ချစ်သုဝေ၊ ချစ်ဆုဝေ (တရှိုက်မက်မက်)
ချစ်သုဝေက ကျွန်မရဲ့ favourite အဆိုတော်တစ်ယောက်ပါပဲ။ သူ့ သီချင်းတော်တော်များများကို ကြိုက်ပါတယ်။ ဒီခွေလေးမှာတော့ သီချင်း ၁၀ ပုဒ်ပါပါတယ်။
၁ - သျှောင်ကြီးဗွေ
၂ - မျှော်လင့်စိတ်
၃ - မုန်းတယ်
၎ - မိုးသည်းည
၅ - ဘုရားဆုတောင်းပါ
၆ - တရှိုက်မက်မက်
၇ - အဝေးဆုံးမှာ
၈ - မစ်မိုရီ
၉ - ကြယ်တာရာ
၁၀ - အပြစ်ကြီးကြီး
အကြိုက်ဆုံးကတော့ 'ဘုရားဆုတောင်းပါ' ဆိုတဲ့တစ်ပုဒ်။ မိဘမဲ့ ဝေဒနာသည် ကလေးတစ်ယောက်ရဲ့ ခံစားချက် အနေနဲ့ ဆိုထားတာပါ။ တော်တော်လေးသဘောကျပါတယ်။
နောက်တစ်ပုဒ်က 'အဝေးဆုံးမှာ' ။ အိမ်မက်တွေထဲ နင်ရှိပေမယ့် လက်တွေ့က မင်းရဲ့အဝေးမှာ ငါရောက်နေခဲ့ ငါသိပေမယ့် ။
title song ဖြစ်တဲ့ တရှိုက်မက်မက် ကလည်း ကောင်းပါတယ်။ ဆွတ်ဆွတ်ပျံ့ပျံ့လေးပေါ့။
'မိုးသည်းည' ကလည်းတစ်ယောက်တည်းဖြစ်နေတဲ့အချိန် နားထောင်သင့်တဲ့တစ်ပုဒ်ပါ။
တစ်ခွေလုံးပြောရရင် ပထမစီးရီး 'သို့ ဖေဖေ' လောက် မဆူဘူး။ slow တွေပိုများပါတယ်။ နားထောင်ကြည့်ကြပါဦး။
October 19, 2008
တရှိုက်မက်မက်
Posted by
Prizewai
at
3:35 PM
2
comments
October 18, 2008
နောက်ကြည့်မှန်
အဲဒီတံလျှပ်တွေကိုပဲ
ဘ၀တစ်လျှောက်လုံး တရှိုက်မက်မက်
မိုက်မှားခဲ့ပါတယ်
ဆက်လက် မိုက်မှားခွင့်ပြုပါတော့။
မာယာနဲ့ နေသားတကျ
ရှုမျှော်ခင်းတွေထဲ
ှဇာတ်လိုက် တစ်ယောက်လို
သရုပ်ဆောင်ပြရအောင်ကလည်း
မနေ့က လရောင်ကိုပဲ
ဒီကောင် ခိုးခိုးနမ်းနေရ။
ကြာခဲ့ပြီအမေ
ကျွန်တော့် သကရာဇ်တွေက
ကျွန်တော့်ကို တရားပြနေပြီ။
လူကြိုက်နည်းပြီး
လူနည်းကြိုက် ဇာတ်ဝင်ခန်းတွေနဲ့
သားလေ ...
ကြိုးတန်းပေါ် လမ်းလျှောက်ပြနေရတုန်း။
တစ်ခါတစ်ခါ
ဘ၀ကို အသစ်ကျပ်ချွတ် ပြန်လည် တပ်ဆင်ဖို့
ချိန်သားကိုက် ဦးနှောက်တစ်ခု
အဲဒီလို ရူးသွပ်မှုနဲ့
လောကကို အပေါ်စီးက နေချင်တာတွေ
ရှုံးလိုက်တာ .. ။ ။
မင်းဆွေနှစ်
/* နောက်ဆုံးဖတ်ဖြစ်တဲ့ ကဗျာတစ်ပုဒ် */
Posted by
Prizewai
at
1:02 PM
1 comments
Labels: favourite
July 08, 2008
ညီမလေးရဲ့ကစားကွက်
ကျွန်တော့်ရဲ့ ဆင်ခြင်တုံတရားနဲ့
သူမရဲ့အစဉ်အလာ ကွယ်ဝှက်ခြင်းမှာ
နားလည်မှုပါးပါးလေး ခြားနားနေတယ်။
ကျွန်တော်က အိမ်မက်တွေစီးဝင်လာဖို့
ညရေးတွေပျိုးလိုက်တဲ့အခါ
သူမက ကျားကွက်တွေ ရွှေ့ရွှေ့သွားတယ်။
ကျွန်တော်က သူမအတွက်
ဖိနပ်တစ်ရံလို ကျင့်ကြံခဲ့ပါတယ်။
သူမက ဖိနပ်လှလှကလေးတွေကို အရံလဲစီးချင်သူပါ။
ပြတ်ခဲလှတဲ့
ကျွန်တော့်ရဲ့သံယောဇဉ်သည်းကြိုးကလေးကိုလည်း
သူမက ငြူစူစောင်းမြောင်းတတ်ပါတယ်။
ကျွန်တော်ကလည်း
ချည့်နဲ့ခွေယိုင်စွန့်ပစ်ခံဘ၀က
ဖိနပ်အဟောင်းလေး ဖြစ်နေတာတောင်
သူမရဲ့ခြေသံတွေကို
ရင်ခုန်နေဆဲပါ။ ။
မိုသျှန်း
/* ကဗျာဆရာ မိုသျှန်းရဲ့ ကဗျာစာအုပ်ထဲက ကဗျာလေးတစ်ပုဒ်ပါ။ ကြိုက်လွန်းလို့။ */
Posted by
Prizewai
at
5:01 PM
0
comments
February 28, 2008
အမိကိုသတ်သော အဇာတသတ်များ
အမိကိုသတ်သော အဇာတသတ်များ
အမိ
ငါတို့တတွေဟာ
သင့်ဆီက
အသွေးအသားတွေကို
ဖဲ့ချွေမီးတိုက်ခဲ့ကြတယ်
ငါတို့လို သားဆိုးတွေကို
ခွင့်မလွှတ်လိုက်ပါနဲ့
လန်းဆန်းတဲ့အင်အားရှိတဲ့
အသက်ဓါတ်ငွေ့တွေကို
ကစင့်ကလျားမောင်းထုတ်ယင်း
လေလုံပေါင်းချောင်ထဲက
အစမ်းသပ်ခံကြွက်ဖြူလို
ဂယောင်ချောက်ချား
ထွက်ပေါက်ရှာယင်း
သေဆုံးကြမှာကို
မက်မောဂုဏ်ယူခဲ့ကြတယ် ...
သန့်ရှင်းကြည်စင်တဲ့
သဘာဝမိုးရေအစား
အက်ဆစ်ပေါင်းတင်ရေတွေကို
ဇွန်းရှည်ရှည်နဲ့တစ်လှည့်စီ
ပျော်ပွဲစားခဲ့ကြတယ် ...
စိမ်းမြရောင်အမွေးအမျှင်တွေကို ရိတ်သိမ်း
အိုဇုန်းဝတ်ရုံတွေကို ထိုးဖောက်
အဆိပ်တွေကိုပဲ ငွေ့ရည်ဖွဲ့
ခေါင်မိုးယိုစိမ့်စေခဲ့တယ် ...
ကြည့်လိုက်စမ်းပါ
အမေဇုံ၊ အာဖရိက၊ ကွန်ဂို
ရိုးမနဲ့ဟိမ၀န္တာ
အစိမ်းရောင်နှုတ်ခမ်းတွေ
တစ်စစီပဲ့ကြွေကုန်တာများ ...
အမိ
သင်၏သားငယ်ချင်းအတူတူ (လူသားငါတို့သည်)
ငါတို့ရဲ့ခြေချောင်းတွေကို
မြွေရေခွံနဲ့ကာခဲ့တယ်
ခါးတ၀ိုက်ကို
နွားသားရေနဲ့ကျက်ခဲ့တယ်
ကျားသစ်ရေနဲ့
အင်္ကျီဒီဇိုင်းဖော်ခဲ့တယ်
မိချောင်းသားရေထဲ
ပိုက်ဆံတွေထိုးထည့်ခဲ့တယ် ...
ငါတို့ဟာ
အမိကမ္ဘာမြေရဲ့
ဆွေမျိုးရင်းခြာရယ်လို့
သနားညှာတာမရှိမိခဲ့ကြ
လူသားတစ်ဦးရဲ့
အခြေခံမေတ္တာတရား
ကျိုးပျက်ခဲ့ရပါတယ် ... ။
အာဟာရအဖြစ်တဲ့
အင်အားတိုးမြွေဟောက်စိမ်အရက်
သွေးစိမ်းရှင်ရှင်မျောက်ဦးခေါင်း
ရသာထူးကဲလိပ်တစ်ကောင်အသဲ
ဟင်းချိုငမန်းတောင်
အဆန်းအပြား
ဝက်ဝံနဲ့ကုလားအုတ်ခြေဖ၀ါးဟင်း
မြေမနင်းဝက်သား
အံ့မခန်းကုန်နိုင်ဘွယ်
စားစရာများလေ ...
.......
......
......
ငါတို့ဟာ
တိရစ္ဆာန်သေတွေနေထိုင်ရာဂူတစ်လုံးအဖြစ်ကို
ရွေ့လျားဝင့်ကြွားကြတာများ
အမိ
သင့်ရဲ့သည်းခံနိုင်ခြင်းအပေါ်
ငါတို့မဟာလူသား
ကျေးဇူးကန်းများက
အရက်စက်ဆုံး
အရိုင်းစိုင်းဆုံး
အခက်ထန်ဆုံး
အင်အားတွေသုံးခဲ့ကြပါတယ်
သင့်မျက်ဝန်းတွေပြာလာပါတယ်
သင်သည်လည်းအိုမင်းစွာ
ငါတို့ကိုပွေ့ချီထားရတုန်း
သင့်မျက်ရည်ကြည်များခန်းခြောက်
သင့်ခန္ဓာကိုယ်အပူချိန်တိုးလာခြင်းအပေါ်
ငါတို့သည်
သမိုင်းဦးဆီမှ
အာကာသခေတ်ဆီအထိ
တစ်ဦးကိုတစ်ဦးဂုဏ်ပြုယင်း
တကယ်တော့
အမိ
သင်၏အားဆုတ်မှုသည်
ငါတို့၏ချိနဲ့မှု
သင်အိုမင်းလာမှုကို
မစောင့်ရှောက်ခြင်းသည်
ငါတို့၏ပြိုလဲမှု
သင်နှင့်ငါတို့သည်
အကိုင်းဖျားနှင့်ရေသောက်မြစ်လို
ဝေးကွာလှသော်ငြားလည်း
တစ်ခုတည်းသော
အကြောင်းတရားများဖြစ်နေခဲ့ရ၏။
မဝေးတော့ပါဘူး ... အမိရယ်
အမှောင်ရဲ့ချောက်ထဲကို
သင့်ပုခုံးထက်မှာခိုစီးယင်း
ပြုတ်ကျမယ့်နေ့ဆီ
သင် တွန်းဖွင့်ထားတဲ့
အလေးလံဆုံးမျက်ခွံတွေ
အိ၍ကျလာမည့်နေ့ဆီ
ဂယောင်ခြောက်ခြား
ပင်သက်များ၏တော်လဲသံကို
ငါတို့၏
အစိုးမရသောဝိညာဉ်များဖြင့်စောင့်ရင်း ..... ။
(သဘာဝ၊ သစ်တော၊ တိရစ္ဆာန်များနှင့် အမိကမ္ဘာမြေ ကျန်းမာရေးသို့)
/* ကျောင်းတုန်းက senior အစ်ကိုကြီးတွေစုထုတ်တဲ့ ကဗျာစာအုပ်ထဲက ကဗျာလေးပါ။ အားလုံးကိုဝေမျှလိုက်ပါတယ်။ မူရင်းစာအုပ်မှာကိုက တစ်အုပ်လုံးမှာ ရေးတဲ့သူနာမည်တွေမပါလို့ နာမည်တော့ထည့်လို့မရဘူးပေါ့။ ဒီကဗျာရေးတဲ့ senior အစ်ကိုကြီးကိုလည်းကျေးဇူးတင်ပါတယ်လို့။ */
Posted by
Prizewai
at
5:35 PM
0
comments
February 19, 2008
မှတ်တမ်း
အလွမ်းတဲ့ ...
သိမ်မွေ့တဲ့ မန္တန်တစ
နေညိုချိန် မင်းမျက်နှာလေးငေး ... လွမ်းရတာ
ပန်းကလေးကြိုးစားပမ်းစားပွင့်တာထက်
ပို အနုပညာဆန်ရဲ့ ။
ရင်ခြင်းအပ်
စီးမယ့်မြစ်နှစ်စင်း
မျက်ဝန်းတွေဖွင့်မဖတ်ဖြစ်လည်း
သူ့ရာသီနဲ့သူ
ပွင့်မယ်
မွှေးမယ်
အချိန်မှန် ...
နှလုံးသားနဲ့နမ်းမရတဲ့
ကမ္ဘာဦးဂီတမှာ
မပြောဖြစ်တဲ့ စကားလုံးတွေပါချင်ပါမယ်
ဘာမဟုတ်တဲ့ အကြည့်တချက်ပါချင်ပါမယ်
သနပ်ခါးရနံ့ပြယ်တဲ့ ပါးပြင်လေးပါချင်ပါမယ်။
အရွယ်ငယ်ငယ် စိတ်ထားလေးတင့်တင့်တယ်တယ်
သူ့ ငယ်နာမည်က အချစ် တဲ့။
နှလုံးသားကို လည်တိုင်မှာဆင်မြန်းပါ။
သစ္စာတရားကို ဘယ်ဘက်လက်သူကြွယ်မှာဝတ်ဆင်ပါ။
ဒီတသက်.. စွယ်တော်ရွက်လို
စိတ်ချလက်ချနေချင်တယ်
နင်နဲ့ငါ
ရှင်ကွဲမကွဲကြေး ။ ။
/* ဒီကဗျာက ကျွန်မရေးတာမဟုတ်ဘူးနော်။ မဂ္ဂဇင်းတစ်ခုထဲကနဲ့တူပါတယ်။ */
Posted by
Prizewai
at
5:11 PM
1 comments
Labels: favourite
February 15, 2008
ပြသနာ (မိကောက်)
ပြသနာ
ပြောသားပဲ
ကျုပ်အရပ်က ပုပု
ခင်ဗျားထုတဲ့ခုံက ခြေတံရှည်
ထိုင်စေဆိုတော့
ဖ၀ါးက ကြမ်းပြင်နဲ့မထိ
အောက်ခြေလွတ်တယ်လို့
ကျုပ်ကို မရိနဲ့။
ဘာမှမပါတဲ့တောင်း
ခါးစောင်းမှာဆင်
" အလွန်လေးပင်သောအိုက်တင်နဲ့ မ" တဲ့
ကျုပ်ကို သင်ပြ
တကယ့်ကို ဂွကျရော။
ပြိုင်ဆိုင်ဖို့ စိတ်မ၀င်စားတတ်တဲ့
ဇာတ်လိုက်ကို ငှား
ခဏခဏ စိမ်ခေါ်ခံရတဲ့
ရိုက်ကွက်တွေက များ
မသိဆိုးရွား
ဒါရိုက်တာကြီးကပဲ မဟန်တာလား
ဇာတ်လိုက် နာမည်ပျက်ဖို့ပဲ ဖန်တာလား။ ။
မိကောက်
/* ဒီကဗျာလေးကတော့ ကျွန်မရဲ့ လူဆိုး၀၀ကြီးက အကြိုက်ဆုံးတဲ့။ တင်ပေးရမယ်တဲ့လေ။ ကိုယ်ကြိုက်တဲ့ ကဗျာတွေမတင်ခင် တင်ပေးလိုက်တယ်။ နှိပ်စက်မှာစိုးလို့ပါ။ */
Posted by
Prizewai
at
5:43 PM
0
comments
Labels: favourite
February 14, 2008
My Favourite poems
ရင်ထဲ ဦးနှောက်ထဲ ရှိရှိသမျှ
စိတ်ခံစားမှုတွေအားလုံးပုံပြီး
ကျွန်မ မောင့်ကိုချစ်ခဲ့တယ်လေ။
ဒါနဲ့ဘဲ "ခပ်ညံ့ညံ့" ကို မွေးဖွားလာရတယ်။
တကယ်တော့ "ခပ်ညံ့ညံ့" ဟာ
မောင့် ... ပါကွယ်။
မိကောက် ရဲ့ ခပ်ညံ့ညံ့ကဗျာများ ဆိုတဲ့ ကဗျာစာအုပ်လေးကို ကျွန်မရဲ့ လူဆိုး၀၀ကြီးကယူလာခဲ့တယ်လေ။ မိကောက် ကဗျာတွေကိုအရင်တုန်းကမဖတ်ဖူးပါဘူး။ ဒီစာအုပ်မှာမှ ဖတ်ဖူးတာပါ။ တော်တော်လေးသဘောကျတယ်။ ကဗျာပေါင်း (၆၅)ပုဒ် နဲ့ အားရပါးရဖတ်ရတဲ့ စာအုပ်ပါပဲ။ (၆၅)ပုဒ်လုံးကို သဘောကျတယ်လို့ပြောရမယ်။ စိတ်အဆာတော်တော်ပြေစေတာပါပဲ။ အရေးအသားရော၊ စကားလုံးတွေရောပေါ့။ တော်တော်ကြီးကြိုက်တဲ့ ကဗျာတွေကို နောက်အခေါက်တွေမှာ တင်ထားပါဦးမယ်။ ဖတ်ကြည့်ကြပါဦး။
Posted by
Prizewai
at
6:17 PM
0
comments
Labels: favourite
January 22, 2008
My favourite
လူနဲ့သမင်တောင် မခွဲခြားတတ်တဲ့
ခပ်ညံ့ညံ့မြားပစ်သမားပဲ။
လေးတင်ပွဲတုန်းက
ရာမဆိုတဲ့ကောင်လေးကိုသနားလို့
ဝင်မပြိုင်ဘဲ ' ပတ်စ် ' ပေးခဲ့တာ
အဟုတ်ကြီးထင်မနေနဲ့။
ခေါင်းပေါ်ကပန်းသီးကို
မှန်အောင်ပစ်နိုင်ရုံကလေးနဲ့
သူ့ကိုယ်သူ
လေးသည်ကျော်ကြီး ၀ီလျံတဲ ဆိုပါလား
သနားတယ်။
အမယ် ရော်ဘင်ဟု တဲ့
ဇနပုဒ်က တောပုန်းကလေးကများ
ရာရာစစ
တော်ရာမှာပဲသွားပစ်စမ်းပါကွယ်။
တကယ်တော့
လောကမှာ လေးစွမ်းအထက်ဆုံးဆိုတဲ့
သိဒ္ဓတ္ထမင်းသားတောင်
ငယ်နုစဉ်က
ကျုပ်မြားချက်ကိုတော့
လွတ်အောင်မရှောင်နိုင်ခဲ့ပါဘူး။
ဟုတ်ပါ့
မြားနတ်မောင်ဆိုတာ
ဘယ်တော့မှ အပေါ်ထောင်မပစ်ဘူးလေ။ ။
/*
ဒီကဗျာလေးကိုတော့ ဖတ်ပြီးကြပြီလို့ ထင်ပါတယ်။ ဟုတ်ကဲ့.. မင်းလူရဲ့ အလွမ်းသစ် ၀တ္ထုထဲက ကဗျာလေးပါ။ ဖတ်ပြီးပြီးချင်း သဘောကျတာနဲ့ အကြိုက်ဆုံးထဲ ထည့်လိုက်တာပါ။
အင်း... မြားနတ်မောင်ကအပေါ်ထောင်မပစ်ဘူးဆိုပေမဲ့ .....................
တည့်တည့်ကြီးနဲ့ တလွဲတော့ပစ်တတ်တယ် ထင်တယ်။ အသက်ကြီးလို့မျက်စိမှုန်နေတာများလား။ နောက်.. မြားတစ်စင်းတည်းကို နှစ်ယောက်သုံးယောက်အတွက် သုံးတတ်သေးလား။ အပျင်းထူပြီးများ လိုက်ဖက်အောင် သေချာမရှာ မစဉ်းစားတော့ဘဲ ရမ်းသမ်းပစ်တတ်လို့လား။ ဒါမှမဟုတ် ပစ်စရာမြားကုန်တတ်တာလား။ အများကြီးဖြစ်နိုင်သေးတယ်နော်။ အမြဲတမ်းတော်နေရင်တော့ ဘယ်မှာအသည်းကွဲသီချင်းရှိဦးမှာလဲ။
ကျွန်မအလှည့်ကျရင်လည်း ပစ်စရာမြားကုန်နေပါစေလို့ ဆုတောင်းရမလား။ ကျွန်မကို မျက်စိမှောက်ပြီး ရှာမတွေ့ပါစေနဲ့လို့ပဲ ဆုတောင်းရမလား။ သူရမ်းသမ်းပစ်နေမှာထက်စာရင်တော့ အပစ်မခံရတာက ပိုကောင်းတယ်လေ။ :D :) :P
*/
Posted by
Prizewai
at
5:32 PM
1 comments
Labels: favourite
January 07, 2008
Favourite
မင်းကိုငါချစ်တာ
ငါ့ကိုယ်ငါချစ်တာမဟုတ်ဘူး။
မင်းမျက်လုံးက
ငါ့မျက်လုံးကို လာမနားတော့
ငါ့အသံက
မင်းအသံကို မကြားရဘူး။
မင်းဂီတက
မင်းကို သွေးအေးသလို
ငါ့ဂီတက
ငါ့ကို နှေးကွေးတယ်။
မင်းက
ငါ့ထက် တစ်နှစ်စောမွေးလို့
ငါက
မင်းနဲ့ တစ်နှစ်စောဝေးခဲ့ရတာ။
ငါ့ကိုယ်ငါ သတိမရပေမယ့်
မင်းကိုငါ သတိရတယ်။
မင်းကတော့
ငါ့သတိရခြင်းကို မေ့လျော့လို့
ငါ့မှာတော့
မင်းမေ့လျော့ခြင်းကိုမှ သတိရလို့။ ။
Posted by
Prizewai
at
5:52 PM
0
comments
December 24, 2007
November 20, 2007
သိမ်းမယ်
အထပ်ထပ်ကြဲချခြေရာများ
နှလုံးသားပေါ်
မြတ်နိုးစွာ သိမ်းမယ်။
ဘာကြောင့်ပစ်ပစ်
ဘယ်လောက်ပစ်ပစ်
မင်းမျက်စောင်းတွေအားလုံး
အချစ်နဲ့လဲပြီး သိမ်းမယ်။
မြင်လိုက်တာနဲ့
စံပယ်ဖူးလို စူသွားတဲ့မင်းနှုတ်ခမ်း
မျက်ဝန်းထဲမှာ သိမ်းမယ်။
ရင်ခုန်သံတွေအပေါ်
နင်းသွားတဲ့ မင်းခြေဆောင့်သံ
နားနှစ်ဖက်နဲ့ သိမ်းမယ်။
အထပ်ထပ်ဝါးထားတဲ့
မင်းပီကေလေး
ခေါင်းထက်မှာ သိမ်းမယ်။
တွေ့လိုက်တာနဲ့
ချာခနဲ လှည့်အထွက်
အင်္ကျီကြားက မင်းခါးသားလေး
ဝင်းမွတ်စွာ သိမ်းမယ်။
မင်းချွေးသုတ်ပြီး လွှင့်ပစ်တဲ့
တစ်သျှူးပေါ်က အနံ့လေး
အိပ်ကပ်ထဲမှာ အမြဲသိမ်းမယ်။
အမြဲမလစ်လပ်တဲ့ မင်းနှလုံးသား
လပ်ရဲလပ်ကြည့်
အတွေးနဲ့ သိမ်းမယ်။
အရမ်းခံစားပြီး ရေးထားတဲ့ကဗျာလေး
ပေးဖတ်လိုက်တဲ့အခါ
အစိတ်စိတ်အမွှာအမွှာ ဆုတ်ဖြဲပြီး
ဘာကြောင်တာလဲ ဆိုတဲ့
မင်းအသံလေးနဲ့ပဲ ထုပ်သိမ်းမယ်။
ရည်းစား
တစ်ယောက်က တစ်ယောက်အကူး
ထွက်ကျသွားတဲ့ မင်းရယ်သံ
နှုတ်ခမ်းထက်မှာ သိမ်းမယ်။
နေ့ည တွေးသမျှ အတွေးတွေအကုန်လုံး
မင်းသိမ်းသွားတဲ့အခါ
အကြီးကျယ်ဆုံး အရှုံးတစ်ခု သိမ်းမယ်။
ရည်းစားဘ၀ စိတ်ကောက်ရင်
ရာထူးတက်တယ်တဲ့
ရည်းစားမဟုတ်သေးပေမယ့်
မင်းစိတ်ကောက်နေတာလေး
စိတ်နဲ့ သိမ်းမယ်။
မတွေ့မမြင်တာကြာလို့ မေးတဲ့အခါ
ဖျားနေတာ အဖျားတွေ တသက်လုံးသိမ်းပါလား တဲ့
တုံ့ပြန်စကားလုံးများ
အိမ်မက်ထဲမှာ သိမ်းမယ်။
ရိုက်တော့မယ်လို့
မာန်စောင်နေတဲ့ မင်းလက်ဖ၀ါးလေး
ပါးပြင်ပေါ်မှာ သိမ်းမယ်။
အချစ်တစ်ခုတည်းနဲ့သာ
လိမ်းခြယ်ထားမိတဲ့ ဘ၀လေး
ကျားသစ်လက် ငါးမန်းပါးစပ်နဲ့
တစ်ဟုန်ထိုး ဟပ်ဟပ်နေတာ
မင်း ...
ပြန်မအမ်းတော့ဘူးလားဟင်
သိမ်းချင်လို့ပါ
သိမ်းမယ်။ ။
စောဝေ
Posted by
Prizewai
at
5:46 PM
0
comments
Labels: favourite
September 20, 2007
လက်တမ်းပုံပြင်
ရင်ကိုတောက်စားတတ်တဲ့ ဖဲပွင့်တွေအကြောင်းကစရအောင်
'ချစ်တယ်' ဆိုတာ တကယ်တော့ သေဆုံးခြင်းတဲ့
နားလည်သူတွေရဲ့ ခေါင်းတညိတ်ကိုပဲ လက်ခံမှာပါ
အနာဂါတ်ဟာ ဘာအက္ခရာမှ ရေးထိုးမထားတဲ့ စာရွက်တရွက်မှ မဟုတ်ဘဲ
'ခဲဖျက်' ဆိုတာကလည်း ငယ်တုန်းပဲ အသုံးဝင်တာ
'မသေချာဘူး' ဆိုတဲ့လူတွေကို ပြုံးပြုံးကြည့်ရင်း
မျက်နှာကြောတွေ တင်းလာလိုက်တာ
ကမ္ဘာဦးကျမ်းကြီးတောင် မြွေတစ်ကောင်နဲ့ အကြီးအကျယ်ပြဿနာတက်လို့
'ငါတို့နောက်ဆုတ်ကြပါတော့လား။'
ကိုယ့်ကိုယ်ကို ပြောတာတောင် ကြားအောင်မပြောရဲတဲ့နောက်
ချောက်ကမ်းပါးဆိုတာလည်း ဂန္တ၀င်ဂီတတစ်ပါးပဲပေါ့
တစ်ခုပဲ . တစ်ခုပဲ ..
ဒီနေ့ထိ လူတွေ အယူလွဲနေတဲ့ 'အချစ်အကြောင်းစစ်စစ်' ကို
ဘယ်လိုလူကမှ သေချာမသိလေတော့
လက်တမ်းပုံပြင်တွေ တလေတလွင့် ရေပန်းစားကျန်ခဲ့တာ မဆန်းပါဘူး ။ ။
သိသု
/* မနော်ဟရီ ရဲ့ ၀တ္ထုတစ်ပုဒ်ထဲကပါ ။ အရမ်းကြိုက်လို့ သူငယ်ချင်းတော်တော်များများကို ကူးရေးပေးဖူးပါတယ်။ */
Posted by
Prizewai
at
3:08 PM
0
comments
Labels: favourite
September 18, 2007
အခုတော့ ပါးစပ်ရာဇ၀င်လေး တစ်ခုဖြစ်လို့ ကျန်ခဲ့ပြီ။
တေးရေး - နိုင်မြန်မာ
ရေပြာလှိုင်းကမ်းခြေဆီ
မြေနီလမ်းကလေးကို ဖြတ်လျှောက်ခဲ့သည်
နေခြည်ရောင်ဝါခြုံလွှမ်းသည်
ပင်လယ်ဇင်ယော်တွေ ပျံဝဲလျက်ရှိသည်
အနောက်ဘက်မိုးတိမ်တွေလည်း မျောလွင့်ကြသည်
အဝေးကထုံးစေတီလေး ဖူးတွေ့မှန်းရည်
ဆည်းလည်းခတ်သံတွေလည်း သဲ့သဲ့မျှကိုယ်ကြားသည်။
ှဆံပင်တွေမျောလွင့်နေသည်
ဒီရေတိုးတက်သံသဲ့သဲ့ကြားသည်
ငိုသံလိုလိုထင်မိသည်
တချိန်တခါဆီကို မျှော်ရည်အသည်းနင့်မြစ်နဒီ
သက္ကရာဇ်နောက်ပြန်အတိတ်သွား
ရထားလေးတစ်စင်းသည်
ရုတ်တရက်ထွက်ခွာ ကာလအဟောင်းများသို့ဆီ
ကမ်းစပ်နံဘေးကရွာလေး
တဲစုစုအိမ်တန်းဆီ ။
တူနှစ်ကိုယ်မနီးစပ်နိုင်ပြီ
နှစ်ကိုယ်တူမှန်းတဲ့ အနာဂတ်ချစ်တိုင်းပြည်
ထူထောင်နိုင်ရန် စွန့်စားမည်
သူငိုနေစဉ် နေ၀င်စချုပ်ညရီ
နှေးတုံ့လေးကန် ခြေလှမ်းများစခဲ့ပြီ
တရွေ့ရွေ့ ရွေ့ကျန်ရွာလေးပျပျဝေးသီ
တနေ့တော့ချစ်ရွှေလက်တွဲ
နွှဲဆက်ဖို့ပြန်ခဲ့မည်။
ကိန္ဒရာချောင်းခြားလေပြီ
ကံကြမ္မာတရားက ရှင်ကွဲ ခွဲရက်ပြီ
တိမ်လိုလေလို လွင့်သွားပြီ
ရာသီရယ် အလီလီပြောင်းလဲခဲ့ပြီ
နှလုံးသား နှုတ်ငုံတော်ဦး ဖူးပွင့်ခဲ့ပြီ
အဝေးရောက်ချစ်သူ ပြန်ရောက်နောက်ကျခဲ့ပြီ
အသည်းအသက် လက်လွန် တဆင့်စကား နားနင့်နင့် ရင်ဆို့ ပြီ ။
မှော်ဆရာလေး ဖြစ်ချင်သည်
ပုံပြင်ဟောင်းကလေး အသက်သွင်းမိတော့မည်
တမလွန်ရွာသူ မြစန်းကြည်
ဒီရင်ဒီလွင်ဒီနှင် နှလုံးသားအရပ်ဆီ
အထိမ်းအမှတ် မျက်ရည်မြစ်ကလေး စီးဆင်းခဲ့ပြီ
အခုတော့ ပါးစပ်ရာဇ၀င်လေး တစ်ခုဖြစ်ခဲ့ပြီ
လှိုင်းဆင့်ဆင့် ရေယျာဉ်လှိုင်း
အလွမ်းရစ်မယ့်နဒီအပါးဆီ ။
/* လွှမ်းမိုး သီချင်းလေးပါ။ လွှမ်းမိုးဆိုထားတာကိုကြားဖူးပေမယ့် သိပ်မမှတ်မိတော့ပါဘူး။ ဇော်ပိုင်ပြန်ဆိုထားတာကိုပဲ နားထောင်ပြီး၊ အရမ်းကြိုက်နေတာပါ။
ဆံပင်တွေ လွင့်လာသလိုလို ဆည်းလည်းသံကြားသလိုလိုနဲ့၊ ကမ်းခြေတစ်ခုကို သတိရနေမိတယ်။
*/
Posted by
Prizewai
at
4:09 PM
0
comments
Labels: favourite
ကျွန်မကြိုက်သော .. (၂)
ဘာလို့များ
ငါ့ရဲ့နေရာကို
အိမ်မက်တွေပေးဖို့
တက်လာခဲ့ကြလဲ
လှိုင်းတို့ရယ် ..။
ကျောက်ဆောင်တွေ
ထာဝရအုပ်မိုးနေတဲ့
ငါ့ရဲ့လျှိုကလေးထဲမှာ
ငါးတချို့ ကို ချန်ထားလို့
ဝမ်းစာတခုအတွက်သာ
ငါအသက်ရှင်ခဲ့ရင်ဖြင့်
သူတို့ကို တံစို့မှာ ကင်မိလိမ့် ..။
ကံကခေဆဲပါ
သမုဒ္ဒရာရဲ့ ကမ်းခြေမှာ
ပုလဲရတနာနဲ့ လဲနိုင်မယ့်ငါးတို့ကတော့
ငါ မျှားတိုင်း ပါမလာခဲ့ ..။
ခင်မြဇင် (ရုပ်ရှင်တေးကဗျာရသစုံမဂ္ဂဇင်း။ ၃/၉၉)
/* Fish and Me
Why have you, the waves,
Swam up to my place
To give me dreams ?
Always shadowed by rocky cliffs
My ravine has fenced in some fish
Should I only live for my stomach,
I would impale them and grill.
Misfortunes have been befalling me
On the ocean beach
Fish that are worth bartering with pearls
Are not always caught
Though I expected they be.
Translated by Toe Kyaw Hlaing
*/
Posted by
Prizewai
at
9:19 AM
0
comments
Labels: favourite
ကျွန်မကြိုက်သော .. (၁)
ခရီးဝက်မှတ်တိုင်
ပြီးခဲ့တဲ့ ခရီးတ၀က်ဟာ
နာကြည်းမှု နွမ်းနယ်မှု
ဖုန်ခိုးမြူထုထဲ မှုန်ဖွဲဖွဲကျန်ရစ်ခဲ့ ။
အို . မှတ်တိုင်...
ခြေစုံရပ်လို့ သင့်ရှေ့မှောက်ရောက်ခိုက်မှာ
နောက်ကြောင်း
ခြေလှမ်းပေါင်းထောင်ရာ
ဝေးကွာခဲ့ပြီ ။
ခရီးဦးအစက ချွန်မြတဲ့ဆူး
လေရူးလေပြင်းတွေလဲ
သွားလာရင်းအေးမြ လေ့ကျင့်သားရခဲ့ရဲ့ ။
သည့်ထက်ပိုပြီး မစူးနိုင်တော့ပါဘူး
သည့်ထက်ပိုပြီး မရူးနိုင်တော့ပါဘူး
ခရီးဦးမှတ်တိုင်မှ
ခရီးဝက်မှတ်တိုင် ယိုင်နဲ့နဲ့ခြေလှမ်း
သည်လိုနဲ့ စမ်းလျှောက်တတ်ခဲ့ပြီပဲ
မျှော်လင့်ခြင်းများစတင်
မှတ်တိုင်တွေ တသွင်သွင်ဖြတ်သန်း
လမ်းခုလတ်ရောက်မှတော့
ရှေ့ဆက်လျှောက်ရမပေါ့
အို. မှတ်တိုင်
မဝေးတဲ့မိုင်ပေါင်းများစွာ
ဖြောင့်မှန်စွာ ညွှန်ပြစမ်းပါ။
ခင်မြဇင် (စံပယ်ဖြူမဂ္ဂဇင်း။ ၆/၈၅)
/*
Halfway-stop
Halfway that has so far been made
Together with bitterness and burnout
Left behind in vague
Amidst the clouds of dust.
Oh.. Stop
When standing right at your feet,
The distance of hundred thousand steps, of course
(I've) already reached.
Like pointed thouns
Strong and wild winds of the beginning
As travelling on and on
Have turned out to be coding.
There could be no more strings than ever
Bestronger and wilder the winds could never
Till halfway from the start
In such clumsy steps
(I) could learn to walk on afar.
Hopes dwindled
Hopes started day by day
As getting past stops one by one
Right now on the halfway
Just to move on, having no other way.
Oh.. Stop
Miles are not far away ahead
Please show me the right track.
*/
Posted by
Prizewai
at
9:15 AM
0
comments
Labels: favourite