January 28, 2009

.. ဆိုလို့

ငါ လျှောက်ခဲ့ပါတယ်
သူ လျှောက်ခဲ့တယ်ဆိုလို့

ငါ ရောက်ခဲ့ပါပြီ
သူ ရောက်ခဲ့ပြီဆိုလို့

ငါ ရှာနေပါတယ်
သူ ရှိနေတယ်ဆိုလို့

ငါ ပျော်နေပါတယ်
သူ ပျော်ဖူးတယ်ဆိုလို့

ငါ မှန်ခဲ့မှာပါ
သူ မမှားခဲ့ဖူးဆိုလို့

ငါ ကြိုးစားမှာပါ
သူလည်း ရပ်မနေဘူးဆိုလို့။

ကလေးလေးများနှင့် သူတို့၏ကဗျာများ

ဒီနေ့ခေတ်ကလေးလေး အများစုကို မြင်ရတာ တော်တော်တင်းတင်းကျပ်ကျပ်
ခံစားရပါတယ်။ ပိစိကလေးကတည်းက တက်လိုက်ရတဲ့ သင်တန်း၊ ကျောင်း။ ကြိုးစားတာက
အတိုင်းထက်အလွန်ကို ကောင်းပါတယ်။ ဖြစ်လည်း ဖြစ်သင့်ပါတယ်။ ဒါပေမယ့်
အလိုလိုနေရင်း သူတို့တွေပိုင်ဆိုင်ခွင့်ရမယ့် ကလေးဘ၀တွေက
တိုတိုလာသလားလို့။

ကျွန်မတို့ ငယ်ငယ်တုန်းက ရွတ်တတ်ခဲ့တဲ့ ကလေးကဗျာလေးတွေကိုလည်း
ရွတ်တတ်တဲ့ကလေးတွေက ခုချိန်မှာ တဖြည်းဖြည်းရှားပါးလာနေပုံရပါတယ်။
သင်ပေးမယ့် အဖိုး၊ အဖွားတွေနဲ့ အနီးကပ်နေခွင့် မရလို့များလား။
အဲဒီကဗျာတွေအစား A, B, C, D ရွတ်ခိုင်းတာက ပိုအကျိုးများလိမ့်မယ်လို့
ထင်လို့များလား။ ကျောင်းမနေသေးခင် ကဗျာလေးတွေ ရွတ်တတ်နေရမယ့် အရွယ်မှာ
ကြော်ငြာသီချင်းတွေ ဆိုတတ်နေတာကိုပဲ ကျေနပ်လိုက်ရမလား။
ကျွန်မအမြင်အရတော့"ဆွမ်းအုပ်နီနီ" လိုကလေးကဗျာလေးတွေ၊ "ရွှေယုန်ရွှေကျား"
လိုအိပ်ရာဝင်ပုံပြင်လေးတွေက ကလေးတစ်ယောက်အတွက် ပျော်ရွှင်မှုသာမက
အခြေခံကောင်းလေးတွေလို့ ယူဆမိပါတယ်။ ကလေးလေးတစ်ယောက်အတွက်
ကျောင်းတက်တဲ့အရွယ် မရောက်သေးခင်၊ သူ့ဘာသာ စာမဖတ်တတ်သေးခင်
ကလေးကဗျာလေးတွေ ရွတ်တတ်နေတာက အကျိုးသက်ရောက်မှုအများကြီးရှိမယ်ထင်ပါတယ်။
မြန်မာ့ရိုးရာ ကဗျာတွေဖြစ်တဲ့အတွက်လည်း မြန်မာမှုအငွေ့အသက်တွေ၊
ဓလေ့စရိုက်တွေနဲ့ ယဉ်ပါးစေမှာပါ။

ကျွန်မငယ်ငယ်လေးတုန်းကတော့ အဘွားနဲ့အနီးကပ်နေခွင့်ရပြီး၊ အဘွားပြောပြတဲ့
ပုံပြင်တွေ၊ ရွတ်ပြတဲ့ကဗျာတွေနဲ့ ကြီးပြင်းခဲ့တာပါ။ "၀ါဆိုဝါခေါင်
ရေတွေကြီးလို့ သပြေသီးမှည့်ကောက်စို့ကွယ်" ဆိုတဲ့ သပြေသီးကောက်ကဗျာ၊
"ဆွမ်းအုပ်နီနီ အမေရွက်လို့ နက်ဖြန်မနက် ကျောင်းထွက်မယ်" ဆိုတဲ့
ဥပုသ်စောင့်ကဗျာ၊ "ကြက်တူရွေး ကြက်တူရွေး ရွှေခဲကြက်တူရွေး" ဆိုတဲ့ကဗျာ၊
"နွားရိုင်းသွင်းချိန် ပြင်မထွက်နဲ့ ဖုတ်သဘက်တွေ လိုက်တတ်တယ်"
ဆိုတဲ့ကဗျာတွေကအစ "စောစောအိပ်ထ ပြုခြင်းက…. "ဆိုတာတွေ၊
"ရွှေတံခါးကြီးဖွင့်ပါဦး" ဆိုတာမျိုးတွေ၊ အဘွားနဲ့တူတူရွတ်ရင်း
စာဖတ်တတ်လာတော့ ရွှေသွေး၊ တေဇ တို့ထဲက ကဗျာလေးတွေဖတ်ရင်းနဲ့ စာဖတ် ၀ါသနာပါ
ပါလာခဲ့ပုံရပါတယ်။

ခုချိန်မှာတော့ ရွှေယုန်နဲ့ရွှေကျားတောင် မကြားဖူးတဲ့
ကလေးလေးတွေမြင်တိုင်း၊ ကြော်ငြာသီချင်းတွေ ကောင်းကောင်းလိုက်ဆိုတတ်တဲ့
ကလေးပိစိလေးတွေမြင်တိုင်း၊ ချစ်စရာကောင်းတဲ့
မြန်မာ့ရိုးရာပုံပြင်လေးတွေ၊ ကဗျာလေးတွေ
တဖြည်းဖြည်းပျောက်ကွယ်သွားမှာတောင် စိုးရိမ်လာမိပါတယ်။

/* ကျွန်မပတ်ဝန်းကျင် ကျဉ်းကျဉ်းလေးထဲက ထွက်ပေါ်လာသော
ကျွန်မခံစားမှုသက်သက်သာ ဖြစ်ပါသည်။ မှားယွင်းကောင်းမှားယွင်းနိုင်ပါသည်။့ 
*/

January 22, 2009

hololodilolo

ကျွန်မခုတလော စာတွေလည်းမရေးဖြစ်သလို ဖတ်လည်းမဖတ်ဖြစ်ဘူး။ အပျင်းပိုးလေး ဖြစ်နေတာ။

ဟိုလိုလိုဒီလိုလိုလေးကိုလည်း banner ကအစ ပြန်ပြောင်းမယ် စဉ်းစားထားပေမယ့် ထိကိုမထိဖြစ်ဘူး။ ခုထားထားတဲ့ banner ကလည်း ယာယီဆိုပြီး ထည့်ထားတာ။ ပြီးမှ ပြန်ပြောင်းမယ်ဆိုတာ နှစ်တောင်ပေါက်တော့မယ်။ blogspot ကလည်းဝင်ရတာ လက်ပေါက်ကတ်တယ်။ ခုနောက်ပိုင်းဆို ကိုယ့်ရဲ့ dashboard ထိတောင် မရောက်တောင် တော်တော်ကြာနေပါပြီ။ အားလုံး mail to blogger ပဲလုပ်နေတာ။ တင်ထာတဲ့ စာတွေလည်း alignment တွေ မညီတာ ဒီအတိုင်း ထိုင်ကြည့်နေဖြစ်တယ်။ cbox မှာ နှုတ်ဆက်တဲ့သူ ပိုပို ရှားလာတာ။ visitor count မတက်လာတာတွေကိုတော့ မသိချင်ယောင်ပဲ ဆောင်ထားတော့တယ်။ အရင်က အသားကုန်ဖတ်ဖြစ်တဲ့ blog တွေကိုလည်း google reader လေးအားကိုးနဲ့ပဲ တိတ်တဆိတ် ဖတ်ဖြစ်တော့တယ်။

ကျွန်မက စာရေးချင်လို့ blog ရေးတာပါ။ ခုတော့အဲဒီ sense လေးပါ ပျောက်နေတယ်။ ညဘက်ကျ ကဗျာလေးတပိုင်းတစ စဉ်းစားမိလိုက် ပြန်ပြန်ပျောက်သွားလိုက်နဲ့။ စာတွေမဖတ်ဖြစ်တာလည်း ပါလိမ့်မယ်။ အင်း မအိပ်ခင် စာအုပ်ဖတ်ပြီး အိပ်တဲ့အကျင့်လေး ပြန်လုပ်ဦးမှ။ အိပ်မပျော်မှာကြောက်တာနဲ့ပဲ စာမဖတ်ဖြစ်တာကြာပြီ။ ပြန်လုပ်ဦးမှပါ။

January 12, 2009

လွင့်မျောခြင်း

ကျွန်မ တွေးတောရခြင်းကို နှစ်သက်ပါတယ်။ တစ်ယောက်တည်းရှိတဲ့အချိန်မျိုး၊
bus ကားစီးချိန်၊ လမ်းလျှောက်ချိန်၊ အဲဒီလိုအချိန်မျိုးတွေမှာ
ကျွန်မတွေးချင်ရာကို လွင့်လွင့်မျောမျော တွေးတတ်ပါတယ်။ ကျွန်မရဲ့
ပင်ကိုယ်စိတ်အခံက အပူအပင်တွေကိုလည်း ကြာကြာလက်မခံထားတတ်ပါဘူး။
ခပ်ပေါ့ပေါ့ပါပဲ။ စဉ်းစားမိရင် ခဏတော့ အသက်ရှုကျပ်လာမယ်။ မကြာခင်မှာ
ပြန်ကောင်းသွားတတ်ပါတယ်။ ခုနောက်ပိုင်းတော့ စိတ်ညစ်စရာတွေ၊
စိတ်ရှုပ်စရာတွေခဏခဏ ကြုံရတယ်။ ဒီတော့ ခဏခဏလည်း စိတ်ဓါတ်ကျတယ်။ ဒါပေမယ့်
ခဏခဏလည်း ပြန်ကောင်းကောင်းလာတယ်။
အိပ်စက်ခြင်းကို တကယ်ကို သဘောကျပါတယ်။ ငပျင်းလို့ပဲ ပြောမလား။
ငယ်ငယ်ကတည်းက ကျွန်မအိပ်ရင် အိမ်မက်အမြဲမက်လေ့ရှိတယ်။ ကျွန်မ
အိမ်မက်တွေကို ကြိုက်ပါတယ်။ အိပ်ရင်လည်း အချိန်ယူစရာမလိုပါဘူး။ ခဏနဲ့
အိပ်ပျော်လေ့ရှိပါတယ်။ အဲ ကိုယ့်အိမ်မှာဆိုရင်ပေါ့။ ကိုယ့်အိမ်မဟုတ်တဲ့
တခြားဘယ်နေရာမဆိုကျရင်တော့ ဘယ်သောအခါမှ
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လေ့မရှိပြန်ဘူး။ ဒါကြောင့်လည်း
တော်ရုံတန်ရုံ ညအိပ်သွားလေ့မရှိပါဘူး။ ဘာဖြစ်လို့လဲ။ ကျွန်မ
အိပ်ရေးပျက်တာကို သိပ်မုန်းပါတယ်။
ကျွန်မမုန်းတဲ့ အိပ်ရေးပျက်ခြင်း ဆိုတဲ့နေရာမှာ အိပ်နေလျက်နဲ့
ကောင်းကောင်းအိပ်မပျော်တာကိုသာ ဆိုလိုပါတယ်။ လုပ်စရာရှိလို့
မအိပ်ဘဲအလုပ်လုပ်ခြင်း၊ စာအုပ်ဖတ်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း လိုမျိုး
ကိုယ့်ဆန္ဒနဲ့ကိုယ် အိပ်ရေးပျက်ခံရတာမျိုးကို မဆိုလိုပါ။
ပင်လည်းပင်ပန်းနေပါပြီ။ အိပ်လည်းအိပ်ချင်နေပါပြီ။ ဒါပေမယ့်
အိပ်လို့ကိုမပျော်တာကို သိပ်မုန်းပါတယ်။ အဲဒီလိုမျိုးဖြစ်ရင်
နောက်နေ့တစ်နေ့လုံး စိတ်မကြည်လင်တော့ပါဘူး။ အလိုလို
အလိုမကျဖြစ်နေတတ်ပါတယ်။ အရင့်အရင် က အဲဒီလို အိပ်မပျော်ခြင်းမျိုး
ကျွန်မမှာ မရှိသလောက်ကိုရှားပါတယ်။
ခုတလောတော့ ကျွန်မသိပ်လွင့်မျောတယ် ဆိုရမလား။ အလုပ်ရှု့ပ်ပြီး
ပင်ပန်းနေပါလျက်နဲ့ အိပ်မပျော်ဘူး။ မဟုတ်သေးဘူး။ အိပ်မပျော်ဘူး
ဆိုရအောင်လည်း မဟုတ်ပြန်ဘူး။ ဒီလို ဒီလို။ ကျွန်မခေါင်းထဲ ခုတလော
အမြဲအတွေးတွေ ပြည့်ကျပ်နေတယ်။ တွေးရတာ ကြိုက်တယ်ဆိုတာ ပြောပြီးသားပါ။
ကျွန်မတွေးချင်တဲ့ အချိန်တွေးမယ်။ တခြားအာရုံစိုက်စရာ ရှိလာရင်
မတွေးတော့ဘူးပေါ့။ ခုတော့ အဲဒီလို မဟုတ်ဘူး။ နေရင်းထိုင်ရင်းကို
ဘာတွေမှန်းမသိတွေးမိနေတာ။ မဟုတ်တရုတ်တော့ မစဉ်းစားကြနဲ့ဦးနော်။
တခုခုကိုပဲ တွေးနေတာလည်း မဟုတ်ပြန်ဘူး။ တောင်စဉ်ရေမရနဲ့
ထိန်းချုပ်လို့မရဘဲ ဖြစ်နေတာ။ တနေ့လုံးခေါင်းထဲရှုပ်နေတဲ့အပြင်
ညအိပ်ရင်လည်း တွေးနေတယ်။ မတွေးဘူး ဆိုလည်း တွေးနေပြန်ရော။
တွေးရင်းတွေးရင်းနဲ့ အိပ်သွားတယ်။ ဒါပေမယ့် အိပ်ရင်းနဲ့လည်း
ဆက်တွေးနေသလိုပဲ။ အဲဒါနဲ့ ကျွန်မအိမ်မက်တွေတောင် မမက်တာကြာလာပြီ။
အိပ်ပျော်နေပေမယ့် နိုးနေသလိုလိုပဲ။ အဲဒီလို ရက်ဆက်ဖြစ်လာတော့
ကျွန်မအိပ်ချိန်သာတိုးလာတယ်။ ဘယ်တော့မှ အိပ်ရေးမ၀သလိုပဲ။ ခေါင်းထဲမှာ
သိပ်ရှုပ်တယ်။
ဒီအခြေအနေကို ကျွန်မသိပ်မုန်းပါတယ်။ တိုင်ပင်စရာဆိုလို့ အမေနဲ့
တိုင်ပင်ကြည့်တယ်။ အမေက ဘုရားစာရွတ်ခိုင်းတယ်။ ခက်တာက ဘုရားရှိခိုးရင်း
ရွတ်နေတဲ့ ပါဋ္ဌိရဲ့အနက်ကိုစဉ်းစားနေရင်းကနေကို
တခြားအကြောင်းရောက်ရောက်သွားတာ။ စိတ်မငြိမ်တာက အလွန်အကျွံဖြစ်နေတာ
ထင်တယ်။ တွေးမိရင်ဖြတ်ဖို့ကလည်း တခါတခါ လွင့်လွင့်မျောမျောတွေးရတာကို
နှစ်သက်နေတော့ ဖြတ်ဖို့ခက်ပြန်ရော။
ဘယ်လိုလုပ်ရင်ကောင်းမလဲ အကြံပေးကြပါဦး။
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ချင်တယ်။ ခေါင်းထဲမှာ မရှုပ်နေချင်ဘူး။
အဲဒီလို ဖြစ်ဖူးတဲ့သူရှိရင်လည်း ပြောပြပေးပါဦး။ ကျေးဇူးတင်ပါတယ်။

January 05, 2009

For my dear

သူမကို စတင်သိတာကတော့ အထက်တန်းကျောင်းမှာ ကတည်းကပါ။ စာတော်လွန်းသော၊
အေးဆေးလွန်းသော ကျောင်းသူတစ်ယောက်အဖြစ်။

အထက်တန်းကျောင်းသူဘ၀မှာတော့ သိတယ်ဆိုရုံထက် မပိုခဲ့မိဘူး။ ကျွန်မလို
အငြိမ်မနေနိုင်သောသူနဲ့ သူမလို အေးဆေးသောသူဟာ သူငယ်ချင်းမဖြစ်လာတာတော့
သိပ်မဆန်းလှပါဘူး။

အထက်တန်းအပြီး ကွန်ပြူတာကောလိပ်ကို တက်တော့ သူမနဲ့ ကျွန်မပြန်ဆုံတယ်။
(ကွန်ပြူတာမှာ ကျွန်မတို့အထက်တန်းကျောင်းက ကျောင်းသား ကျောင်းသူ
တော်တော်များများ ပြန်ဆုံပါတယ်။) မှတ်မှတ်ရရ မှတ်မိတာက သူမ roll number က
ကျွန်မထက် နောက်ရောက်နေလို့ အရမ်းအံ့သြခဲ့ရတာပါပဲ။ အဲဒီနောက်လည်း
ကျွန်မကတော့ ကျွန်မထုံးစံအတိုင်း သူငယ်ချင်းတွေလည်း အများကြီးထပ်ရတယ်။
ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ကျွန်မရဲ့ နေ့ရက်တွေကို ဖြတ်သန်းတာပါပဲ။
မထူးဆန်းလှစွာပဲ သူမဟာလည်း ကျွန်မရဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်လာခဲ့တယ်။
အစပိုင်းမှာ
သိပ်အေးစက်လွန်းတဲ့ သူမကိုသာမန်သူငယ်ချင်းထက် မပိုခဲ့ပါဘူး။ ဒါပေမယ့်
တစထက်တစ သူမဟာ ကျွန်မဘ၀ထဲ ၀င်ရောက်လာခဲ့ပါတယ်။

သူမရဲ့ ထက်မြက်တဲ့ဥာဏ်ရည်၊ တည်ငြိမ်မှု၊ ထိန်းသိမ်းနိုင်မှု စတာတွေက
ကျွန်မရဲ့ အားကျတဲ့သူတစ်ယောက်နေရာကို သူမကို ရောက်စေခဲ့တယ်။ သူမရဲ့
အေးစက်စက်မျက်နှာက နွေးထွေးမှုကိုလည်း ကျွန်မရှာဖွေနိုင်ခဲ့တယ်။
နောက်ဆုံးမှာတော့ ခပ်ပူပူကျွန်မနဲ့ အေးစက်စက်သူမဟာ
အတွဲအစပ်မမိလှစွာပဲ နီးကပ်လာခဲ့တယ်။ ကျွန်မအတွက် သူမဟာ
တန်ဖိုးမဖြတ်နိုင်တဲ့ သူငယ်ချင်းတစ်ယောက် ဖြစ်လာခဲ့ပြီး၊ သူမအတွက်လည်း
ကျွန်မဟာ တစုံတခုသော အတိုင်းအတာအထိ သူ့ဘ၀ထဲ ရှိနေမယ်ဆိုတာ သေချာခဲ့ပါတယ်။

သူမကို အားအကျမိဆုံးအချက်က ဘယ်တော့မှ စကားမရှုပ်တတ်တာပဲ။ သိပ်လုံပါတယ်။
မပြောပါနဲ့ ပြောထားစရာမလိုပါဘူး။ သူမဘာသာ ထိန်းသိမ်းထားမှာပါ။
ကျွန်မကတော့ အမြဲတမ်းကြိုးစားပေမယ့် တခါတခါ မရတတ်ဘူးလေ။)
နောက်တစ်ချက်က ကျွန်မယုံကြည်မှုတွေကို သူမဆီက ပြန်ပြန်ရတတ်တာပါပဲ။
တခါတခါကျွန်မရဲ့ ကောင်းတဲ့အချက်တွေကို ကျွန်မဘာသာ
ပြန်မေ့နေတတ်တဲ့အခါမျိုးမှာ သူမကြောင့် ကျွန်မကိုယ်ကျွန်မ
ယုံကြည်မှုတွေပြန်ရတတ်ပါတယ်။
တခါတခါကျရင်လည်း သူမလို အေးအေးဆေးဆေး နေတတ်ချင်တယ်။
ဝန်ခံစရာတခုရှိသေးတယ်။ အရင်က သိပ်အေးပါတယ်ဆိုတဲ့သူမဟာ
ကျွန်မအနားရောက်လာတော့ အထိုက်အလျောက် ခပ်လောင်လောင်စရိုက်တချို့
ကူးစက်မိကောင်းမိနိုင်ပါတယ်။ (သူမကို သူများတွေက သွက်လာတယ်လို့
ပြောတိုင်း ကျွန်မခံစားမိတာပါ။) အဲဒါကို တခါတလေ ကောင်းတယ်လို့ ထင်မိပြီး
တခါတလေတော့လည်း အားနာမိပါတယ်။

ဒီနေ့ကတော့ သူမရဲ့ ၂၄နှစ်မြောက်မွေးနေ့ပါ။ တစ်နှစ်ကျော်ကျော်လောက်
ကျွန်မတို့ ဝေးကွာနေရာကနေ တိုက်တိုက်ဆိုင်ဆိုင် သူမမွေးနေ့မှာ ကျွန်မတို့
နှစ်ယောက်တွေ့ဖြစ်လိမ့်မယ်။ ထူးထူးခြားခြား မွေးနေ့လက်ဆောင်ပေးစရာတော့
မရှိဘူး။ အရင်သူမမွေးနေ့တွေတုံးက ဆိုရင် ကျွန်မကြိုတင်ပြင်ဆင် ထားတာတွေ
ရှိခဲ့တယ်။ ဒီနှစ်မှာတော့ အကြောင်းအမျိုးမျိုးကြောင့်
ဘာမှမလုပ်ထားနိုင်ခဲ့ဘူး။ ဘယ်လောက်အထိလဲ ဆိုရင် အမြဲ သတိရနေကျ
သူမမွေးနေ့ကိုတောင် မေ့လျော့နေခဲ့တဲ့အထိပါပဲ။ ကိုယ်ကိုကိုယ်စိတ်ဆိုးရင်း
စိတ်မကောင်းလည်း ဖြစ်ရတယ်။

ဒီညနေတွေ့ကျရင် သူမကို ပြောစရာ စကားတချို့ အပြင် ကျွန်မမှာ
ဘာမှပါနိုင်မှာ မဟုတ်ပါဘူး။ ဒီ post လေးကိုလည်း သူမဖတ်နိုင်ဖို့
မသေချာပါဘူး။ ဘာဖြစ်ဖြစ် သူမအတွက် မွေးနေ့လက်ဆောင်တခု
အဖြစ်သတ်မှတ်ထားပါတယ်။

Wai Wai, Happy Birthday and Many happy returns of the day.