January 05, 2009

For my dear

သူမကို စတင်သိတာကတော့ အထက်တန်းကျောင်းမှာ ကတည်းကပါ။ စာတော်လွန်းသော၊
အေးဆေးလွန်းသော ကျောင်းသူတစ်ယောက်အဖြစ်။

အထက်တန်းကျောင်းသူဘ၀မှာတော့ သိတယ်ဆိုရုံထက် မပိုခဲ့မိဘူး။ ကျွန်မလို
အငြိမ်မနေနိုင်သောသူနဲ့ သူမလို အေးဆေးသောသူဟာ သူငယ်ချင်းမဖြစ်လာတာတော့
သိပ်မဆန်းလှပါဘူး။

အထက်တန်းအပြီး ကွန်ပြူတာကောလိပ်ကို တက်တော့ သူမနဲ့ ကျွန်မပြန်ဆုံတယ်။
(ကွန်ပြူတာမှာ ကျွန်မတို့အထက်တန်းကျောင်းက ကျောင်းသား ကျောင်းသူ
တော်တော်များများ ပြန်ဆုံပါတယ်။) မှတ်မှတ်ရရ မှတ်မိတာက သူမ roll number က
ကျွန်မထက် နောက်ရောက်နေလို့ အရမ်းအံ့သြခဲ့ရတာပါပဲ။ အဲဒီနောက်လည်း
ကျွန်မကတော့ ကျွန်မထုံးစံအတိုင်း သူငယ်ချင်းတွေလည်း အများကြီးထပ်ရတယ်။
ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ကျွန်မရဲ့ နေ့ရက်တွေကို ဖြတ်သန်းတာပါပဲ။
မထူးဆန်းလှစွာပဲ သူမဟာလည်း ကျွန်မရဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်လာခဲ့တယ်။
အစပိုင်းမှာ
သိပ်အေးစက်လွန်းတဲ့ သူမကိုသာမန်သူငယ်ချင်းထက် မပိုခဲ့ပါဘူး။ ဒါပေမယ့်
တစထက်တစ သူမဟာ ကျွန်မဘ၀ထဲ ၀င်ရောက်လာခဲ့ပါတယ်။

သူမရဲ့ ထက်မြက်တဲ့ဥာဏ်ရည်၊ တည်ငြိမ်မှု၊ ထိန်းသိမ်းနိုင်မှု စတာတွေက
ကျွန်မရဲ့ အားကျတဲ့သူတစ်ယောက်နေရာကို သူမကို ရောက်စေခဲ့တယ်။ သူမရဲ့
အေးစက်စက်မျက်နှာက နွေးထွေးမှုကိုလည်း ကျွန်မရှာဖွေနိုင်ခဲ့တယ်။
နောက်ဆုံးမှာတော့ ခပ်ပူပူကျွန်မနဲ့ အေးစက်စက်သူမဟာ
အတွဲအစပ်မမိလှစွာပဲ နီးကပ်လာခဲ့တယ်။ ကျွန်မအတွက် သူမဟာ
တန်ဖိုးမဖြတ်နိုင်တဲ့ သူငယ်ချင်းတစ်ယောက် ဖြစ်လာခဲ့ပြီး၊ သူမအတွက်လည်း
ကျွန်မဟာ တစုံတခုသော အတိုင်းအတာအထိ သူ့ဘ၀ထဲ ရှိနေမယ်ဆိုတာ သေချာခဲ့ပါတယ်။

သူမကို အားအကျမိဆုံးအချက်က ဘယ်တော့မှ စကားမရှုပ်တတ်တာပဲ။ သိပ်လုံပါတယ်။
မပြောပါနဲ့ ပြောထားစရာမလိုပါဘူး။ သူမဘာသာ ထိန်းသိမ်းထားမှာပါ။
ကျွန်မကတော့ အမြဲတမ်းကြိုးစားပေမယ့် တခါတခါ မရတတ်ဘူးလေ။)
နောက်တစ်ချက်က ကျွန်မယုံကြည်မှုတွေကို သူမဆီက ပြန်ပြန်ရတတ်တာပါပဲ။
တခါတခါကျွန်မရဲ့ ကောင်းတဲ့အချက်တွေကို ကျွန်မဘာသာ
ပြန်မေ့နေတတ်တဲ့အခါမျိုးမှာ သူမကြောင့် ကျွန်မကိုယ်ကျွန်မ
ယုံကြည်မှုတွေပြန်ရတတ်ပါတယ်။
တခါတခါကျရင်လည်း သူမလို အေးအေးဆေးဆေး နေတတ်ချင်တယ်။
ဝန်ခံစရာတခုရှိသေးတယ်။ အရင်က သိပ်အေးပါတယ်ဆိုတဲ့သူမဟာ
ကျွန်မအနားရောက်လာတော့ အထိုက်အလျောက် ခပ်လောင်လောင်စရိုက်တချို့
ကူးစက်မိကောင်းမိနိုင်ပါတယ်။ (သူမကို သူများတွေက သွက်လာတယ်လို့
ပြောတိုင်း ကျွန်မခံစားမိတာပါ။) အဲဒါကို တခါတလေ ကောင်းတယ်လို့ ထင်မိပြီး
တခါတလေတော့လည်း အားနာမိပါတယ်။

ဒီနေ့ကတော့ သူမရဲ့ ၂၄နှစ်မြောက်မွေးနေ့ပါ။ တစ်နှစ်ကျော်ကျော်လောက်
ကျွန်မတို့ ဝေးကွာနေရာကနေ တိုက်တိုက်ဆိုင်ဆိုင် သူမမွေးနေ့မှာ ကျွန်မတို့
နှစ်ယောက်တွေ့ဖြစ်လိမ့်မယ်။ ထူးထူးခြားခြား မွေးနေ့လက်ဆောင်ပေးစရာတော့
မရှိဘူး။ အရင်သူမမွေးနေ့တွေတုံးက ဆိုရင် ကျွန်မကြိုတင်ပြင်ဆင် ထားတာတွေ
ရှိခဲ့တယ်။ ဒီနှစ်မှာတော့ အကြောင်းအမျိုးမျိုးကြောင့်
ဘာမှမလုပ်ထားနိုင်ခဲ့ဘူး။ ဘယ်လောက်အထိလဲ ဆိုရင် အမြဲ သတိရနေကျ
သူမမွေးနေ့ကိုတောင် မေ့လျော့နေခဲ့တဲ့အထိပါပဲ။ ကိုယ်ကိုကိုယ်စိတ်ဆိုးရင်း
စိတ်မကောင်းလည်း ဖြစ်ရတယ်။

ဒီညနေတွေ့ကျရင် သူမကို ပြောစရာ စကားတချို့ အပြင် ကျွန်မမှာ
ဘာမှပါနိုင်မှာ မဟုတ်ပါဘူး။ ဒီ post လေးကိုလည်း သူမဖတ်နိုင်ဖို့
မသေချာပါဘူး။ ဘာဖြစ်ဖြစ် သူမအတွက် မွေးနေ့လက်ဆောင်တခု
အဖြစ်သတ်မှတ်ထားပါတယ်။

Wai Wai, Happy Birthday and Many happy returns of the day.

No comments: