Showing posts with label Article. Show all posts
Showing posts with label Article. Show all posts

July 13, 2008

Excessive Wrapping

အလွန်အကျွံထုပ်ပိုးခြင်း

ကုန်တိုက်များ၊ ဈေးဆိုင်များ၌ ဈေးဝယ်ကြရာတွင် ၀ယ်ယူသောပစ္စည်းများကို ဆိုင်မှ စက္ကူဖြင့်ထုပ်ပိုးပေးသည်။ တဖန် ပလတ်စတစ်အိတ်တွင် ထည့်သည်။ စက္ကူနှင့် ပလတ်စတစ်များကို အထပ်ပေါင်းများစွာ အသုံးပြုသည့် အခါမျိုးလည်း ရှိသည်။ ထိုသို့အထပ်ထပ်ထုပ်ပိုးခြင်းသည် ကျွန်တော်တို့အတွက် မထူးဆန်းသော ဖြစ်ရိုးဖြစ်စဉ် သာမန်ကိစ္စဟုသာထင်ကြသည်။ သို့သော် ထိုစက္ကူများ၊ ပလတ်စတစ်များသည် အမှန်တကယ် လိုအပ်ပါသလား။ အိမ်သို့ပြန်ရောက်ပြီး ၀ယ်ယူလာသောပစ္စည်းများကို ထုတ်ယူသည့်အခါ အိမ်ရှိအမှိုက်ခြင်းသည် စက္ကူများ၊ ပလတ်စတစ်များဖြင့် ပြည့်လာတော့သည်။

ယခုအတောအတွင်း အမှိုက်ကိုလျော့ချရအောင် ဆိုသောအတွေးအကြံသည် အားကောင်းလာခဲ့သည်။ ထုပ်ပိုးစက္ကူများ၊ ပလတ်စတစ်အိတ်များသည် များပြားသောအမှိုက်ကိုဖြစ်လာစေသည် ဟုဆိုသည်။ ထို့ကြောင့် ကုန်တိုက်များတွင်လည်း ထိုသို့ အလွန်အကျွံထုပ်ပိုးခြင်းကို တစတစလျော့ချလာကြသည်။ ကုန်တိုက်ကြီးများတွင် အမျိုးမျိုးသော တီထွင်ပြောင်းလဲမှုများကို စတင်လာခဲ့ကြသည်။ တခုသောကုန်တိုက်သည် ဈေးဝယ်လာသည့်အခါ မိမိကိုယ်ပိုင်အိတ်ကို ယူဆောင်လာလျှင် ကဒ်ပြား၌အမှတ်အသားလုပ်ပေးပြီး၊ ထိုအမှတ်အသားများပြည့်လာလျှင် အခမဲ့ဈေးဝယ်ခွင့်လက်မှတ်နှင့် လဲပေးသည်။ တခြားကုန်တိုက်တခုတွင်မူ ပြန်လည်အသုံးပြုထားသောစက္ကူ(recycled paper) ဖြင့်ပြုလုပ်ထားသော အိတ်များကို အသုံးပြုလာသည်။ ထို့ပြင် အ၀တ်ဖြင့်ပြုလုပ်ထားသော ဈေးဝယ်အိတ်များကိုလည်း ရောင်းချလာကြသည်။

ကျွန်တော်တို့သည် ကုန်တိုက်စသည့်နေရာများတွင် ဈေးဝယ်သည့်အခါ "ပလတ်စတစ်အိတ် မလိုပါ" ဟု တစ်လတစ်ကြိမ်သာ ပြောလျှင်ပင် တစ်နှစ်ကြာသည့်အခါ သန်းပေါင်းများစွာသောအိတ်များကို အသုံးမပြုဘဲချန်ထားဖြစ်လိမ့်မည်။ အလွယ်ကူဆုံးသော ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းပင် ဖြစ်သည်မဟုတ်ပါလား။ ။

July 08, 2008

မိုးပျံပူဖောင်း

ဂျပန်နိုင်ငံ အနောက်ပိုင်း ကမ်ဆိုင်ဒေသရှိ မူလတန်းကျောင်းတစ်ကျောင်းတွင် ပျော်ပွဲရွှင်ပွဲများ၌ မိုးပျံပူဖောင်း လွှတ်တင်ခြင်းကို ရပ်ဆိုင်းထားခဲ့သည်။

အပြာရောင်ကောင်းကင်သို့ လွင့်တက်သွားသော မိုးပျံပူဖောင်းကို ကြည့်ရှုရခြင်းသည် ကလေးများအတွက်သာမက လူကြီးများအတွက်ပါ စိတ်ကြည်နူးဖွယ်ရာ ကောင်းလှသည်။ သို့သော် မကြာသေးခင်က ထိုမိုးပျံပူဖောင်းများသည် ပြသနာများကို ဖြစ်ပေါ်စေကြောင်း တွေ့ရှိခဲ့ကြသည်။ မိုးပျံပူဖောင်းများသည် ထင်ထားသည်ထက်ပိုဝေးဝေးသို့ လွင့်သွားကြပြီး မည်သည့်နေရာတွင် အောက်သို့ကျမည်ကို မသိနိုင်ကြပေ။ ပင်လယ်ရေ မျက်နှာပြင်ပေါ်တွင် ပြုတ်ကျနေသော မိုးပျံပူဖောင်းများကို ဝေလငါး၊ လိပ် စသော သတ္တ၀ါများက စားမိကြရာ အစာအိမ်၊ အူ တို့တွင် မိုးပျံပူဖောင်းပိတ်ဆို့၍ သေကြရသော ကိစ္စများကိုလည်း အများအပြားတွေ့ရှိခဲ့ရသည်။

ထိုမူလတန်းကျောင်းတစ်ခုတည်းတွင်သာမက မိုးပျံပူဖောင်း လွှတ်တင်ခြင်းနှင့် ပတ်သက်၍ အမျိုးမျိုးသော ပြောဆိုမှုများသည် ဆက်လက်ဖြစ်ပွားနေသည်။ သေးငယ်သောကိစ္စဖြစ်သော်လည်း ပတ်ဝန်းကျင်ပျက်စီးခြင်းနှင့် ပတ်သက်မည်ဆိုလျှင် မိုးပျံပူဖောင်းလွှတ်တင်ခြင်းကို ရပ်ဆိုင်းသင့်သည်ဟု ပြောဆိုကြသူများရှိသည်။ ပို၍ကြီးမားသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဘက်က စဉ်းစားသင့်သည်ဟု ဆိုသောလူများရှိသကဲ့သို့ ကလေးများ၏ စိတ်ကူးအိမ်မက်ဖြစ်သည့်အတွက် ချန်လှပ်ထားသင့်သည်ဟု ပြောဆိုကြသူများလည်း ရှိကြသည်။

သေချာသည်မှာ ကလေးဘ၀၌ ပန်းမျိုးစေ့၊ စာ စသည်တို့ကို မိုးပျံပူဖောင်းတွင် ချိတ်ဆွဲလိုက်ပြီး ထိုအရာများကို ကောက်ရသူတစ်ဦးဦးထံမှ ပြန်စာလာနိုးနိုးနှင့် နေ့တိုင်းစောင့်မျှော်ခဲ့ကြဖူးသည်။ သို့သော်လည်း ထိုသို့ ပြန်စာလာသော ကိစ္စမျိုးကိုမူ တခါတရံမျှ မကြားဖူးချေ။ ထိုမိုးပျံပူဖောင်းများသည်သာ မည်သည့်နေရာတွင် မည်သည့်ပြသနာကို ဖြစ်စေမည်ဟု မသိနိုင်ကြပေ။ ။


/* ကျွန်မသင်တန်း Text Book ထဲက စာပိုဒ်လေးတွေပါ။ ဒီလိုပဲ နောက်လည်း ကြိုက်တဲ့စာပိုဒ်တွေကို တင်သွားပါ့မယ်။ ဘာသာပြန်ထားတာ ထောင့်နေရင်တော့ ကျွန်မညံ့လို့ပါ။ သည်းခံပြီး ဖတ်ပေးပါဦး။ */

October 30, 2007

My Star

ကျွန်မချစ်သော ကြယ်လေးတစ်လုံးရှိပါသည်။ ကျွန်မပိုင်ဆိုင်သော ကြယ်တော့မဟုတ်ပါ။ ခပ်ဝေးဝေးတွင် လင်းလင်းလေးလက်နေသော ကြယ်လေးသာဖြစ်ပါသည်။

ထူးချွန်သော၊ လူသိများသော၊ လင်းလက်သော၊ တန်ဖိုးကြီးသော၊ ပိုင်ရှင်ရှိသော ကြယ်ပေါင်းများစွာထဲကမှ ကျွန်မ၏ကြယ်လေးကို မရှာဖွေဘဲ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ကြယ်လေး၏ အတ္ထုပတ္တိ၊ ဇာတ်ကြောင်း၊ ပိုင်ရှင်ရှိခြင်း၊ မရှိခြင်း ဘာဆိုဘာကိုမှ ကျွန်မမသိခဲ့ပါဘူး။ မော့ကြည့်လိုက်ရုံဖြင့် ကြည်နူးရခြင်းတစ်ခုတည်းနှင့်ပင် ကျွန်မ၏ကြယ်အဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ကြယ်လေး၏ မာန၊ အတ္တ၊ လင်းလက်မှု၊ အားလုံးကို ကျွန်မချစ်ပါသည်။ ကျွန်မတွင် ကျွန်မချစ်သောကြယ်လေးတစ်လုံး ရှိတယ်ဆိုသော အသိတစ်ခုနှင့်ပင် အဓိပ္ပာယ်ရှိနေပါသည်။ ငုံ့ကြည့်မှသာ မြင်နိုင်မယ့် ကျွန်မကို ကြယ်လေးငုံ့ကြည့်ခြင်း၊ မကြည့်ခြင်းက အရေးမပါပါ။ ကြယ်လေးကို ထိကိုင်ကြည့်ဖို့လည်း စိတ်ကူးမရှိပါ။ အားကျတဲ့စိတ်နဲ့ ခပ်ဝေးဝေးက ကြည့်နေရခြင်းကိုပင် ကျွန်မကျေနပ်ပါသည်။
အလွန်ရှားပါးသော တခါတခါမှာတော့ ကြယ်လေးနားရောက်ချင်သော အတ္တလေးတစ်ခုနှင့်ပင် ကျွန်မကိုယ်တိုင်ကြယ်တစ်လုံးဖြစ်အောင် ကြိုးစားချင်ဖူးပါသည်။ ဒါပေမယ့် နီးကပ်လွန်းလျှင် လင်းလွန်းမှာစိုးသောကြောင့်ရယ်၊ အနားရောက်သွားလျှင် အပြစ်တွေ၊ ချို့ယွင်းချက်တွေ မြင်လာနိုင်တဲ့ သဘောကိုသိလွန်းသောကြောင့်ရယ် အဲဒီအတ္တလေးက ပြန်ပြန်ပျောက်သွားတတ်ပါသည်။ ကျွန်မက ကျွန်မ၏ကြယ်လေးကို ဘာအပြစ်မှ မမြင်လိုဘဲ၊ လင်းလင်းလေးလက်နေခြင်းကိုသာ မြင်လိုပါသည်။ ခပ်ဝေးဝေးကသာကြည့်လိုသည်။

ဒါကြောင့်............. ကျွန်မတွင် ကြယ်တစ်လုံးရှိသည်။ ဒါ့ထက်ပို၍... မော့ကြည့်ရင်းပင်ရင်ခုန်ရသော ကြယ်တစ်လုံးရှိသည်။