန်ရောက်သွားတယ်။

တက္ကသိုလ်တက်တဲ့အချိန်မှာတော့ ပြောစရာမလိုပါဘူး။ မှတ်မှတ်ရရ သီချင်းတွေ အများကြီးရှိခဲ့တယ်။ ဒုတိယနှစ် Fresher Welcome မှာတုန်းက ပထမဆုံး စင်ပေါ်တက် သီချင်းဆိုဖူးတာပေါ့။ ဆိုတဲ့သီချင်းက 'လွမ်းရယ်မပြေ' ပါ။ တကယ်ကို လွမ်းရယ်မပြေပါပဲ။ ပထမဆုံးနဲ့ နောက်ဆုံးပဲလို့ ပြောရမလိုပဲ။ ဘာလို့လဲဆိုတော့ နောက်ပိုင်းမှာ ကျွန်မသီချင်းဆိုချင်တဲ့စိတ် တဖြည်းဖြည်း ပါးရှားလာတယ်လေ။ နားထောင်သမားသက်သက်ပဲ ဖြစ်သွားတယ်။ ခုချိန် M3 ရောက်ရင် ချောင်ထဲကပ်ပြီး သူများဆိုတာကို လက်ခုပ်တီးဖို့ သက်သက်ပဲရပါတယ်။ မဆိုခိုင်းနဲ့ မဆိုဘူး။

မနေ့ညနေက MRTV 4 ကနေ 19:18 show အကြောင်းလာတယ်။ အဲဒီသီချင်းတွေနားထောင်ရင်း တော်တော်လွမ်းသွားတယ်။ ဟောင်းလှတယ် မဟုတ်ပေမယ့် မကြားရတာ၊ နားမထောင်ဖြစ်တာ ကြာသွားပြီ မဟုတ်လား။
19:18 (I) ထွက်တဲ့ အချိန်က (၁၀)တန်းတက်နေတုန်းပေါ့။
" တကယ်ကို အထီးကျန်တဲ့နေ့တွေ ကိုယ်သိပ်လွမ်းနေတဲ့ညတွေ ဒီလိုဆက်တိုက်ကြီးဆို ရူးတော့မှာပဲ.. "

" မင်းကိုချစ်တာ ဘာကိုမှ တို့မလိုချင်တော့ဘူး။ ချစ်ရုံချစ်နေမယ်။ "

" ဘာမှမသိချင်ဘူး မင်းကိုငါလွမ်းတော့ကွာ။ နေ့ရော ညပါ သတိရတယ် အချစ်ရာ။ ငါ့နှလုံးသားဟာ မင်း။ ငါ့ရှင်သန်ခြင်းမင်း။ မထားခဲ့ပါနဲ့။ မင်းမရှိရင် အဓိပ္ပယ်မဲ့။ "

" ဆိုပါလေ နှုတ်ဆက်စကား။ ဒီနေရာမှာ ထားလို့သွား။ မင်းကစ... ။ မင်းထားသွားခဲ့နိုင်မှ အစပြုလို့ မင်းမငိုနဲ့လေ။ မငိုပါနဲ့လေ။ "

" မင်းပဲရေး။ မင်းပဲရိုက်။ မင်းပဲရှုတ်။ ဇာတ်လမ်းတစ်ပုဒ်။ ဒီအချိန်နိဂုံးချုပ်တော့မယ်။ ဘယ်သူ့နဲ့ ဇာတ်ပေါင်းထုပ်မလဲ။ အရိုးသားဆုံး သိပ်ချစ်လို့ ငါ့အတွက်တော့ ဘာမှမရှုံး။ အကုန်ကို ကြိုသိပြီးသားမို့ အရာရာ ပြင်ဆင်ထားခဲ့လို့။ "

နောက် 19:18 (II), (III) ။ တက္ကသိုလ် တက်နေတဲ့အချိန်တွေ။ သူငယ်ချင်းတွေရဲ့ ဂစ်တာသံတွေ။ အော်ဆိုသံတွေ။

" တကယ်တမ်းတော့ ဘ၀ဆိုတာ ရင်ခုန်ရုံနဲ့ ပြီးမှ မပြီးတာ။ တချိန်ချိန်တော့လည်း မင်းနားလည်မှာပါ။ ...
လွယ်မယ်ထင်ထားလား။ ပျော်မယ်ထင်လို့လား။ အချိန်တန်တော့လည်း မင်း။ လိုနေမယ် စည်းစိမ်များ။ လူတွေက ခက်တယ်။ အချစ်ကို ခဏကိုးကွယ်။ အချိန်လွန်ပါမှ မင်းငိုမှာ စိုးတယ်။ "

" သတိရပေးပါ ချစ်သူရာ။ သတိရပေးပါ။ ဆိုးတူကောင်းအတူ တို့နှစ်ယောက်ရှိခဲ့ဖူးတာ မြင်ယောင်ရင်း ဒီတသက်စာ လွမ်းပေးစမ်းပါကွာ။ "

" ယုံကြည်စရာ အနာဂတ်မရှိရင် လူဆိုတာ ပျက်စီးတတ်တယ် ကလေးရယ်။ ......... ဝေးကြမယ်ဆိုရင်လည်း တကယ်ပါ အစွမ်းကုန်ကိုယ်ခွင့်လွှတ်မယ်။ မသာယာနိုင်တဲ့လမ်းမျိုးတော့ ဘယ်သူလာချင်မလဲ ကိုယ့်အချစ်လေး။ "

" ပြင်းပြင်းပြပြ မလှပေမယ့် ငါ့ရင်ထဲမှာ မင်းက နတ်သမီး။ ငါ့ရင်ထဲ ငါ့အမြင်တော့ ငါ့ရင်ထဲမှာ မင်းက နတ်သမီး။ "

" ဘယ်သူတွေ တားတား မင်းလေးပဲချစ်ခဲ့။ ရင်ဆိုင်မယ်ဒုက္ခတွေ မင်းအနားပဲနေမယ်။ မကြာခင်ဆို တို့နှစ်ယောက် ဘ၀အသစ်ကိုရှာမယ်။ ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်ဟာ မင်းပဲ။ "

" မင်းနင်းလျှောက်သွား လှေကားထစ်လေးများ။ ............ ခွင့်ပြုနိုင်တယ် လှေကားထစ်လေးများ။ မင်းလျှောက်တက်သွာတော့ အောင်မြင်မှုဆီ။ ထားခဲ့နိုင်တယ် တချိန်မှာ အပေါ်ကိုရောက်သွားရင်။ စိတ်ချ ဘာမှပြန်မတောင်းဘူး။ အသုံးချ မတော်လို့ ပြန်ကျတဲ့အခါ အကျမနာရအောင် ငါ့ကို သုံးပါဦး လှေကားထစ်လေးများ။"

" အေးစက်တဲ့ ညတွေဆွေး။ ဘေးနားက အနွေးဓါတ်လေး ယောင်ကာ အကြိမ်ကြိမ် ကိုယ်စမ်းမိ။ လိုနေတာက ကိုယ့်အနားမရှိ။..................
မင်းမရှိတော့မှ ငါသိခဲ့တယ်။ တန်ဖိုးလေးတစ်ခု ငါတမ်းတတယ်။ ပြန်တွေ့တဲ့တနေ့ ငါအမှားများ ၀န်ခံရင်းနဲ့ ငိုကြွေးခွင့်ပြုပါကွယ်။"

" မလိုချင်ဘူး ခက်တယ်ဆို ငါ့စိတ်နဲ့ မဖြစ်ပါဘူး။ ဆံပင်ဖြူပြီး ဦးနှောက်စားတဲ့ ဘ၀မျိုး မရောက်ချင်ဘူး။ "

သီချင်းတွေကြောင့်ပဲ လွမ်းတာလား။ အလွမ်းတွေကြောင့်ပဲ နားထောင်ဖြစ်တာလား။ တခါတခါတော့လည်း ရောကုန်တယ်။

July 04, 2008

ငြိတွယ်ခြင်း

ယုံချင်ယုံ မယုံချင်ရင်လည်း ပုံပြင်မှတ်ပါ။
ခပ်တုံးတုံးကောင်မလေးတစ်ယောက်နဲ့ ဓါးတစ်လက်အကြောင်း။ ဆက်ဖတ်မယ်ဆိုရင်တော့ အဖြေတစ်ခုကို ရွေးပေးရလိမ့်မယ်။

တခါတုန်းက ငတုံးမလေးတစ်ယောက်က မထင်မှတ်ဘဲတွေ့တဲ့ဓါးတစ်ချောင်းကို မရည်ရွယ်ဘဲ နှလုံးသားတည့်တည့်မှာ သိမ်းထားမိတယ်။ အဲဒီဓါးက တနေ့တခြား သူ့ နှလုံးသားထဲ နစ် နစ် လာတယ်။ တနေ့ထက်တနေ့ ဒဏ်ရာကြီးလာတာနဲ့အမျှ အဲဒီဒဏ်ရာကို တွယ်ငြိတဲ့စိတ်လည်း တနေ့တခြား အမှတ်မထင်ကြီးကြီးလာတယ်။

ဒီဓါးကိုပြန်ဆွဲထုတ်မယ်ဆိုရင် သွေးစိမ်းရှင်ရှင်ထွက်လိမ့်မယ်။ ဒဏ်ရာရမယ်။ ဒါပေမယ့် တချိန်ရောက်ရင်တော့ အဲဒီဒဏ်ရာကျက်လိမ့်မယ်။ အမာရွတ်တော့ ကျန်ကောင်းကျန်နိုင်မှာပေါ့။ ဒဏ်ရာကျက်ဖို့ အချိန်အတိုင်းအတာ ဘယ်လောက်ယူရမယ်ဆိုတာတော့ ဓါးကှိုဆွဲထုတ်ပြီးမှ တွက်ချက်နိုင်မယ်။ ကံကောင်းရင် နှစ်အနည်းငယ်ပေါ့။ ကံနည်းနည်းဆိုးရင်တော့ အသက်ရှုသရွေ့ အနာရင်းနေဦးမှာပဲ။ ။ ဘေးထွက်ဆိုးကျိုးအနေနဲ့ ဆွဲထုတ်ပြီးပြီးချင်းမှာလည်း ဟာတာတာခံစားမှုက ဆိုးရွားနိုင်တယ်။

အဲဒီဓါးကို ပြန်မထုတ်ဘူး။ ဒီအတိုင်းထားထားမယ်ဆိုပါတော့။ ဘယ်ဘက်ရင်ဘတ်က အမြဲတမ်းအောင့်လိမ့်မယ်။ တချို့သောအခိုက်အတန့်တွေမှာ အသက်ရှုမရလောက်အောင်ဖြစ်လိမ့်မယ်။ ဓါးကြောင့်ရတဲ့ နာကျင်မှုအပြင် နောက်ထပ်လည်း ဘယ်ခံစားမှုကိုမှ ခံစားလို့ရမှာမဟုတ်ဘူး။ အသက်ရှင်သရွေ့ ရှိမယ့်ဒဏ်ရာပေါ့။

ကဲ.. ဒီဓါးကိုဆွဲထုတ်သင့်သလား။ ဒီအတိုင်းထားသင့်သလား။ နှစ်လမ်းပဲရှိတာနော့။ တစ်လမ်းတော့ရွေးပေးရလိမ့်မယ်။

ဆုတောင်း

God grant me
the serenity to
accept the things
I can not change,
courage to change
the things I can,
and wisdom
to know the difference
(Anonymous)
ကျွန်ုပ်အား ဘုရားသခင် ပေးသနားတော်မူပါ။
ကျွန်ုပ်မပြောင်းလဲနိုင်သောအရာများကို
လက်ခံရန် တည်ငြိမ်အေးဆေးသည့်စိတ်၊
ကျွန်ုပ်ပြောင်းလဲနိုင်သောအရာများကို
ပြောင်းလဲရန် ရဲရင့်သည့်သတ္တိ၊
ထို့ပြင် ထိုနှစ်မျိုး၏ခြားနားမှုကိုသိရန် ဥာဏ်ပညာ
ကျွန်ုပ်အား ဘုရားသခင် ပေးသနားတော်မူပါ။
(အမည်မသိ)
င်္/* ဂျူး ။ တိမ်နဲ့ချည်တဲ့ကြိုး။ စာမျက်နှာ(219) */

စဖတ်မိကတည်းက သိပ်သဘောကျခဲ့တာ။ ခဏခဏလည်း သတိရမိတတ်တယ်။ စိတ်တွေရှု့ပ်ထွေးလာတဲ့အခါမျိုးမှာပေါ့။ အပြောင်းအလဲကိုကြောက်လို့ ရှောင်ချင်တဲ့ဇောနဲ့ ဒါတော့ ငါလုပ်နိုင်တာမဟုတ်လောက်ဘူး ဆိုပြီး သတ်မှတ်ပစ်တတ်တဲ့အခါမျိုး၊ မဖြစ်နိုင်လောက်တဲ့အရာကို ငါလုပ်မှ ဆိုပြီး စိတ်တပင်တပန်းနဲ့ လုပ်တတ်တဲ့အခါမျိုး။

"မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။ မဖြစ်လာသေးတာပဲ ရှိတယ်။" လို့ပြောတတ်ကြတယ်။ ကျွန်မကတော့ အရာအားလုံးမှာ 'ချွင်းချက်' ရှိတယ်လို့ လက်ခံထားတယ်။ 'မဖြစ်ဘူးဆိုတာမရှိဘူး' မှာလည်း ချွင်းချက်ရှိကိုရှိတယ်။ ဒီတော့ 'မဖြစ်ဘူးဆိုတာလည်းရှိတတ်တယ်' ပေါ့။ အဲဒီမှာလည်း ချွင်းချက်ရှိတော့ 'မဖြစ်နိုင်ဘူးဆိုတာလည်းရှိတတ်တယ်ဆိုတာမရှိဘူး' ပေါ့။ အဲဒီမှာလည်း ........ ကဲ

အဲဒီလိုမျိုး ခံယူထားတော့ ဘယ်တုန်းကမှ ရရမယ် တို့၊ ဖြစ်ရမယ် တို့ မရှိဘူးပါဘူး။ ဒါတောင် တခါတခါ ခံစားရသေးတယ်။ အဆိုးဆုံးက ကိုယ်မတတ်နိုင်တဲ့ ကိစ္စမျိုးတွေမှာပေါ့။ ကိုယ်လုပ်နိုင်ရက်သားနဲ့ မလုပ်တာ၊ ဖြစ်မလာတာတွေက ကိုယ့်အပြစ်လို့ ကိုယ့်ဘာသာအပြစ်တင်လို့ရပေမယ့် ကိုယ်ကြောင့်မဟုတ်၊ ကိုယ်လည်း လုပ်လို့မရတဲ့ကိစ္စမျိုးနဲ့ ကြုံခဲ့ရင် အရင်ဆုံး တည်တည်ငြိမ်ငြိမ်နဲ့ လက်ခံနိုင်ဖို့ လိုတယ်။

နောက်တစ်ခုက ပြောင်းလဲရဲတဲ့သတ္တိ။ ကျွန်မမှာ အလိုအပ်ဆုံးအရာပါ။ ကျွန်မက အပြောင်းအလဲမြန်တယ်ထင်ရပေမယ့် တကယ်လိုအပ်တဲ့နေရာတွေမှာ အပြောင်းအလဲလုပ်ဖို့ သိပ်ကြောက်ပါတယ်။ ကိုယ်ပြောင်းလဲနိုင်တဲ့အရာတွေကို မြင်တတ်ဖို့ အရင်ဆုံး ပြောင်းလဲရဲတဲ့သတ္တိရှိရမယ်။

တခါတလေလည်း ကိုယ်ညံ့တာကို ၀န်မခံချင်လို့ ဒီလိုမျိုး စိတ်ဖြေလိုက်မိတာလား လို့လည်း တွေးမိတတ်တယ်။

February 09, 2008

ဆံပင်ရှည်ထားခြင်းနှင့်ကျွန်မ


စိတ်ရှုပ်လာရင် အများဆုံးအပြစ်ပေးခံရတာကတော့ ဆံပင်ပါ။ အရင်ကလည်း စိတ်ရှုပ်လာတိုင်း ဆံပင်ညှပ်တယ်။ မွေးသမိခင်က ဆံပင်အတိုမုန်းတီးရေး။ မိန်းကလေးဆိုရင် ဆံပင်က အတိုဆုံး ပုခုံးလေးတော့ ထိနေမှဆိုတာမျိုး။ ကျွန်မကလည်း ဆံပင်အတိုကြိုက်တယ်။ ဘာရယ်မဟုတ်ဘူး။ ပေါ့ပေါ့ပါးပါးရှိလို့။ အနည်းဆုံး တစ်လတစ်ခါတော့ ဆံပင်ညှပ်ရတယ်။ ဒီတော့ အနည်းဆုံးတစ်လတစ်ခါတော့ နားပူတယ်။ ဒီကြားထဲ အမေရှေ့ခေါင်းမဖြီးရဲတဲ့ဒုက္ခ။ သူကလည်း ဒီဆံပင်ကို သတိထားမိတာနဲ့ စိတ်ကတိုရောလေ။ ဒီဒုက္ခကြီး မခံချင်တော့တာနဲ့ ပြီးပြီးရော ဆံပင်အရှည်ထားမယ်ဆိုပြီး၊ current condition က ဆံပင်အရှည်ထားနေသည် ဖြစ်လာတာပါ။ ခုတော့ ဒီဆံပင်က ပုခုံးထိလာပြီ မညီမညာနဲ့။ စိတ်ကရှုပ်လာတိုင်း သူ့ပဲအပြစ်မြင်တယ်။ ညှပ်လိုက်ပြန်ရင်လည်း မွေးမိခင်က စိတ်ဆင်းရဲဦးမယ်။ ခုလောလောဆယ် ဒီဒုက္ခကလည်း တော်တော်ကြီးတယ်။ လာလာရှုပ်နေတာကို သည်းမခံနိုင်တာနဲ့ ရသလောက်ကိုစုစည်းထားတာ အနောက်မှာ သေးသေးလေးရတယ်။ သူများမြင်ရင်တော့ ဟားစရာပဲ။ ဘယ်သူဘာပြောပြော ကိုယ်စိတ်မရှုပ်ဖို့ အရေးကြီးတယ်။ ပြသနာတစ်ခုအေးရော။
ဒါပေမယ့်.......... အမြဲတမ်းတော့ အတိုညှပ်ဖို့ အခွင့်အရေးကိုတော့ ချောင်းမြောင်းနေတာပါပဲ။

January 07, 2008

Birthdays

မွေးနေ့တွေက ကျွန်မအလေးထားတဲ့နေ့တွေပါပဲ။ ကျွန်မရဲ့ မွေးနေ့တိုင်းကိုလည်းဘယ်သူကများ အမှတ်ရပါ့မလဲလို့ ရင်တခုန်ခုန်နဲ့စောင့်ရသလို ကျွန်မချစ်တဲ့သူတွေရဲ့ မွေးနေ့တွေကိုလည်း မှတ်မိအောင်ကြိုးစားပါတယ်။

အခု ကျွန်မအသက် (၂၂)နှစ်အထိ ဖြစ်သန်းခဲ့ရသမျှ ကျွန်မမွေးနေ့တွေရော၊ ကျွန်မသူငယ်ချင်း တော်တော်များများရဲ့မွေးနေ့တွေမှာပါ သမရိုးကျအတိုင်း မွေးနေ့ရှင်က တစ်နေရာရာမှာ တစ်ခုခုကျွေးမယ်။ နောက်လက်ဆောင်တွေပေးကြမယ်။ စိတ်ပါပါမပါပါပေါ့။ ဒီလိုဝတ်ကျေတန်းကျေလုပ်ရတဲ့မွေးနေ့တွေကို ငြီးငွေ့လှပါပြီ။ သူများမွေးနေ့တွေကိုတော့ ကျွန်မစိတ်ကြိုက်ပြောင်းလဲပိုင်ခွင့်မရှိလို့ ကျွန်မမွေးနေ့တွေကိုတော့ ကြိုးစားချင်ခဲ့ပါတယ်။ ၀တ်ကျေတန်းကျေ မုန့်ကျွေးရမှာစိုးလွန်းလို့ ဘာမွေးနေ့လက်ဆောင်ကိုမှ မယူချင်ခဲ့ပါဘူး။ လက်ဆောင်ဆိုတာကလည်း လက်ခံတဲ့သူရော၊ ပေးရတဲ့သူအတွက်ပါ တခါတလေ ၀န်လေးလွန်းပါတယ်။ တန်ဖိုးဖြတ်လို့ရတဲ့ လက်ဆောင်တွေထက် သတိရမှုတစ်ခုကို တနည်းနည်းနဲ့ ဖော်ပြနိုင်ရင် ပိုပြီးနွေးထွေးတယ်လို့ယူဆပါတယ်။

မှတ်မှတ်ရရ ဖြစ်ခဲ့တဲ့မွေးနေ့တွေကတော့ 2003ခုနှစ်၊ အသက်(18)နှစ်ပြည့်မွေးနေ့၊ 2004ခုနှစ်၊ အသက်(19)နှစ်ပြည့်မွေးနေ့။ ကျွန်မဘ၀ရဲ့ အပျော်ရွှင်ဆုံး၊ အချမ်းမြေ့ဆုံးကာလတွေမှာ ဖြတ်သန်းခဲ့ရတဲ့မွေးနေ့တွေမို့လို့လားပဲလားမသိပါ။ Surprise တွေအများကြီးရခဲ့တဲ့မွေးနေ့နှစ်ခုဖြစ်ခဲ့ပါတယ်။ 2005ခုနှစ်၊ အသက်(20)ကတော့ သာမန်အနေအထား၊ 2006ကတော့ တိတ်တိတ်ဆိတ်ဆိတ်၊ 2007မှာတော့ ဘာသိဘာသာနဲ့ကျော်လွန်ခဲ့ပြီ။

နောက်ထပ်မွေးနေ့တွေမှာ ကျွန်မရှိစေချင်တဲ့ သူတွေနဲ့ပဲ ကျွန်မမွေးနေ့တွေကိုဖြတ်သန်းဖို့စိတ်ကူးရှိပါတယ်။ ၀တ်ကျေတန်းကျေနဲ့ လုပ်ရမယ့်အလုပ်တွေအားလုံးကိုထားခဲ့ဖို့ ဆုံးဖြတ်ထားပါတယ်။ ရှိစေချင်တဲ့သူတွေ အနားမှာရှိနေမပေးနိုင်ရင်လည်း မရှိတဲ့အတိုင်းနေပါ့မယ်။ ဒီတော့ ကျွန်မချစ်တဲ့သူတွေဆီက ကျွန်မလိုချင်တဲ့ လက်ဆောင်က အချိန်ပါ။ ကျွန်မမွေးနေ့မှာ ကျွန်မနားမှာရှိနေပြီး၊ ကျွန်မလုပ်ချင်တာတွေ လိုက်လုပ်ပေးဖို့ သူတို့ရဲ့ အချိန်တစ်ရက်ပါ။

ကျွန်မလိုချင်ရင် သူများလည်းလိုချင်နေမလားဆိုပြီး၊ လုပ်လေ့လုပ်ထရှိတဲ့ ထုံးစံအတိုင်း အားလုံးသောကျွန်မရဲ့ အပေါင်းအသင်းမိတ်ဆွေများရဲ့ မွေးနေ့မှာလည်း ကျွန်မရဲ့ တနေ့စာအချိန်ကို ပေးဖို့စိတ်ကူးရှိပါတယ်။ မွေးနေ့မှာ ကျွန်မကိုအနားမှာရှိစေချင်တဲ့သူများရှိခဲ့မယ်ဆိုရင်ပေါ့။ အချိန်တစ်ရက်အတွက် ကျွန်မကိုကြိုတင်ဆက်သွယ်ပါ။ အတတ်နိုင်ဆုံး ကြိုးစားပေးပါ့မယ်။ ။

November 20, 2007

အသက်ရှူကျပ်ရခြင်း အကြောင်းများ (၁)

အသက်ရှူကျပ်ရခြင်း အကြောင်းများ (၁)

ကျွန်တော်လည်း နယ်ပြန်ပြီး၊ အေးအေးဆေးဆေးပဲ နေတော့မလားလို့ပါ။ ’

နယ်မှာရော ဘာလုပ်မှာလဲ။ ’

ဒီလိုပေါ့ အစ်ကိုရယ်။ မိဘနဲ့တူတူဆိုတော့လေ။ ’

ခုလုပ်တဲ့ အလုပ်ကရော အဆင်မပြေလို့လား။ ’

‘ ပြေတယ်၊ မပြေဘူးတော့မဟုတ်ပါဘူး။ လုပ်ချင်တဲ့ အလုပ်တော့ မဟုတ်ဘူးပေါ့။ ရန်ကုန်စရိတ်နဲ့ကလည်း အလုပ်လေးတစ်ခုခု ရှိနေမှ မဟုတ်လား။ အလုပ်တစ်ခုရဖို့ဆိုတာကလည်း မလွယ်ဘူးလေ။ ရတာလေးပဲ မှေးလုပ်ထားရတာပေါ့ အစ်ကိုရယ်။ ’
‘ ဒါပေမယ့် ဒီလိုပဲနေလို့ကလည်း တသက်လုံးဘာမှ ဖြစ်လာမှာတော့ မဟုတ်ဘူးလေ။ တခုခုတော့ စွန့်စားရမှာပေါ့။ ’
‘ (၁၀)ပုံးကျော်လောက်ဆိုရင်လည်း မလေး လောက်ပဲရမှာ၊ မလေးက (၂)နှစ်လောက်လုပ်မှအရင်းလောက်ရမှာ။ ဂျပန်တို့ဘာတို့ကျတော့လည်း ရာကျော်မယ်။ အဲဒီလောက်တော့လည်း မခံနိုင်ဘူးလေ။ ’

အင်း။ အစ်ကိုတို့လည်း ဒီလိုပါပဲ။ .....................’

ဒါနဲ့ ................................................................ ’

ကျွန်မဘေးက လူနှစ်ယောက်ပြောဆိုနေကြတာပါ။ နှစ်ဆယ်ကျော် အစိတ်ပတ်ဝန်းကျင်လောက်ရှိတဲ့ လူတစ်ယောက်နဲ့ ဒီထက်နည်းနည်းငယ်မယ့် ကောင်လေးတစ်ယောက်ပါ။ ပြောနေတဲ့ ကောင်လေးက ဘာလုပ်ချင်တာလဲ။ သူပြောတာတွေက မှန်မမှန်တော့ မသိဘူး။ ဒါပေမယ့် ခုဖြစ်နေတာတော့ အမှန်ပဲ။

ကျွန်မတို့မိဘတွေ ကျွန်မတို့မောင်နှမသုံး၊လေးယောက်ကို တပြိုင်တည်း ဘယ်လိုရှာဖွေကျွေးမွေးခဲ့ပါလိမ့်။ ကျွန်မတို့မှာတော့ ကိုယ်ရနေတဲ့လခက မိဘကိုကျွေးဖို့ မပြောနဲ့၊ ကိုယ်သုံးဖို့တောင် မလောက်လို့။ ပိုက်ဆံတစ်ခုတည်းအတွက် ၀ါသနာပါပါ မပါပါ ရတဲ့အလုပ်လေးလုပ်နေရတဲ့သူတွေ ဘယ်လောက်များ များလိုက်မလဲ။ အဲဒီလိုရတဲ့အလုပ်လေးမှေးလုပ်ရင်းနဲ့ပဲ ကိုယ်ဘာဖြစ်ချင်မှန်းမသိ ကိုယ်ဘာသာပျောက်ဆုံးနေတဲ့ သူတွေဘယ်လောက်များ များလိုက်မလဲ။

ကိုယ်ဘာဖြစ်ချင်တယ် ဆိုတာ ကိုယ့်ဘာသာ ဆုံးဖြတ်ရမယ်ဆိုတာ မှန်ပါတယ်။ ကိုယ်ဖြစ်ချင်တဲ့ ‘ဘာ’ ဆိုတာဖြစ်လာဖို့ နောက်ကလိုက်ရမယ့် အရာတွေလည်းများသားပါကလား။ ဥပမာ-ကိုယ့်ဝါသနာမှ မလုပ်ရရင်မလုပ်ဘူးဆိုတဲ့ ကျွန်မတို့ကို တင်ကျွေးထားနိုင်လောက်တဲ့ မိဘရဲ့ အခြေအနေ၊ ကိုယ့်ဝါသနာကို professional ဖြစ်လာစေဖို့လိုအပ်တဲ့ကျွမ်းကျင်မှုအတွက် အချိန်နဲ့ငွေ၊ (ဇွဲ၊ လုံ့လ၊ ၀ိရိယ၊ ကြိုးစားအားထုတ်မှု စတာတွေကိုတော့ ထည့်ပြောမနေတော့ပါဘူး။ ဒါလူတိုင်းသိပါတယ်။)

ခုကျွန်မတို့ဘ၀တွေက ဘာဖြစ်ချင်တယ်ဆိုတာကို နောက်ကလိုက်ရမယ့်အရာတွေနဲ့ ချိန်ထိုးပြီး၊ ဆုံးဖြတ်နေကြရပါတယ်။ ဒီတော့လည်း ဖြစ်ချင်တာတခြား ဖြစ်နေတာတခြားတွေ၊ ဘာဖြစ်ချင်လို့ ဖြစ်ချင်မှန်းမသိတွေ၊ အဆင်ပြေတာ၊ ပိုက်ဆံများများရတာ၊ ဟိုဟာဆို ဟိုဟာလိုက်၊ ဒီဟာဆို ဒီဟာလိုက်တွေ များများလာတာနေမှာပါ။ ဒီအခြေအနေတွေ ဖြစ်ဖြစ်နေတာ ကျွန်မတို့တွေကပဲ ညံ့လွန်းလို့လား။ ဒါမှမဟုတ် .................


November 13, 2007

ဝတ်စားဆင်ယင်မှု

တောကျတယ်လို့ပဲပြောပြောပါ။ နည်းနည်းတော့ ကြေငြာဦးမယ်။ စကဒ်အတိုလေးများကို မ၀တ်ဖြစ်ပေမဲ့ ကြည့်ရတာပေါ့ပေါ့ပါးပါးလွတ်လွတ်လပ်လပ် ရှိသည်ဟု ခံစားမိ၍ ကြိုက်ပါတယ်။ ပြောချင်တဲ့အဓိကကတော့ ဒူးခေါင်းအထက်ပြဿနာပင်ဖြစ်သည်။ ကျွန်မကတော့ ဒူးခေါင်းအထက်စကဒ်၊ ဘောင်းတိုတို့ကို ဘယ်လိုမှခံစား၍မရပါ။ Dynaလို ကားမျိုးပေါ်တက်တဲ့အခါမျိုးမှာ ကျွန်မကိုရင်တုန်အောင်ခံစားမှုကို ပေးစွမ်းနိုင်လို့ထင်ပါရဲ့။ ဘာလို့များ အဲလိုစကဒ်တွေကြိုက်သလဲလို့ပေါ့။ ဘယ်လောက်ပဲ ခြေထောက်လေးက ဖော့ဖယောင်းအလား သွယ်ပြောင်းနေပါစေ ကျွန်မကတော့ ကြည့်ရတာနဲ့ကိုမကြိုက်ပါဘူး။ (ကျွန်မကမိန်းကလေးမို့လို့လားတော့ မသိဘူးနော့)။ ဒူးနားလောက်စကဒ်ကလေးတွေလည်းလှပါတယ်။ အဲ အဲ ဒါပေမယ့် ဒူးနားလောက်ရှိပေမယ့် ပါးပါးကားကားလေးဆိုရင်လည်း တစ်မျိုးရင်တုန်စရာလေ။ နော့။
ကဲ ထားပါလေ။ ဘယ်သူဘာဝတ်ဝတ်ပေါ့။ ကိုယ်မကျေနပ်ရင်လျှောက်မကြည့်ပြီးတာပဲ။ မျက်စိထဲ ကိုးလိုးကန့်လန့်ဆို ကြည့်မိတဲ့ ကိုယ့်မျက်လုံးကိုပဲ အပြစ်တင်ပါတယ်။

ကြုံတုန်းတော့ ကိုယ့်အကြိုက်လေးလည်း ပြောခဲ့ဦးမှ။ ကျွန်မကတော့ ဂျင်းဘောင်းဘီနဲ့ Tရှပ်၊ ရှပ်လက်တို ကိုအကြိုက်ဆုံးပါ။ ဘောင်းဘီမ၀တ်သင့်၊ မ၀တ်ရတဲ့နေရာအတွက်ဆိုရင်တော့ ထမီရှည်ရှည် ၀တ်ရတာ ကြိုက်တယ်။ မ၀တ်ဖြစ်ပေမဲ့ အကြိုက်ဆုံးကတော့ မြန်မာချည်ထမီနဲ့ မြန်မာချည်အင်္ကျီပါ။ အင်္ကျီကလက်ရှည် မဟုတ်ဘူးနော်။ လက်တိုလက်တို။
ဒါပါပဲ။ လက်ဆောင်ဝယ်ပေးချင်တဲ့သူ ၀ယ်ပေးရအောင် ကြေငြာတာပါ။ :P

ဟုတ်

လူတစ်ယောက်၏အမူအကျင့်ဟုဆိုရာတွင် တမင်လုပ်ယူတဲ့အကျင့်၊ ပတ်ဝန်းကျင်ကြောင့် ဖြစ်လာတဲ့အကျင့်၊ သူ့ဘာသာ အလိုအလျောက်ဖြစ်လာတဲ့အကျင့် စသဖြင့် အမျိုးမျိုးကွဲပြားမည်ဖြစ်သည်။ ယေဘုယျအားဖြင့် ကောင်းသောအကျင့်ကို အတုယူရန်ထက်ဆိုးသောအကျင့်ကိုပြုပြင်ရန်မှာ ပိုမိုခက်ခဲတတ်ကြသည်။ တမင်လုပ်ယူထားသောအကျင့်ကိုဖယ်။ ကျန်အကျင့်များတွင်မှ တချို့အကျင့်များကို ကိုယ်တိုင်ကနှစ်နှစ်သက်သက် ပြုမူသော်လည်း၊ တချို့အကျင့်များမှာမူ ကိုယ်တိုင်ကမနှစ်သက်ဘဲ၊ မသိစိတ်ကြောင့်သော်လည်းကောင်း၊ ဂရုမမူမိ၍သော်လည်းကောင်း ပြုမူမိတတ်ကြသည်။

ကျွန်မတွင်လည်း ကျွန်မကိုယ်တိုင်နှစ်သက်၍ လက်ခံထားသောအကျင့်များရှိသလို၊ လက်မခံချင်ဘဲ လက်ခံ ထားရသောအကျင့်များလည်းရှိသည်။ လက်မခံချင်ဟုဆိုရာတွင်လည်း လက်မခံနိုင်လောက်တဲ့ အကျင့်ဆိုးများသာမက ကျွန်မကိုယ်တိုင်၏ ပုဂ္ဂလိကခံစားချက်သက်သက်နှင့်သာ မနှစ်သက်သော အပြုအမူများလည်း တချို့ တချို့ပါဝင်သည်။ ၄င်းတို့အနက် ..... မနှစ်သက်ဆုံးနှင့် နေ့တိုင်းလုပ်ဖြစ်နေသော အကျင့်တစ်ခုမှာ "ဟုတ်"....................................

ယဉ်ယဉ်ကျေးကျေးမြန်မာစကားတစ်လုံးဖြစ်သည့် "ဟုတ်ကဲ့" ဆိုသည့်စကားလေးနှစ်လုံးကို ယနေ့ခေတ်တွင် လူတော်တော်များများက "ဟုတ်" ဟူ၍သာ ပြောဆိုနေကြသည်ကို သတိပြုမိကြပါလိမ့်မည်။ မြန်မာစကားများပျက်စီးမည် စိုး၍ ဘာ၍ ဟူသော ပညာရှင်ဆန်သော အတွေးများကျွန်မတွင်မရှိပါ။ ကျွန်မ၏အာရုံတွင် ပေါ့ပျက်ပျက်နိုင်သည်ဟု ခံစားမိသောကြောင့်သာလျှင် မနှစ်သက်ခြင်းဖြစ်ပါသည်။ မနှစ်သက်ပင်မနှစ်သက်သော်ငြား နေ့စဉ်ကျွန်မ၏နှုတ်မှ တဟုတ်ဟုတ် နှင့် ဟုတ်နေသည်ကိုတော့ ၀န်ခံရပေမည်။ ဘယ်အချိန်က ကျွန်မပါးစပ်ထဲရောက်လာမှန်း၊ ကျွန်မရဲ့ ဘယ်လိုအကျင့် အမျိုးအစားဟုသတ်မှတ်ရမှန်း မသိတော့ပေမယ့် ခုချိန်မှာတော့ အိမ်တွင်လည်း အိမ်တွင်မို့၊ အလုပ်တွင်လည်း အလုပ်တွင်မို့ သတိထားနေရင်းနှင့်ပင် "ဟုတ်" မိသွားပြန်သည်။ ခေါင်းတညိတ်ညိတ်နားထောင်ရသောအခါ များတွင်ပို၍ ပင်သိသာပါသည်။ အစပိုင်းတွင် ဟုတ်ကဲ့နေရင်းနှင့်ပင် တဖြည်းဖြည်းနှင့် "ဟုတ်" ဖြစ်လာတတ်သည်။ စိတ်မပါပဲ ခေါင်းညိတ်ရသောအခါမျိုးတွင်လည်း "ဟုတ်" တတ်သည်။ စိတ်ပျက်လာသော အခါများတွင်လည်း "ဟုတ်" တတ်သည်။ ဘာလို့များ ပြင်လို့မရဖြစ်နေပါလိမ့်လို့လည်းတွေးမိပါသည်။

သူများပြောဆိုနေတာကိုတော့ ဘာမှမခံစားမိလို့ ဘာမှမပြောလိုပေမယ့် ကျွန်မကိုယ်တိုင်တော့ ဒီ "ဟုတ်" ကြီးကိုမပြောချင်ပါ။ ဘာပဲဖြစ်ဖြစ် ဒီ"ဟုတ်" ဆိုတာကြီးကို ကြိုက်ကိုမကြိုက်ပါ။ ပြင်ဖို့လည်း ကြိုးစားပါဦးမည်။

October 30, 2007

Lovely Sunday

ပြီးခဲ့တဲ့တနင်္ဂနွေက ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်မှာရှိတဲ့ မင်္ဂလာဗျူဟာမှာ (၉၁)ကြိမ်မြောက် သွေးလှူဒါန်းပွဲရှိပါတယ်။ ကျွန်မလည်း လှူမယ်ဆိုပြီးတော့ သွားပါတယ်။ အစ်မတစ်ယောက်က စနေနေ့ကတည်းက Register လုပ်ပေးပြီး၊ ကျွန်မကိုလည်း လာစောင့်ပေးပါတယ်။ ပထမဆုံးအကြိမ် ဖြစ်တဲ့အတွက် ရင်တော့နည်းနည်းခုန်တယ်ပေါ့။ တနင်္ဂနွေ နေ့လည် (၁၂)ခွဲလောက် ဗဟန်း(၃)လမ်း ကားမှတ်တိုင်ကနေလျှောက်လာတဲ့လမ်းတလျှောက် လက်ဖျံမှာ ပလာစတာကပ်ထားတဲ့ သူတွေကို အားကျတဲ့မျက်လုံးနဲ့ ကြည့်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ပေါ့။ ဒါပေမယ့်.............. ဟေမိုဂလိုဗင်လည်း စစ်ရော မပြည့်ပါတဲ့လေ။ လှူလို့မရသေးဘူးတဲ့။ ကျွန်မက ကျွန်မကိုယ်ကျွန်မ လုံးဝလှူလို့ရမယ်ပဲ တွက်ထားတာလေ။ (ကျန်းမာရေးကလည်း ဒေါင်ဒေါင်မြည်ကိုး။) ပထမဆုံး ပွဲဦးထွက် အတွေ့အကြုံကတော့ သင်းနေတာပါပဲ။ လိုက်ပေးတဲ့ အစ်မကိုလည်း တော်တော်အားနာသွားပါတယ်။ သွေးလှူတာလိုက်ပေးတာရော၊ မလှူရတော့ ဘုရားပေါ်တက်ပြီး၊ ကျွန်မလေကန်တာ နားထောင်ပေးတာရောပေါ့။ (ဟဲ ဟဲ.. လာဖတ်မယ်ဆိုတာ သိလို့ ဖားနေတာပါ။)
နောက်တစ်ကြိမ်တော့ လှူဖြစ်အောင်လှူမယ်လို့။

October 25, 2007

Bus Fee & people

ကျွန်မက မနက်ဆို (၂၀၄) Mini Bus စီးပြီး၊ ညနေဆိုရင်တော့ ဘုရင့်နောင်လမ်းအတိုင်းသွားတဲ့ ကားတွေစီးဖြစ်တယ်။ အခုတလော ကျွန်မစီးနေကျ Bus တွေပေါ်မှာ မနက်လည်း မနက်မို့လို့ ညနေလည်းညနေမို့လို့ ကြားနေရ၊ ကြုံနေရတဲ့ ပြသနာက ကားခပါပဲ။ Oct လဆန်းလောက်ကစပြီး၊ လမ်းပိုင်းအလိုက် ကားခဖြတ်တဲ့နှုန်းတွေ ပြောင်းလိုက်လို့ တချို့ တချို့ တွေက ပုံမှန် (၁၀၀)ကျပ် ပေးရတဲ့ နေရာကို (၁၅၀)ကျပ်ပေးကြရပါတယ်။ (၅၀)ကျပ် ပေးရတဲ့ နေရာကို (၁၀၀)ကျပ်ပေးကြရပါတယ်။ မနက်ဆိုရင် (၂၀၄)ပေါ်မှာ အဲဒီပြသနာက သံသာချိုအေးမင်္ဂလာတေးအနေနဲ့ မနက်မနက်နားဆင်ရပါတယ်။ ညနေဆိုရင်တော့ (၄၄)စီးမိရင် ကြားရပြီ ဒီအသံတွေ ....။
မနေ့ညနေက ကျွန်မပြန်တာ နောက်ကျပါတယ်။ လမ်း(၃၀)မှာ ကားစောင့်ရင်း စီးမိတာက (၄၄)။ ပြေးတက်လိုက်တော့ နောက်ဆုံးခုံတန်းမှာ နေရာရပါတယ်။ ကျွန်မဘေးမှာက အသက် (၆၀)အရွယ်လောက်ရှိတဲ့ ဘကြီးတစ်ယောက်။ တက်တက်ချင်းပဲ သူကကျွန်မကို ဒီကားက (၁၉၉)လား၊ (၄၄)လားလို့မေးပါတယ်။ ကျွန်မက (၄၄)ဖြစ်တဲ့အကြောင်းပြောတော့ သူက (၁၉၉)ထင်လို့တက်လာတာလို့ပြောပါတယ်။ အချိန်ကလည်း (၇)နာရီပတ်ဝန်းကျင်ဖြစ်နေပြီး၊ ထိုင်စရာနေရာလည်းရထားတော့ ပြန်မဆင်းတော့ဘူးလို့ ဆုံးဖြတ်လိုက်ပုံပါပဲ။ ကျွန်မစိတ်ထဲ တွေးမိတာကတောင် (၁၉၉)နဲ့(၄၄)က ဒညင်းကုန်းအထိ လမ်းကြောတူတူပဲဟာ ဘာစီးစီးတူတူပေါ့၊ ဘာဖြစ်လို့များ (၁၉၉)စီးချင်ရတာလဲပေါ့။ စပယ်ယာပိုက်ဆံလာကောက်တော့မှ သဘောပေါက်တယ်။ သူဆင်းမယ့် မှတ်တိုင်က (၁၉၉)စီးရင် (၁၅၀)ပဲပေးရပြီး၊ (၄၄)စီးရင် (၂၀၀)ပေးရတာကိုး။ ဒီမှာတင် ပြသနာစတော့တာပဲ။ စပယ်ယာကို သူက (၁၅၀)မဟုတ်လားလို့ မေးပါတယ် (တကယ်တော့ သူသိပြီးသားပါ။ ရများရမလားဆိုတဲ့ တ၀က်တပျက်မျှော်လင့်ချက်နဲ့မေးတာ ဖြစ်နိုင်ပါတယ်။) စပယ်ယာက ဘာမှမပြောပဲ ကပ်ထားတဲ့ ကားခကောက်ခံနှုန်းဇယားကိုပဲ လက်ညှိုးထိုးပြပါတယ်။ (စပယ်ယာခမျာလည်း ဒါချည်းပဲ ဖြေနေရလို့ မောရှာပြီပေါ့)။ ဒါကိုသူက မင်းတို့က ဘာညာနဲ့ စကားထများပါလေရော။ စပယ်ယာ နှစ်ယောက်ရော၊ ဒရိုင်ဘာပါ ပါလာပြီး (၅)မိနစ်လောက် ငြင်းခုံအပြီးမှာ စပယ်ယာတွေနဲ့ ဒရိုင်ဘာက တိတ်လိုက်ကြတယ်။ မတိတ်တာက ကျွန်မဘေးက ဘကြီးပါ။ သူ့ကြည့်ရတာ တနေ့လုံးလည်း အလုပ်အဆင်မပြေလာဘူးနဲ့တူပါတယ်။ အကြောင်းစုံကို တတွတ်တွတ်နဲ့ပြောနေတော့တာပါပဲ။ ခပ်တိုးတိုးပဲ ပြောတော့ တော့ ဘေးက ကျွန်မကိုပဲ တိုင်တည်သလိုဖြစ်နေပြီး၊ သူတခွန်းပြောလိုက် ကျွန်မတွေးစရာ တခုရလိုက်၊ ရင်ဘတ်ထဲက စူးခနဲအောင့်လိုက်နဲ့ ဒုက္ခကိုများနေတာပါပဲ။ လူကလည်း တနေ့လုံးပင်ပန်းတာနဲ့၊ ဗိုက်ဆာတာနဲ့ပေါင်းပြီး၊ ငိုချင်သလိုလိုတောင် ဖြစ်လာတော့တယ်။ တော်ပါတော့ လို့ ပြောချင်ပေမယ့် မှန်တာတွေများနေတော့လည်း နားထောင်နေရင်းနဲ့ ဘုရင့်နောင်လမ်းဆုံကို ဘယ်လိုရောက်လာမှန်းတောင်မသိအောင်ပါပဲ။ ပြောတာတွေ အများကြီးထဲမှာ ကျွန်မသေချာမှတ်မိတာကတော့ " တနေ့လုံးသေအောင်လုပ်တောင် (၁၀၀၀) ရဖို့ မနည်းရှာရတာ။ ကားခက (၄၀၀)ကုန်ရင် ဘာသွားစားရတော့မှာလဲ။ " ဆိုတာပါပဲ။ ဟုတ်တာပေါ့။ ကျွန်မလည်းဒီလိုလကုန်ခါနီးရက်တွေဆိုရင် (၁၅၀)ကုန်မဲ့ကားခအစား (၁၀)ပဲကုန်မယ့် ရထားကိုပြောင်းစီးရကောင်းမလား ခဏခဏတွေးရပါတယ်။
သြော် ... ဘာရယ်မဟုတ်ပါဘူး။ ကြုံရပုံများ ပြောပါတယ်။

September 21, 2007

မှန်နေပါသော်လည်း

/* ဒီမနက် ရေဒီယိုကနေ ပုံပြင်လေးတစ်ပုဒ် နားထောင်လိုက်ရတယ်။ ကြားဖူးပြီးသားလည်း ဖြစ်ချင်ဖြစ်မှာပါ။ ကျွန်မကတော့ ခုမှကြားဖူးတာပါ။ ပြောပြမယ်နော် ။ */
ပုံပြင်လေးဖြစ်လာတာက ဒီလိုပါတဲ့။ လူနှစ်ယောက် စကားပြောနေရင်းကနေ တစ်ယောက်ကပြောတယ်။ "ဘယ်သူမှားမှား ကိုယ်မှန်ရင် ပြီးတာပဲ" တဲ့။ ဒါနဲ့ နောက်တစ်ယောက်က ဒီပုံပြင်လေးကို ပြောပြပါတယ်။တခါတုန်းက အမျိုးသမီး (၃)ယောက်ရှိတယ်တဲ့။ သူတို့ (၃)ယောက်လုံးဟာ သေပြီးတဲ့နောက်မှာ နတ်ပြည်ကိုရောက်သွားကြပါတယ်။ နတ်ပြည်ရောက်ပြီးတော့ ဘယ်ကိုသွားရမှန်းမသိဖြစ်နေတုန်း သိကြားမင်းရောက်လာပါလေရော။ သူတို့ကလည်း သူတို့ဘယ်မှာနေရမလဲလို့ သိကြားမင်းကို မေးကြတာပေါ့။ သိကြားမင်းကလည်း လမ်းတစ်ခုကို ညွှန်ပြပြီး၊ ဒီလမ်းအတိုင်းလျှောက်သွားရင် နေရမယ့် ဘုံဗိမ္မာန်ကို တွေ့လိမ့်မယ်လို့ပြောပါတယ်။ မမှားမယွင်း သတိပြုရမှာတစ်ခုကိုလည်း ပြောပါသေးတယ်။ အဲဒါကတော့ လမ်းလျှောက်နေရင်း ဘဲတွေကိုတွေ့ရင် တစ်ကောင်ကိုမှ မနင်းမိစေနဲ့တဲ့။ ဒါနဲ့ပဲ အမျိုးသမီး(၃)ယောက်လည်း ပျော်ပျော်ရွှင်ရွှင်နဲ့ အဲဒီလမ်းအတိုင်းလျှောက်သွားကြတာပေါ့။ လျှောက်နေရင်း ပထမအမျိုးသမီးက ဘဲတစ်ကောင်ကို နင်းမိပါလေရော။ အဲဒီအခါ သိကြားမင်းပေါ်လာပြီး၊ ပထမအမျိုးသမီးကို ရုပ်ဆိုးဆိုးနတ်သားတစ်ပါးနဲ့ လက်ဆက်ပေးလိုက်သတဲ့။ ကျန်တဲ့ အမျိုးသမီး(၂)ယောက်လည်း ဆက်လျှောက်လာရင်း ဒုတိယအမျိုးသမီးလည်းပဲ ဘဲတစ်ကောင်ကိုနင်းမိပြန်ပါလေရော။ သိကြားမင်းထပ်ပေါ်လာပြီး ဒုတိယအမျိုးသမီးကိုလည်း ရုပ်ဆိုးဆိုးနတ်သားတစ်ပါးနဲ့ပဲ လက်ဆက်ပေးလိုက်ပြန်ပါတယ်။ တတိယအမျိုးသမီးတစ်ယောက်ပဲကျန်ပြီး၊ ဆက်လျှောက်လာလိုက်တာ သူနေရမယ့် ဘုံဗိမ္မာန်ကို အမှားအယွင်းမရှိဘဲ ရောက်လာတော့တာပေါ့။ အဲဒီမှာပဲ သိကြားမင်းပေါ်လာပြီး တတိယအမျိုးသမီးကို အလွန်ချောတဲ့ နတ်သားတစ်ပါးနဲ့ လက်ဆက်ပေးလိုက်ပါတော့တယ်တဲ့။ အမျိုးသမီးကတော့ ပျော်ရွှင်နေတုန်းမှာပဲ အဲဒီနတ်သားလေးပြောလိုက်တာကတော့ "ဒီလောက် မမှားအောင်လျှောက်နေတဲ့ ကြားကနေ ဒီဘဲစုတ်တစ်ကောင်ကို နင်းမိလို့ အဖြစ်ဆိုးရတယ်" တဲ့။ အဲဒီတော့မှ တတိယအမျိုးသမီးက "သြော်. ငါမှန်ပေမယ့် သူများမှားတာနဲ့ပဲ ငါ့မှာ အရုပ်ဆိုးရတော့တယ်" တဲ့လေ။ ပုံပြင်လေးကတော့ ဒါပါပဲရှင်။
/* ခုတလော ဒီသဘောတရားလေးကို ကျွန်မလှိမ့်နေအောင်ခံနေရပါတယ်။ ဒါကြောင့် ဒီမနက်ဒီပုံပြင်ကိုကြားကြားချင်းပဲ သဘောကျနေမိတာပေါ့လေ။ */

September 18, 2007

Give and Take

အပေးနဲ့အယူ တဲ့ ။ လူတိုင်းကြားဖူးတဲ့ စကား။ ကျွန်မတို့နေ့တိုင်းကြုံနေရတဲ့ သဘောတရားလေးပါပဲ။ Give ပြီးမှသာ Take ကလာပါတယ် တဲ့။ မပေးဘဲနဲ့ဘာမှမရပါဘူး တဲ့။ ဟုတ်ပါတယ်။ လောကကြီးမှာ တစ်ခုပေးလို့ တစ်ခုရတာချည်းပါပဲ။ တရားလည်းတရားပါတယ်လေ။ တစ်ခုပေးပြီးလို့မှ တစ်ခုပြန်မရရင်တော့ ဒါဟာ မတရားတော့ပါဘူး။ တစ်ခုရလာပြီးတာတောင် တစ်ခုမှမပေးဖြစ်ခဲ့သေးဘူးဆိုရင်လည်း ကျေနပ်စရာ မကောင်းပြန်ပါဘူး။ ဘာမှပေးချင်ရင် ကိုယ်လည်းဘာမှမယူနဲ့။ ဘာမှမယူရင် ဘာမှပြန်ပေးစရာမလိုဘူး လို့လည်း ပြောလို့မရပါဘူး။ လူရယ်လို့ဖြစ်လာရင်တော့ မပေးချင်လည်း ပေးနေရမှာပဲ။ မယူချင်လည်းယူနေရမှာပါပဲ။
ကျွန်မအတွက်ကတော့ ပေးတယ်။ ယူတယ်ဆိုတဲ့ နေရာမှာ အရာဝတ္ထုပစ္စည်းတင်မက ပျော်ရွှင်မှု၊ ကျေနပ်မှု၊ စတဲ့ စိတ်ခံစားချက်တွေကိုလည်း ထည့်တွက်ထားပါတယ်။ ကျွန်မလုပ်ချင်တဲ့ အလုပ်တခုကို လုပ်ခွင့်ရမယ်။ အချိန်ကုန်မယ်။ ငွေကုန်မယ်။ လူပင်ပန်းမယ်။ အတိုက်အခံလုပ်ရမယ်။ ဆိုရင်တောင် လုံလောက်တဲ့ကျေနပ်မှုတခုရရင်ပဲ အဲဒါ ကျွန်မအတွက် Give and Take ပဲ။ ဒီလိုပဲ။ တခုခုကို ရထားပြီဆိုရင်လည်း အဲဒီအတွက် တခုမှပြန်မပေးရသေးရင် အလွန်အားနာရပါတယ်။ ပေးတဲ့သူက ဘာမှမျှော်လင့်မထားရင်တောင် အားနာရပါတယ်။ တချို့ သောသူတွေဆီကနေ ကျွန်မ Take ချည်းလုပ်မိတာရှိပါတယ်။ အဲဒီလူတွေကို ဘာမှပြန်မပေးနိုင်သေးတဲ့အခါ ကျွန်မ အမြဲ အားနာနေရပါတော့တယ်။ ကျွန်မကြောင့် ကျွန်မနဲ့ပတ်သတ်တဲ့သူတွေ ပျော်ရွှင်ရတယ် ဆိုလည်း ဒါ သူတို့ကို ပေးနိုင်တဲ့ ကျွန်မရဲ့ Give ပါပဲ။
သေချာစဉ်းစားမယ် ဆိုရင် ကျွန်မတို့တွေ Take တွေပဲ များနေမလား။ Give ကရော ရှိရဲ့လား။ အင်း .. Give များများလုပ်ပြီး၊ အဲဒီ Give ကနေမှ စိတ်ကျေနပ်ခြင်းဆိုတဲ့ Take ကိုပဲ ပြန်ယူနိုင်အောင် ကြိုးစားမယ်ဆိုလည်း ဘ၀ကြီးက နေပျော်စရာကောင်းမယ် ထင်တာပါပဲ။

မိုးရွာပြီးစ ညနေခင်း

စာရေးဆရာမ ခင်မြဇင်ရဲ့ မိုးရွာပြီးစညနေခင်း ဆိုတဲ့ခေါင်းစဉ်နဲ့ ကဗျာစာအုပ်လေးကို ဖတ်ဖြစ်ပါတယ်။ ကဗျာအားလုံးကို ဆရာ တိုးကျော်လှိုင်က Translate လုပ်ထားပါတယ်။ ကဗျာလည်းကြိုက်၊ English ကိုလည်း လေ့လာချင်သူတွေအတွက် အဆင်ပြေနိုင်မယ့်စာအုပ်ပါ။
ကဗျာဆိုတာ ဖတ်တဲ့သူပေါ်မူတည်ပြီး ခံစားချက် အမျိုးမျိုးပေးနိုင်စွမ်း ရှိတဲ့အရာလို့ ယူဆထားပါတယ်။ ကျွန်မတစ်ယောက်တည်းအနေနဲ့တောင် ကဗျာတပုဒ်တည်းအပေါ် ခံစားမိတဲ့ခံစားမှုက ကျွန်မရဲ့ စိတ်အခြေအနေပေါ်မူတည်ပြီး တချိန်နဲ့တချိန်မတူပါဘူး။ ခုချိန်မှာ ရှိတဲ့ကျွန်မခံစားမှုနဲ့ပဲ ဒီကဗျာစာအုပ်က ကဗျာတွေထဲကနေ ကျွန်မကြိုက်တဲ့ ကဗျာလေး နှစ်ပုဒ်ကို တင်ပေးချင်ပါတယ်။

September 03, 2007

Intro

ဒီ Blog လေးကတော့ ပထမဆုံးရေးဖြစ်တဲ့ Blog လေးပါပဲ။ ဒီလိုရေးချင်တာတော့ ကြာခဲ့ပါပြီ။ ခုမှသာ ရုပ်လုံးပေါ်လာ တာပါ။ ကျေးဇူးတင်ရမယ့်သူတွေကတော့ ကျွန်မဖတ်မိတဲ့ Blog တိုင်းက Blogger တွေပဲပေါ့။ နောက် Why do we blog Seminar ပါ။ (နောက် သိပ်မရင်းနှီးပေမဲ့ ကျွန်မ အားမနာ ပါးမနာ ဒုက္ခပေးနေတာကို မဆီမဆိုင်ခံနေရတဲ့ အစ်ကိုတစ်ယောက်ကိုလည်း ကျေးဇူးအထူးတင် ရမှာပါ။)

တကယ်တမ်းတော့ ကျွန်မက သာမန် user တစ်ယောက်ပါပဲ။ Internet ကိုတောင်သုံးဖြစ်တာ မကြာသေးပါဘူး။ Technical ပိုင်းလည်း နားမလည်၊ Software တွေအကြောင်းလည်းမသိ၊ ဘာမှလည်းမတတ်တော့ ဘာကိုရေးရမယ်ဆိုတာတောင် မသိပါဘူး။ Zawgyi keyboard Installer ကိုတောင် လွန်ခဲ့တဲ့ တစ်လလောက်ကမှ စမ်းတ၀ါးဝါးသိလာတာပါ။

ကဲ… ဒီတော့ ကျွန်မ ဘာတွေရေးမလဲ။ ခံစားချက်တွေ၊ စိတ်ကူးတွေကိုပဲ dairy သဘောမျိုးလေးရေးမယ်လို့ ဆုံးဖြတ်ထားပါတယ်။ ကျွန်မကိုယ်ကျွန်မလည်း Challenge လုပ်ထားပါတယ်။ ကျွန်မရဲ့ တိုးတက်မှုကိုပေါ့။ ဒီBlog လေးကို လာဖတ်တဲ့သူ တခုခုရသွားဖို့ အတွက်ဆိုရင် ကျွန်မ ကိုယ်တိုင် အများကြီးလေ့လာရမယ်လေ။ ဘယ်လောက်တိုးတက် လာမလဲ ဆိုတာ ကျွန်မကိုယ်ကျွန်မ စောင့်ကြည့်ချင်ပါတယ်။

ဒီနှစ် (2007) မှာ ကျွန်မ စိတ်ဓာတ်တွေတော်တော်ကျနေပါတယ်။ ကျွန်မအတွက် ကံမကောင်းတဲ့ နှစ်တစ်နှစ် လို့ဆိုရမှာပေါ့။ စာအုပ်ဖတ်ရင်တောင် ခေါင်းထဲဘာမှမ၀င်ပါဘူး။ ဒါ negative အခြေအနေဆိုတာ ကျွန်မသိပါတယ်။ ဒါကို ပြုပြင်ပြောင်းလဲဖို့ ကျွန်မ ကြိုးစားနေပါတယ်။ ဒီ Blog ဟာ လည်း ကျွန်မကြိုးစားမှု တစ်ခုလို့ ပြောလို့ရပါတယ်။

ကျွန်မရဲ့ Internet သုံးချိန်ဟာ တစ်လမှာ နာရီ(၂၀)ထက် မပိုတာမို့လို့ နေ့တိုင်း Update မဖြစ်နိုင်ပေမယ့် အတတ်နိုင်ဆုံး ကြိုးစားသွားပါ့မယ်။