Showing posts with label poem. Show all posts
Showing posts with label poem. Show all posts

October 15, 2008

No title

Image Hosted by ImageShack.us

အရောင်တွေလည်း မပြောင်းပါဘူး။

အခြေအနေလည်း မကောင်းပါဘူး။

ဘယ်သူ့အနားမှာမှ မရှိပါဘူး။

အရင်အတိုင်း တွေးဆဲ၊ ငေးမြဲ။ ။

October 11, 2008

HoLOLo DiLoLO

"ဟိုလိုလို ဒီလိုလို"

ဟိုလိုလိုဒီလိုလို ဘလော့ဂ်ကိုသွားဖူးလား
ဟိုလိုလိုဒီလိုလိုတော့ဖြစ်မှာအသေအချာ
ခံစားချက်တွေက ဟိုလိုလိုဒီလိုလိုနဲ့
ဟိုလိုလိုဒီလိုလို ကောင်မလေးကရေးထားတာ
အကြောင်းအရာတွေက ဟိုလိုလိုဒီလိုလိုပဲ
ဟိုလိုဒီလိုအတွေးတွေ ထုံနေချိန်မှာတော့
ဟိုလိုလိုဒီလိုလိုမှာ ဟိုကိုဒီကို ငေးကြစို့ ။ ။

/* သူငယ်ချင်း ကိုဂစ်တာ ကရေးပေးလိုက်တာ။ ရယ်ရတယ်နော်။ အမှတ်တရ အနေနဲ့ တင်ထားလိုက်တာပါ။ */

October 05, 2008

တခါတုန်းက နေ့များသို့

ခြေရာပျောက်နေတဲ့ တစ်ယောက်ရယ်
တာဝန်မကျေတော့တဲ့ တစ်ယောက်ရယ်
သူတို့ကိုယ်စား
အမေ့မျက်ရည် ကူသုတ်ရင်း
အဖေ့အတွက် တောင်ဝှေးတစ်ချောင်းဖြစ်လာရေးအတွက်
ငါလည်း သမီး လိမ္မာတစ်ယောက် ဖြစ်မှန်းမသိဖြစ်လာရတယ်။

ငါတို့ရဲ့ မျှော်လင့်ချက်တွေ
ငါတို့ရဲ့ အိမ်မက်တွေ
နောက် အနာဂတ်တချို့
သူနဲ့တူတူ ယူပြီး ....

အနားနားကနေ
ဓါးတုံးတုံးနဲ့ ခပ်ဖြည်းဖြည်းလှီးနေတဲ့
သူတစ်ယောက် ...

ဘာဖြစ်ဖြစ်သူတို့နှစ်ယောက်ဟာ
ငါချစ်တဲ့ သူနှစ်ယောက်ဖြစ်တယ်။
ငါ့ကိုချစ်ခဲ့တဲ့ သူနှစ်ယောက်ဖြစ်တယ်။
သူတို့တွေကြောင့် အရာရာ ပြည့်စုံခဲ့ဖူးတယ်။
သူတို့တွေကြောင့် အငယ်ဆုံး အပီသကြီး ပီသခဲ့ဖူးတယ်။

အမေ့ရဲ့သတိရမှုတွေ
ွအဖေ့ရဲ့ တမ်းတမှုတွေကြား
မသိရိုကျိုးပြုရင်း
ငါလည်း မျှော်မှန်းမသိ မျှော်မိနေတယ်။

August 16, 2008

မသိခြင်းများအတွက်

မသိခဲ့ကြဘူး။
လိုအပ်ချက်တွေအကြောင်း။

မသိခဲ့ကြဘူး။
အထီးကျန်မှုများအကြောင်း။

မသိခဲ့ကြဘူး။
တွေဝေမှုများအကြောင်း။

မသိခဲ့ကြဘူး။
မိုက်မဲမှုများအကြောင်း။

မသိခဲ့ကြဘူး။
နာကျင်တတ်ခြင်းများအကြောင်း။

မသိခဲ့ကြဘူး။
ချစ်တတ်ခဲ့ခြင်းအကြောင်း။

မသိခဲ့ကြဘူး။
ဂရုစိုက်မှုများအကြောင်း။

မသိခဲ့ကြဘူး။
ပျော်ရွှင်မှုများအကြောင်း။

မသိခဲ့ကြဘူး။
...........

တချိန်ချိန်ကျရင်  ...
ဘယ်သူမှ မသိကြတဲ့
ခံစားချက်စစ်စစ်တွေအကြောင်းကို
ကျောက်စာတစ်ချပ်ရေးပြီး
ထားခဲ့မယ်။

နှလုံးသား Data Structure

နောင်တစ်ချိန်
Delete လုပ်ရမယ်မှန်း သိလျက်
လတ်တလောမှာ
ကိုယ့်နှလုံးသား linked list ထဲကို
မင်းကို insert လုပ်ခဲ့မိပြီ။

Preorder နဲ့ပဲစီစီ
Inorder ကိုပဲသုံးသုံး
Postorder နဲ့ပဲရေးရေး
Process လုပ်လိုက်ရင်
နှလုံးသား stack ထဲက ပြန်ထွက်လာက
I love you.

နှလုံးသား PTR က NULL မဖြစ်သရွေ့တော့
'I love you' Step ကိုပဲ
Repeat, Repeat, ...

/* ဒီကဗျာလေးက မှတ်မှတ်ရရ တက္ကသိုလ် ဒုတိယနှစ် Programming နဲ့ Data Structure ဖြေရမယ့် ညမှာ စာကျက်ရင်းရေးမိတဲ့ ကဗျာလေးပါ။ ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ စုထုတ်တဲ့ ကဗျာစာအုပ်မှာတော့ ထည့်ဖူးတယ်။ အမှတ်တရ အနေနဲ့ တင်ထားလိုက်တာပါ။ */

July 13, 2008

Our Land Vs Leaver


ရေခံမြေခံကောင်းရဲ့
အသီးအပွင့်ဝေဆာရက်နဲ့
အကျိုးဖြစ်ထွန်းမလာတာ
ကံကြမ္မာကြောင့်တော့ မဟုတ်လောက်ဘူး။

အမှောင်ချခံထားရတဲ့ ထက်မြက်မှုတွေကြား
ကန့်သတ်ခံထားရတဲ့ လှေကားထစ်တွေကြား
နောက်ပြန်မလှည့်မယ့် ခြေလှမ်းတွေနဲ့ ဦးနှောက်ယိုစီးမှုတွေ။

ဆက်ရန်...

July 08, 2008

ညီမလေးရဲ့ကစားကွက်

ကျွန်တော့်ရဲ့ ဆင်ခြင်တုံတရားနဲ့
သူမရဲ့အစဉ်အလာ ကွယ်ဝှက်ခြင်းမှာ
နားလည်မှုပါးပါးလေး ခြားနားနေတယ်။

ကျွန်တော်က အိမ်မက်တွေစီးဝင်လာဖို့
ညရေးတွေပျိုးလိုက်တဲ့အခါ
သူမက ကျားကွက်တွေ ရွှေ့ရွှေ့သွားတယ်။

ကျွန်တော်က သူမအတွက်
ဖိနပ်တစ်ရံလို ကျင့်ကြံခဲ့ပါတယ်။

သူမက ဖိနပ်လှလှကလေးတွေကို အရံလဲစီးချင်သူပါ။
ပြတ်ခဲလှတဲ့
ကျွန်တော့်ရဲ့သံယောဇဉ်သည်းကြိုးကလေးကိုလည်း
သူမက ငြူစူစောင်းမြောင်းတတ်ပါတယ်။

ကျွန်တော်ကလည်း
ချည့်နဲ့ခွေယိုင်စွန့်ပစ်ခံဘ၀က
ဖိနပ်အဟောင်းလေး ဖြစ်နေတာတောင်
သူမရဲ့ခြေသံတွေကို
ရင်ခုန်နေဆဲပါ။ ။

မိုသျှန်း

/* ကဗျာဆရာ မိုသျှန်းရဲ့ ကဗျာစာအုပ်ထဲက ကဗျာလေးတစ်ပုဒ်ပါ။ ကြိုက်လွန်းလို့။ */

June 02, 2008

ဆားငန်ရေ


မျှော်လင့်ချက်တဲ့
တကယ်တော့
အခါခါသတ်မယ့် ဓါးတစ်ချောင်းပဲ။

ယုံကြည်ချက်တဲ့
အချိန်အခါစောင့်ရင်း
လည်ပင်းကို ကြိုးကွင်းစွပ်ဦးမယ်။

အိမ်မက်တွေ
မက်ရင်း မက်ရင်း
အမှောင်တွေက ဖုံးဖုံးလာတယ်။


အဲဒီဓါး
ထက်သထက် ထက်အောင်
ငါ ကိုယ်တိုင်သွေးတယ်။

အဲဒီကြိုး
ခိုင်သထက် ခိုင်အောင်
ငါ ကိုယ်တိုင်ကျစ်တယ်။

အဲဒီည
နက်သထက် နက်အောင်
ငါ ကိုယ်တိုင်စောင့်တယ်။

ကဲ..
တရားခံတော့ မရှာပါဘူး
ဒဏ်ရာ ဗရပွ ပေမယ့်
မိုက်မိုက်မဲမဲ ယစ်မူးဆဲ။ ။

April 01, 2008

April

အခြောက်သွေ့ဆုံး၊ အပူလောင်ဆုံး၊ လွမ်းစရာအကောင်းဆုံး၊
... ဆုံး များစွာပိုင်ဆိုင်သော
ဒီအချိန်
ငါ့အတွက်တော့ ပန်းတွေအပွင့်ဆုံး။

ထစ်ချုန်းသံမပါတဲ့ ရေစက်များ
အ၀ါရောင်အိမ်မက်များ
ဖြူစင်ချင်ယောင်ဆောင်တတ်တဲ့ မရိုးသားမှုများ
ဒီအချိန် အားလုံးကအသက်ဝင်တယ်။

တူးပို့သံတွေကြား
Water Pollution နဲ့ Drinking Water လိုအပ်ချက်တွေ
ဒီအချိန် ခဏလေးမေ့ထားပါရစေ။

ပွင့်ပွင့်လင်းလင်းရူးခွင့်ရတဲ့ ပထမဆုံးရက်ကအစ
ဘုရားတက်ရမယ့် ရက်တစ်ခုအလယ်
ဒီအချိန် ရက်(30)လုံးလုံး (24)နာရီပြည့်ပါစေ။

ဒီအချိန်
2008က ရေစက်တချို့နဲ့ကြိုတယ်။
နှလုံးသားတိုင်း ငြိမ်းချမ်းပါစေ။

ဗလာ

တရွေ့ရွေ့ စီးဆင်းသွားကြ
ဘယ်အရပ်ဆီလဲ
(စူးစမ်းချင်စိတ်ရှိမနေပါ။)

သံစဉ်တစ်ပိုဒ်လား
နားစွင့်ထားရမှာ
(ကြားချင်စိတ်ရှိမနေပါ။)

ဆွတ်ပျံ့ဖွယ်ရနံ့
ခံစားမိရမှာ
(ကြည်နူးချင်စိတ်ရှိမနေပါ။)

တခုခုပဲ
လွမ်းနေဖို့ကောင်းတာ
(သတိရချင်စိတ်ရှိမနေပါ။)

အပိုင်းအစဖြစ်ဖြစ်
ငံ့လင့်နေရမှာ
(မျှော်လင့်ချင်စိတ်ရှိမနေပါ။)

ပန်းတိုင်ဆီဦးမော့
အားတက်နေရမှာ
(ကြိုးစားချင်စိတ်ရှိမနေပါ။)

အကြောင်းတိုက်ဆိုင်တုန်း
ငိုကြွေးနေရမှာ
(အထီးကျန်ချင်စိတ်ရှိမနေပါ။)

February 28, 2008

အမိကိုသတ်သော အဇာတသတ်များ

အမိကိုသတ်သော အဇာတသတ်များ

အမိ
ငါတို့တတွေဟာ
သင့်ဆီက
အသွေးအသားတွေကို
ဖဲ့ချွေမီးတိုက်ခဲ့ကြတယ်
ငါတို့လို သားဆိုးတွေကို
ခွင့်မလွှတ်လိုက်ပါနဲ့
လန်းဆန်းတဲ့အင်အားရှိတဲ့
အသက်ဓါတ်ငွေ့တွေကို
ကစင့်ကလျားမောင်းထုတ်ယင်း
လေလုံပေါင်းချောင်ထဲက
အစမ်းသပ်ခံကြွက်ဖြူလို
ဂယောင်ချောက်ချား
ထွက်ပေါက်ရှာယင်း
သေဆုံးကြမှာကို
မက်မောဂုဏ်ယူခဲ့ကြတယ် ...
သန့်ရှင်းကြည်စင်တဲ့
သဘာဝမိုးရေအစား
အက်ဆစ်ပေါင်းတင်ရေတွေကို
ဇွန်းရှည်ရှည်နဲ့တစ်လှည့်စီ
ပျော်ပွဲစားခဲ့ကြတယ် ...
စိမ်းမြရောင်အမွေးအမျှင်တွေကို ရိတ်သိမ်း
အိုဇုန်းဝတ်ရုံတွေကို ထိုးဖောက်
အဆိပ်တွေကိုပဲ ငွေ့ရည်ဖွဲ့
ခေါင်မိုးယိုစိမ့်စေခဲ့တယ် ...
ကြည့်လိုက်စမ်းပါ
အမေဇုံ၊ အာဖရိက၊ ကွန်ဂို
ရိုးမနဲ့ဟိမ၀န္တာ
အစိမ်းရောင်နှုတ်ခမ်းတွေ
တစ်စစီပဲ့ကြွေကုန်တာများ ...

အမိ
သင်၏သားငယ်ချင်းအတူတူ (လူသားငါတို့သည်)
ငါတို့ရဲ့ခြေချောင်းတွေကို
မြွေရေခွံနဲ့ကာခဲ့တယ်
ခါးတ၀ိုက်ကို
နွားသားရေနဲ့ကျက်ခဲ့တယ်
ကျားသစ်ရေနဲ့
အင်္ကျီဒီဇိုင်းဖော်ခဲ့တယ်
မိချောင်းသားရေထဲ
ပိုက်ဆံတွေထိုးထည့်ခဲ့တယ် ...
ငါတို့ဟာ
အမိကမ္ဘာမြေရဲ့
ဆွေမျိုးရင်းခြာရယ်လို့
သနားညှာတာမရှိမိခဲ့ကြ
လူသားတစ်ဦးရဲ့
အခြေခံမေတ္တာတရား
ကျိုးပျက်ခဲ့ရပါတယ် ... ။
အာဟာရအဖြစ်တဲ့
အင်အားတိုးမြွေဟောက်စိမ်အရက်
သွေးစိမ်းရှင်ရှင်မျောက်ဦးခေါင်း
ရသာထူးကဲလိပ်တစ်ကောင်အသဲ
ဟင်းချိုငမန်းတောင်
အဆန်းအပြား
ဝက်ဝံနဲ့ကုလားအုတ်ခြေဖ၀ါးဟင်း
မြေမနင်းဝက်သား
အံ့မခန်းကုန်နိုင်ဘွယ်
စားစရာများလေ ...
.......
......
......
ငါတို့ဟာ
တိရစ္ဆာန်သေတွေနေထိုင်ရာဂူတစ်လုံးအဖြစ်ကို
ရွေ့လျားဝင့်ကြွားကြတာများ

အမိ
သင့်ရဲ့သည်းခံနိုင်ခြင်းအပေါ်
ငါတို့မဟာလူသား
ကျေးဇူးကန်းများက
အရက်စက်ဆုံး
အရိုင်းစိုင်းဆုံး
အခက်ထန်ဆုံး
အင်အားတွေသုံးခဲ့ကြပါတယ်
သင့်မျက်ဝန်းတွေပြာလာပါတယ်
သင်သည်လည်းအိုမင်းစွာ
ငါတို့ကိုပွေ့ချီထားရတုန်း
သင့်မျက်ရည်ကြည်များခန်းခြောက်
သင့်ခန္ဓာကိုယ်အပူချိန်တိုးလာခြင်းအပေါ်
ငါတို့သည်
သမိုင်းဦးဆီမှ
အာကာသခေတ်ဆီအထိ
တစ်ဦးကိုတစ်ဦးဂုဏ်ပြုယင်း
တကယ်တော့

အမိ
သင်၏အားဆုတ်မှုသည်
ငါတို့၏ချိနဲ့မှု
သင်အိုမင်းလာမှုကို
မစောင့်ရှောက်ခြင်းသည်
ငါတို့၏ပြိုလဲမှု
သင်နှင့်ငါတို့သည်
အကိုင်းဖျားနှင့်ရေသောက်မြစ်လို
ဝေးကွာလှသော်ငြားလည်း
တစ်ခုတည်းသော
အကြောင်းတရားများဖြစ်နေခဲ့ရ၏။
မဝေးတော့ပါဘူး ... အမိရယ်
အမှောင်ရဲ့ချောက်ထဲကို
သင့်ပုခုံးထက်မှာခိုစီးယင်း
ပြုတ်ကျမယ့်နေ့ဆီ
သင် တွန်းဖွင့်ထားတဲ့
အလေးလံဆုံးမျက်ခွံတွေ
အိ၍ကျလာမည့်နေ့ဆီ
ဂယောင်ခြောက်ခြား
ပင်သက်များ၏တော်လဲသံကို
ငါတို့၏
အစိုးမရသောဝိညာဉ်များဖြင့်စောင့်ရင်း ..... ။

(သဘာဝ၊ သစ်တော၊ တိရစ္ဆာန်များနှင့် အမိကမ္ဘာမြေ ကျန်းမာရေးသို့)

/* ကျောင်းတုန်းက senior အစ်ကိုကြီးတွေစုထုတ်တဲ့ ကဗျာစာအုပ်ထဲက ကဗျာလေးပါ။ အားလုံးကိုဝေမျှလိုက်ပါတယ်။ မူရင်းစာအုပ်မှာကိုက တစ်အုပ်လုံးမှာ ရေးတဲ့သူနာမည်တွေမပါလို့ နာမည်တော့ထည့်လို့မရဘူးပေါ့။ ဒီကဗျာရေးတဲ့ senior အစ်ကိုကြီးကိုလည်းကျေးဇူးတင်ပါတယ်လို့။ */

February 19, 2008

key chain

ပန်းရောင်တိမ်တွေ က တဲ့
ငါ့ရဲ့တစ်ခုသောမွေးနေ့မှာ
Gemini born, အထူးသဖြင့် June 18 မွေးသူအတွက် အဆောင်ဆိုပြီး
key chain လေးတစ်ခု အမှတ်တမဲ့ နင်ပေးတယ်။

လိပ်တက်လာတဲ့ ရယ်သံတွေကို
အဖြူရောင်တောက်တောက်အပြုံးတစ်ခုနဲ့ဖုံး
မယုံပေမဲ့ အသိအမှတ်ပြုမှုတစ်ခုတည်းအတွက်
အဲဒီအချိန်ကစပြီး ...
ငါ့ ကျောနောက်ကအိတ်တိုင်းမှာ
ငွေရောင်လက်လက်နဲ့ သူ့အတွက်
နေရာတစ်ခု အမြဲရှိခဲ့တယ်။

ညိုမှောင်မှောင် မိုးတွေရွာတဲ့
နောက်ဆုံးမှန်းမသိခဲ့တဲ့ နောက်ဆုံးနေ့က
နင့်ရဲ့ အကြည့်တစ်ချက်မှာ သူ ပါခဲ့လိမ့်မယ်။

အရောင်တွေ အစုံပြောင်းတတ်တဲ့ကောင်းကင်အောက်မှာ
ငွေရောင်တဖြည်းဖြည်းလွင့်သွားပေမယ့်
ဝမ်းနည်းတဲ့အချိန်မှာ လက်ဖ၀ါးထဲဆုပ်လျက်
ပျော်တဲ့အချိန်မှာ အေးစက်စက်အတွေ့နဲ့ပဲနွေးလျက်
ငါ့ ခံစားချက်အမျိုးမျိုးတို့ သိမ်းဆည်းရာ ပြတိုက်လေးဖြစ်လျက်
ပြန်လာလိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်ကို ခိုင်မြဲစေလျက်
သူ ... ငါ့နားမှာဝတ်ဖြည့်တယ်။

အရောင်တွေမရှိတဲ့ နေ့တစ်နေ့
ငါ့အရိပ်နဲ့ ငါလမ်းလျှောက်ရင်း
အကျင့်ပါနေတဲ့လက်က ကျောနောက်ဘက်ကိုအစမ်း
ဘယ်ဘက်ရင်ဘတ်က စူးခနဲ။

အယုံအကြည်မရှိပေမဲ့
သူနဲ့အတူ ငါ့ခံစားချက်အားလုံးပါသွားပြီးတဲ့ အဲဒီနေ့ကစ
ငါ ဖျားတယ်။

January 07, 2008

Favourite

မင်းကိုငါချစ်တာ
ငါ့ကိုယ်ငါချစ်တာမဟုတ်ဘူး။

မင်းမျက်လုံးက
ငါ့မျက်လုံးကို လာမနားတော့
ငါ့အသံက
မင်းအသံကို မကြားရဘူး။

မင်းဂီတက
မင်းကို သွေးအေးသလို
ငါ့ဂီတက
ငါ့ကို နှေးကွေးတယ်။

မင်းက
ငါ့ထက် တစ်နှစ်စောမွေးလို့
ငါက
မင်းနဲ့ တစ်နှစ်စောဝေးခဲ့ရတာ။

ငါ့ကိုယ်ငါ သတိမရပေမယ့်
မင်းကိုငါ သတိရတယ်။

မင်းကတော့
ငါ့သတိရခြင်းကို မေ့လျော့လို့
ငါ့မှာတော့
မင်းမေ့လျော့ခြင်းကိုမှ သတိရလို့။ ။


/* ဖတ်မိတဲ့ကဗျာတွေထဲက ကြိုက်တဲ့ကဗျာတွေကို ရေးသိမ်းထားပြီး၊ မကြာခဏ ပြန်ပြန်ဖတ်တတ်ပါတယ်။ တချို့  ကဗျာတွေမှာတော့ ခေါင်းစဉ်ရော၊ ကဗျာဆရာနာမည်ပါ မှတ်ထားမိပေမယ့် တချို့ တချို့ မှာတော့ အင်္ဂါမစုံဖြစ်နေပါတယ်။ ဘယ်လိုကဘယ်လိုမမှတ်ထားလိုက်မိမှန်းမသိတော့ပါဘူး။ ကျွန်မရဲ့ ညံ့ဖျင်းမှုပါ။ ဒီကဗျာလေးကိုလည်း ကြိုက်လွန်းလို့ သိမ်းထားပြီး ခဏခဏဖတ်မိပေမယ့် ကဗျာခေါင်းစဉ်နဲ့ ကဗျာရေးတဲ့သူကိုတော့ သေချာမမှတ်မိတော့မပါဘူး။ ထင်တာကတော့ ကဗျာဆရာကစောဝေ၊ ခေါင်းစဉ်ကတော့ ဘယ်သန် လို့ထင်ပါတယ်။ မသေချာပါဘူး။ နောက်ဆိုရင်တော့ ကဗျာတစ်ပုဒ်ကြိုက်လို့ကူးတိုင်း ကဗျာဆရာကိုရော၊ ခေါင်းစဉ်ပါမက ဘယ်မှာပါတယ်ဆိုတာကိုပါ မှတ်ထားပါ့မယ်။ ကဲ ခုတော့ ဒီကဗျာလေးကိုပဲ ခံစားကြည့်ပေးပါဦး။ */

December 18, 2007

Choice

ရောက်တဲ့နေရာမှာ ခဏရပ်။
နောက်ကိုပြန်ကြည့်တော့ ...........ငါရွေးချယ်ခဲ့ရဖူးတဲ့ လမ်းဆုံပေါင်းများစွာ ငါ့နောက်မှာ။
တချို့လမ်းဆုံတွေမှာ ဦးနှောက်ကရွေးပေးတဲ့လမ်းကြောင်းအတိုင်း လျှောက်ခဲ့တယ်။
တချို့ကိုတော့ ခံစားမှုသက်သက်နဲ့ရွေးခဲ့တယ်။
တချို့ကျတော့ ဖိအားပေးခံရမှုကြောင့် ရွေးခဲ့ရတယ်။
တချို့လမ်းတွေမှာတော့ ငါကိုယ်တိုင်က အရွေးချယ်ခံခဲ့ရတယ်။

မှန်သလိုလိုနဲ့ မှားခဲ့တဲ့ ရွေးချယ်မှုတွေ။
မှားတယ်ထင်ပေမဲ့ မှန်ခဲ့တဲ့ ကံကောင်းခြင်းတွေ။
ဘာမသိညာမသိနဲ့ ရွေးလျှောက်ခဲ့တဲ့လမ်းတွေ။
တွေဝေမှုတွေနဲ့ လှမ်းမိတဲ့ခြေလှမ်းတွေ။

ဟော.. လာပြန်ပြီ။ ရှေ့မှာ လမ်းဆုံတစ်ခု......
ရွေးရဦးမှာပါလား။
လျှောက်လက်စလမ်းအတိုင်း ဆက်လျှောက်မလား။
လမ်းအသစ်ဘက်ကူးမလား။

ဒီဘက်လမ်းမှာတော့ နေသားကျမှုတွေ၊ ရိုးစင်းမှုတွေ၊ ခပ်မှိန်မှိန်အရောင်တွေနဲ့။
ဟိုဘက်လမ်းမှာတော့ စိန်ခေါ်မှုတွေနဲ့။
ဟိုးမှာ တလက်လက်နဲ့ကရော ငါ့အိမ်မက်လေးလေလား။

လမ်းဆုံခပ်များများကြုံချင်ပါရဲ့။
ရွေးချယ်ရတိုင်း ကြုံရတဲ့ ရင်ခုန်မှုတိုင်းကိုလည်း နှစ်သက်ပါရဲ့။
အကောင်းအဆိုး အကျိုးဆက်မှန်သမျှ ငါတစ်ယောက်တည်းခံရစတမ်းဆိုရင်ပေါ့။ ။

November 16, 2007

ဖျော်ရည်

ဘယ်လိုအကြောင်း ဘယ်လိုကံမျိုးနဲ့မှ
နောက်တစ်ကြိမ် ပြန်သောက်ခွင့်မရှိတဲ့
ဖျော်ရည်တစ်ခွက်ကို အားလုံးနဲ့တူတူ သောက်ဖူးတယ်။

အဲဒီဖျော်ရည်ထဲမှာ
တလက်လက်တောက်နေတဲ့ မျှော်လင့်ချက်တွေ
မကောက်ကျစ်တတ်သေးတဲ့ ကိုယ်ကျင့်တရားတွေ
အရောင်မပါတဲ့ ရင်ခုန်သံတွေ
ချစ်ခြင်းထက်ပိုတဲ့ သံယောဇဉ်တွေ
နောက် ... ပျော်စရာကောင်းတဲ့ နာကျင်မှုတွေ
...............
အချိုးကျကျရောစပ်ထားခဲ့တယ်။

တဖြည်းဖြည်းသေဆုံးလာနေတဲ့ မျှော်လင့်ချက်တွေ
အတ္တဆန်လာတဲ့ ကိုယ်ကျင့်တရားတွေ
နွေးထွေးချင်ယောင်ဆောင်လာတဲ့ အေးစက်မှုတွေ
စည်ကားသလိုနဲ့ အထီးကျန်မှုတွေ
ဒါနဲ့ပဲ ခုချိန်မှာငါ ...
ဖျော်ရည်သောက်ရတဲ့ကာလကို အိမ်မက်မက်တယ်။

16th Nov 2007.. 5:10 Pm

November 09, 2007

No Title

မျက်ဝန်းက မမျှော်ပေမဲ့
နှလုံးသားက အော်ခေါ်နေမိတယ်။
မေ့ဖို့ ကြိုးစားလိုက်တိုင်းလည်း
သတိရတာပဲ အဖတ်တင်တယ်။
ငါ့ရင်ခွင်မှာ
အစားထိုးဖို့
မင်းရဲ့ဓါတ်ပုံကိုတောင်
ငါ့နှလုံးသားက ငြင်းမိတယ်။
နေနဲ့လ
နေ့နဲ့ည
ဘယ်လိုပဲ လှည့်ပတ်ပြောင်းလဲနေ
ငါ့ရင်ထဲမှာ နင်တစ်ယောက်တည်း။
ချစ်ခြင်း
သံယောဇဉ်
သတိရခြင်း
လွမ်းဆွတ်ခြင်း
ဘာကြောင့်ပဲ ဖြစ်ဖြစ်
တိုက်ဆိုင်လို့ အိမ်မက်မက်ခဲ့ရင်
ငါ.. အိပ်ဆေးတွေနဲ့ ဆက်ပြီး ခရီးသွားပါရစေ။ ။

September 20, 2007

တမ်းတခြင်း

ဘ၀တသက်
မေ့ဖျောက်ခက်သော
ကျောင်းပျော်ကာလ
သုံးနှစ်မျှကို
GCC ၌ကြုံခဲ့ဖူး၏ ။

Fresher ဘဝ
အစမျှနှင့်
senior ထုံး
နှလုံးမူကာ
computer trip
စုကာလစ်၏ ။

ကြားဖူးနားဝ
တောင်မျိုးစုံနှင့်
ဂူတချို့အပြင်
ဟိုသည်နေရာ
ခြေရာချင်းထပ်
ခရီးဆန့်၏ ။

ကျောင်းသွားကျောင်းပြန်
ချက်ပလက်ပေါ်၌
A side, B side
အပြိုင်ဟစ်ကြွေး
နားတွေလေးအောင်
ဆူခဲ့ဖူး၏ ။

ကမ္ဘာ့ဖလား
ထင်မှတ်မှားသည့်
တို့များရောင်းရင်း
ဘောလုံးအသင်း၏
အောင်မြင်မှုလည်း
ရှိခဲ့ဖူး၏ ။

ဂဏန်းတွက်ချိန်
Training ချိန်၌
လူခြေတွေတိတ်
ကျောင်းတံခါးပိတ်တိုင်
ပါရမီကူညီ
ဖြည့်ခဲ့ဖူး၏ ။

ရန်တွေဖြစ်လိုက်
ပြန်ချစ်လိုက်နှင့်
ဝေးမှလွမ်းသည့်
သူငယ်ချင်း၏
တန်ဖိုးကိုလည်း
သိခဲ့ပြီ ။

နေရာတွေပြောင်း
နှစ်တွေဟောင်းလည်း
ထိုသုံးနှစ်၏
အမှတ်တရများက
ဘယ်ခါတွေးတွေး
ရင်၌နွေး၏ ။

/* 2005 Hons: တက်တုန်းက ကရေးခဲ့တာပါ။ အတန်းထဲက သူငယ်ချင်းတွေပဲ နားလည်တဲ့စကားလုံးတွေပါပါတယ်။ definition တွေ နောက်တော့ ပြောပြပါ့မယ်။ */

September 13, 2007

အပိုင်းအစများ

မလွမ်းဖြစ်ခဲ့ပါဘူး
ချည်နှောင်ထားတဲ့ကြိုးတွေ တင်းလွန်းလို့။

ဝန်မခံဖြစ်ခဲ့ဘူး
နောင်တရမှာ ကြောက်လို့။

သွားနှင့်ပါ။
လမ်းချိုးတစ်ခုမှာတော့ မှီနိုင်ကောင်းရဲ့ ။ ။

September 09, 2007

Dream 2

ခေါင်းစဉ်မရှိသော

ညီမလေးပုံပြင်ကို ငါမသိပါဘူး
ဒါပေမယ့် အလွမ်းတွေတော့ လွင့်လွင့်လာတယ်။

ညီမလေးက ပျော်ရွှင်စေတတ်တဲ့ Hamster လေးဆို
ငါက သစစြာရှိတဲ့ ခွေးတစ်ကောင်ပဲ ဖြစ်ချင်တယ်။

ညီမလေးက ပြုစားတတ်တဲ့ စုန်းဆို
ငါက မီးခွက်စောင့်ဘီလူးပဲ ဖြစ်ချင်တယ်။

သူ့နှုတ်ခမ်းက ညီမလေးလို့ ဖွဖွရွတ်ချိန်မှာ
ငါ့နှလုံးသားက သူ့နာမည်ကို ညည်းတွားတယ်။

သူ့ရဲ့အိပ်ပျက်ညတွေနဲ့ ညီမလေးကဗျာတွေများလာချိန်မှာ
ငါက တဖက်သတ် အိမ်မက်ရှည်ရှည်တွေကို သိမ်းကျုံးမက်တယ်။

သူက ညီမလေးပုံပြင်ကို အသက်သွင်းလို့ ကောင်းတုန်းမှာ
ငါကတော့ ရင်ခုန်သံတွေကို သေဆုံးခိုင်းနေရတယ်။

ညီမလေးပုံပြင်ကို ငါမသိပါဘူး
ဒါပေမယ့် အလွမ်းတွေတော့ လွင့်လွင့်လာတယ်။

September 04, 2007

ရင်ခုန်သံဒွိဟ

ရင်ခုန်သံဒွိဟ

ခေါင်းဖြီးဖို့နဲ့ဖိနပ်စီးဖို့၊
သြော်.... မဟုတ်ပါဘူး
နှလုံးသားကိုက နှစ်စုံဖြစ်နေတာ။

လောဘကြီးတာလား ?
အတ္တကြီးတာလား ?
အချစ် လို့ နာမည်တပ်ရမှာ အားနာစရာ။

ပုံပြောခဲ့တာ။
ဟင့်အင်း
ရင်ခုန်သံတစ်ခုစီက ၁၀၀% ပါ။

ထားခဲ့ကြမယ်။
ရပါတယ်
ငါ့အပြစ်နဲ့ငါပဲလေ။

နှလုံးသားတွေအတွက်
ကံကြမ္မာက
ခေါင်းပန်းလှန်ပေးမှာပါ။

ငါကတော့
ကဗျာဘွဲ့မှူးရဲ့ သီချင်းတစ်ပုဒ်ကိုပဲ
တရားခံရှာထားမယ်။ ။