Showing posts with label about me. Show all posts
Showing posts with label about me. Show all posts

February 13, 2009

ခပ်လွဲလွဲများနှင့် ဟိုလိုလိုဒီလိုလို

မမှားသောရှေ့နေ၊ မသေသောဆေးသမား ဆိုတဲ့နောက်မှာ မလွဲသောလူသားလို့ထပ်ထည့်ရကောင်းမလား။ လူသားအားလုံးလွဲတတ်သည် လို့ပဲအော်ရကောင်းမလား။ လွဲတတ်တဲ့လူသားတွေထဲက လူသားတစ်ယောက်ဖြစ်တဲ့ ကျွန်မလည်း ဒီတပတ်အတွင်းမှာ အလွဲဓါတ်ခံလေး ခေါင်းထောင်နေပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေကစပါတယ်။ နေ့လည်(၁)နာရီမှာ အရင်အလုပ်လုပ်ခဲ့တဲ့ ရုံးကအစ်ကိုတွေ အစ်မတွေနဲ့ တွေ့ဖို့ ချိန်းထားပါတယ်။ နေလို့သိပ်မကောင်းလို့ အမေက စောစောပြန်နားဖို့ပြောတာကိုတောင် ချိန်းပြီးသား ဖြစ်နေလို့ မနက်သင်တန်းပြီးတော့ ချိန်းထားတဲ့ ဆူးလေဘုရားကိုသွားပါတယ်။ အစ်မတစ်ယောက်နဲ့ပဲတွေ့ပြီး တခြားသူတွေကို ဆက်စောင့်လိုက်တာ (၂)နာရီကိုထိုးရော။ နောက်ဆုံးတော့ အခြေအနေမလှဘဲ အိမ်ကိုသာ ပြန်ခဲ့ရပါတော့တယ်။ နောက်မှပြန်သိတာက တွေ့ဖို့ပြောထားတဲ့ အစ်ကိုကြီးက ဧမာနွေလရှေ့မှာ စောင့်ပြီး ကျွန်မတို့တွေက ဆူးလေဘုရားပေါ်မှာ စောင့်နေခဲ့တာပါတဲ့။ မှတ်ကရောပဲ။

နောက်တနေ့ တနင်္လာနေ့ကတော့ အလွဲဆုံးပါပဲ။ မနက်အိပ်ရာထကတည်းက စလွဲတာ။ အဲဒီနေ့က ကျွန်မ နေသိပ်မကောင်းတာနဲ့ နားချင်တာကြောင့် ရုံးမတက်ဘဲ ခွင့်ယူဖို့ စဉ်းစားထားပါတယ်။ ဒါပေမယ့် မနက်(၁၀)နာရီမှာ စေတန်နဲ့ sponsor ကိစ္စချိန်းထားတာလေးရှိတာကြောင့် အပြင်ကလည်းထွက်ရမယ်။ ဒီတော့ ဒီလိုစဉ်းစားပါတယ်။ မနက်ရုံးခဏသွားမယ်။ တနင်္လာဆိုတော့ report လည်းတင်ရဦးမယ်။ (၉)နာရီလောက်မှ ခွင့်ယူပြီး ပြန်ထွက်မယ်ပေါ့။ ပြီးရင် သွားစရာရှိတာသွား၊ နေ့လည်တော့ အိမ်ပြန်အိပ်မယ်ပေါ့။
မနက် ကော်ဖီသောက်မယ်လုပ်တော့ အမေက ဆေးသောက်ဖို့နဲ့ ဆေးယူသွားဖို့ သတိပေးတာကြောင့် နေ့လည်သောက်ရမယ့် ဆေးကိုအိတ်ထဲထည့်၊ မနက်စာ ဆေးကိုသောက်ဖို့ပြင်တာပေါ့။ နောက်ကျနေရတဲ့အထဲ မနက်စာဆေးထဲက တစ်လုံးက ဘယ်ပျောက်သွားမှန်းမသိဘူး။ အမေရော ကျွန်မပါ ရှာတာပဲ။ မတွေ့ဘူး။ ကဲ မတွေ့လည်း ထားတော့ဆိုပြီး ထားလိုက်ပါတယ်။ အပြင်ထွက်ခါနီးဆဲဆဲမှ အမေက တွေ့ပြီတဲ့ ဆေးက။ ဘယ်ရောက်နေတယ်ထင်လဲ။ အမေ့ကော်ဖီခွက်ထဲ ၀င်နေတာလေ။ ကျွန်မ ဟိုခွဲ ဒီခွဲမှာ ကျသွားတာဖြစ်လိမ့်မယ်။ ဆေးနှယ် ကော်ဖီခွက် နှစ်ခွက်ထားတာ ကျွန်မခွက်ထဲကျတော့ ဘာဖြစ်မှာမို့လည်းနော်။ ခုတော့ တလွဲ။
ရုံးသွားဖို့ ကားဂိတ်ရောက်တော့ ရုံးက သူငယ်ချင်းနဲ့တွေ့တယ်။ အဲဒီမှာ စိတ်ကူးပြောင်းသွားရော။ report စာရွက်ကို သူ့နဲ့ ပေးလိုက်ပြီး ခွင့်ကိုဖုန်းပဲဆက်လိုက်တော့မယ်ပေါ့။ ဒါဆို မနက်(၁၀)နာရီမှ ချိန်းထားတာ အစောကြီးရှိသေးတယ်။ မထူးပါဘူး အရင်အလုပ်လုပ်ခဲ့တဲ့ ရုံးကိုသွားလည်မယ်ပေါ့။ ကိုယ့်စိတ်ကူးနဲ့ကိုယ် လာလိုက်တာ အဲဒီရုံးအောက်ရောက်မှ သတိရတယ်။ ကျွန်မရုံးသာ မနက်(၈)နာရီရုံးတက်တာလေ။ သူတို့ရုံးက (၉)နာရီမှကို။ ခုမှ (၈)နာရီရှိသေးတာ။ ကဲ စောင့်ပေရော့။
(၉)ခွဲလောက်ရောက်တော့ စေတန်ရဲ့ဆိုင်ကိုရောက်တယ်။ သူ့ကားနဲ့ ချိန်းထားတဲ့ဆီကို အသွားမှာ ကွေ့တာမှားပြီး နောက်ဆုံး သူ့အိမ်အောက်မှာ ကားရပ်ပြီး လမ်းလျှောက်ဖို့ ဖြစ်လာတယ်။ ကျွန်မ လွယ်ထားတဲ့အိတ်ကို ရှုပ်လို့ သူ့ကားထဲမှာ ထားခဲ့မယ် ဆိုတော့ အိုကေတဲ့။ ဒါနဲ့ပဲ သွားစရာရှိတာသွား။ ဦးတီလေးဆီကိုပါ အဆစ်ဝင်လည်လိုက်သေးတယ်။ ပြန်တော့ စဉ်းစားမိလိုက်သေးတယ်။ အိတ်သာမထားခဲ့ရင် ဆူးလေကနေ တန်းပြန်လို့ရမှာလို့။ ထားတော့။ စေတန်နဲ့တူတူ အိတ်ယူဖို့ လမ်းပြန်လျှောက်လာရင်း ကားရပ်ထားတဲ့နားရောက်မှ ဟိုက် ခနဲဖြစ်သွားတယ်။ ကားမရှိတော့ပါ။ သူ့အမေမောင်းသွားတာ။ ကျွန်မက ဒုက္ခ။ ပိုက်ဆံအိတ်ရော၊ နောက်နေ့ရုံးတက်ဖို့ရော၊ အားလုံးကအိတ်ထဲမှာ။ အဲဒီအချိန်က (၁၂)နာရီတော့ မထိုးသေးဘူး။ ဒီအတိုင်းပြန်သွားရအောင်လည်း ဒီအိတ်က ယူတော့ယူရဦးမှာ။ မထူးပါဘူး။ စောင့်ယူတာပေါ့။ မနက်က သေချာစကားမပြောရသေးတာနဲ့ ဟိုရုံးကိုပဲ ပြန်သွားမယ် စဉ်းစားပြီး စေတန့်ကို သူ့ဆိုင်မှာပဲ (၂)နာရီလောက်မှ အိတ်လာယူမယ် ပြောပြီး ထွက်လာခဲ့ပါတယ်။
ဘော်ဒါတွေရုံးကိုရောက်တော့ အေးဆေးပဲ။ အစ်မနှစ်ယောက်ပဲရှိတယ်။ အားလုံးအပြင်ထွက်နေကြတယ်။ အေးဆေးအိပ်လို့ပါရတယ်တဲ့။ ကျွန်မလည်း အိပ်လည်းအိပ်ချင်၊ ဗိုက်ကလည်းဆာနေတာကြောင့် တခုခုကျွေးပါလို့ ပြောတော့ သူတို့က မုန့်ကျွေးဖို့လုပ်ကြပါတယ်။ အဲဒီအချိန်မှာတင် ဖုန်းလာပြီး နှစ်ယောက်လုံး အပြင်ထွက်ဖို့ ဖြစ်လာပါတယ်။ ဒီတော့ ကျွန်မလည်း ဘယ်နားရွေ့ရမလဲပေါ့။ သူတို့ဆီက ပိုက်ဆံတစ်ထောင်တောင်း အင်တာနက်သုံးရင်း အိတ်ကိုစောင့်မယ်ဆိုပြီး ….။ အဲဒီမှာ ထပ်လွဲတာပါပဲ။ အဲဒီအချိန် မနက်ကတည်းက ကော်ဖီတခွက်ပဲ သောက်ထားတဲ့ ကျွန်မ ဗိုက်အရမ်းဆာနေပြီ။ နေပူထဲဟိုလျှောက် ဒီလျှောက်နဲ့ ညကတည်းက အိပ်ရေးပျက်ထားတဲ့အရှိန်နဲ့ ခေါင်းကလည်းနောက်နေပြီ။ အိမ်ကိုလည်း မပြောခဲ့တော့ ပြန်ရင် အဆူခံရမှာပဲ ဆိုပြီး ညစ်နေပြီ။ အားလုံးပေါင်းပြီး အော်တောင်ငိုချင်နေခဲ့ပါတယ်။ အင်တာနက်သုံးရင်း အာရုံလွှဲပေမယ့် ငိုချင်တာပဲ ကြီးစိုးနေတာပါပဲ။ ကျွန်မရဲ့ပထမအမှားက ပိုက်ဆံရခဲ့ပြီးတဲ့အချိန် မုန့်အရင်စားဖို့စိတ်ကူးမရဘဲ အင်တာနက်ဆိုင်ထဲ ၀င်တာပါပဲ။ အဲဒီ (၂)နာရီလောက်အချိန်မှာ တော်တော့်ကို စိတ်ပျက်လက်ပျက်ဖြစ်နေတာပါပဲ။
အိမ်ပြန်ရောက်တော့ ညနေ(၄)နာရီလောက်ရှိပြီ။ ဘာမှမပြောနိုင်ဘူး တန်းအိပ်တာပါပဲ။ ရလဒ်အနေနဲ့ နောက်နေ့တစ်ရက်ပါ ခွင့်ထပ်ယူလိုက်ရပါတော့တယ်။

ခွင့်နှစ်ရက်ယူပြီး ရုံးပြန်တက်တော့ ကျွန်မမရှိတဲ့ နှစ်ရက် ကျွန်မမသိလိုက်တဲ့ ကိစ္စတွေနဲ့ ကျွန်မက နေရင်းထိုင်ရင်း ကြားညှပ်နေရပါတော့တယ်။
ညနေအပြန်လမ်းမှာတော့ စက်ဘီးနဲ့ကားတိုက်တဲ့ accident လေးတစ်ခုကိုမြင်လိုက်ရတယ်။ ဆင်းရမယ့်မှတ်တိုင်ရောက်လို့ ဆင်းပြီး၊ အိမ်ဘက်ကို လမ်းကူးမလို့လုပ်တာ ကားတွေကို မြင်ပြီး ကျွန်မ လမ်းမကူးရဲတော့ဘူး။ နေ့တိုင်းကူးနေတဲ့လမ်းကို လုံးဝကိုမကူးရဲတော့တာ။ ဘယ်လိုမှ အားတင်းလို့မရတာနဲ့ပဲ နောက်ကြောင်းပြန်လျှောက်ပြီး တခြားလမ်းကပတ်ပြန်ခဲ့ရပါတော့တယ်။
နောက်တခုက ကျွန်မအဖေရဲ့အလွဲပါ။ ကျွန်မနဲ့ (၂)နှစ်ကျော်လောက် အဆက်အသွယ်ပြတ်နေတဲ့ သူငယ်ချင်းဆီကနေ ကျွန်မဆီစာတစ်စောင်ရောက်ပါတယ်။ နယ်အိမ်လိပ်စာနဲ့ပါ။ ဒီဇင်ဘာကတည်းကရောက်တဲ့ အဲဒီစာကိုယူလာတဲ့ ကျွန်မအဖေကိုယ်တိုင်က မေ့ပြီး ခုဖေဖော်ဝါရီမှ ကျွန်မကို ပေးတာပါ။ ကမန်းကတမ်းဖတ်လိုက်တော့ သူပြောထားတဲ့အချိန်မမှီလောက်တော့ဘူး။ ဟူး လွဲပြန်ပါရောလား။

ဒီနေ့ ပြည်ထောင်စုနေ့မှာတော့ တနေ့လုံးမလွဲဘဲ အေးအေးချမ်းချမ်း အနားယူနိုင်ခဲ့ပါပြီ။

ကဲ.. ကျွန်မရဲ့ ဒီတပတ်စာ ပေါက်တတ်ကရတွေကို ဒီအဆုံးထိ ရောက်အောင် ဖတ်ပေးတယ်ဆိုရင်ပဲ ခပ်လွဲလွဲလေး ကျေးဇူးတင်ပါရစေ။ ။

October 05, 2008

တခါတုန်းက နေ့များသို့

ခြေရာပျောက်နေတဲ့ တစ်ယောက်ရယ်
တာဝန်မကျေတော့တဲ့ တစ်ယောက်ရယ်
သူတို့ကိုယ်စား
အမေ့မျက်ရည် ကူသုတ်ရင်း
အဖေ့အတွက် တောင်ဝှေးတစ်ချောင်းဖြစ်လာရေးအတွက်
ငါလည်း သမီး လိမ္မာတစ်ယောက် ဖြစ်မှန်းမသိဖြစ်လာရတယ်။

ငါတို့ရဲ့ မျှော်လင့်ချက်တွေ
ငါတို့ရဲ့ အိမ်မက်တွေ
နောက် အနာဂတ်တချို့
သူနဲ့တူတူ ယူပြီး ....

အနားနားကနေ
ဓါးတုံးတုံးနဲ့ ခပ်ဖြည်းဖြည်းလှီးနေတဲ့
သူတစ်ယောက် ...

ဘာဖြစ်ဖြစ်သူတို့နှစ်ယောက်ဟာ
ငါချစ်တဲ့ သူနှစ်ယောက်ဖြစ်တယ်။
ငါ့ကိုချစ်ခဲ့တဲ့ သူနှစ်ယောက်ဖြစ်တယ်။
သူတို့တွေကြောင့် အရာရာ ပြည့်စုံခဲ့ဖူးတယ်။
သူတို့တွေကြောင့် အငယ်ဆုံး အပီသကြီး ပီသခဲ့ဖူးတယ်။

အမေ့ရဲ့သတိရမှုတွေ
ွအဖေ့ရဲ့ တမ်းတမှုတွေကြား
မသိရိုကျိုးပြုရင်း
ငါလည်း မျှော်မှန်းမသိ မျှော်မိနေတယ်။

July 05, 2008

Birthday Present for me

သူငယ်ချင်းမ

အတိတ်ကာလ
ပြန်ပြောင်းသစ်သော်...

ပျိုရွယ်နုတဲ့
၈တန်းကာလ
ထ.၆ ၀ယ်
စိတ်ချင်းယှဉ်တွဲ
အပြုံးမပျက်
လက်တွဲမြဲခဲ့။ ။

၉တန်း၊ ၁၀တန်း
အထက်တန်းဝယ်
ကိုယ်လျှောက်မည့်လမ်း
ကိုယ်ဖောက်ကြရင်း
ခင်မင်မပျက်
စာတွေကျက်ကြ
(ငါနဲ့)
သူငယ်ချင်းမ။ ။

ရှေးရေစက်ကြောင့်
ဘ၀တက်လမ်း
တဆင့်လှမ်းတဲ့
ကျောင်းတက္ကသိုလ်
IT မြေမှာ
အတူတွဲခဲ့ကြ
(ငါနဲ့)
သူငယ်ချင်းမ။ ။

မြင်သူချင်ခင်
ဥာဏ်ထက်ထက်နှင့်
မိန်းမ EC
EC မိန်းမ
ခေါ်ခဲ့ကြ
(ငါ့ရဲ့)
သူငယ်ချင်းမ။ ။

ပျော်စရာသတင်း(အတင်း)စကားများကို
သူ၊ငါ အလုအယက်ပြောတဲ့
ဖော်သဟာရောင်းရင်းများနဲ့
တောင်တက်၊ ဂူဝင်
သွားခဲ့ကြ
(ငါနဲ့)
သူငယ်ချင်းမ။ ။

အားနွဲ့သူကို
ဖေးမကူကာ
အစဉ်သာ
တက်ကြွ
(ငါ့ရဲ့)
သူငယ်ချင်းမ။ ။

ပကာသန
ဂုဏ်ပြိုင်ဖက်မူ
တုံ့ပြန်မှုကင်း
မာနရှင်းတဲ့
(ငါ့ရဲ့)
သူငယ်ချင်းမ။ ။

ခေါင်းလောင်းသံတိတ်
ကျောင်းတွေပိတ်စ
ရင်မှာသတိရ
(ငါ့ရဲ့)
သူငယ်ချင်းမ။ ။

ဘ၀လျှောက်လှမ်း
ချောမွေ့ဖို့ရာ
မခွဲချင်ဘဲ
ခွဲခဲ့ရ
(ငါနဲ့)
သူငယ်ချင်းမ။ ။

ရာသီကုန်ဆုံး
နှစ်တွေပြုန်းလည်း
အစဉ်သာတမ်းတ
ရင်မှာလွမ်းရတာ
(ငါ့ရဲ့)
သူငယ်ချင်းမ။ ။

/* ဒီမနက် စာတိုက်ကနေ ရောက်လာတဲ့ ကျွန်မရဲ့ အချစ်ဆုံးသူုငယ်ချင်း ပို့လိုက်တဲ့ကဗျာလေးပါ။ ကဗျာတွေ ၀ါသနာမပါဘဲနဲ့ ကျွန်မအကြိုက်လိုက်ပြီး သူကြိုးစားရေးထားတာနေမှာ။ မွေးနေ့လွန်ပြီးမှ ရောက်လာပေမယ့် အရမ်းဝမ်းသာခဲ့ရပါတယ်။ ဖတ်ကြည့်ပါ။ ရေးနေကျမဟုတ်လို့ ဖတ်လို့မကောင်းလှပေမယ့် အမှတ်တရ အနေနဲ့တင်ထားလိုက်တာပါ။ */

သူမနဲ့ကျွန်မဟာ ၁၉၉၅ ကျွန်မတို့ (၄)တန်းကျောင်းသူဘ၀ကစသိခဲ့ပြီး၊ (၈)တန်းကျောင်းသူဘ၀ကစလို့ တတွဲတွဲမခွဲပဲ ရှိခဲ့တာပါ။ တက္ကသိုလ်တက်တော့လည်း တူတူဆိုတော့ အတိုင်းထက်အလွန်ပေါ့။ ကျွန်မမျက်လုံးတချက်အကြည့်နဲ့တင် ကျွန်မဘာပြောချင်လဲ ဆိုတာ သိနေတဲ့သူပါ။ တက္ကသိုလ်တက်တဲ့ ကာလတလျှောက် ကျွန်မရဲ့ နာမည်ပြောင် 'ဂျက်လီ' နဲ့တွဲပြီး၊ သူ့ကိုပါ '၀မ်ချင်းပေါင်' လို့ ခေါ်ခဲ့ကြပါတယ်။
သူမကို ၂၀၀၆ အောက်တိုဘာလောက်မှာ ထားခဲ့ပြီး၊ ရန်ကုန်ကို ကျွန်မလာခဲ့လိုက်တာ။ ဒီကြားထဲ နှစ်ခေါက်ပဲပြန်ဖြစ်ပါတယ်။ အရမ်းချစ်ပေမယ့် ဖုန်းအဆက်အသွယ်လည်း မရှိပါဘူး။ စာလည်းအလွန်ရှားပါတယ်။ ဒါပေမယ့် ရင်ထဲမှာအမြဲရှိမှန်း သူမရော ကျွန်မပါ သိပါတယ်။

July 01, 2008

Birthday

မနေ့(30.6.08)က ရုံးမှာ June Born တွေအတွက် Birthday Party ဆိုပြီး လုပ်ပေးတယ်။ ကျွန်မအပါအ၀င် (၆)ယောက်၊ လက်တ၀ါးစာလောက် ကိတ်မုန့်လေး စားရပါတယ်။ မွေးနေ့ရှင် (၆)ယောက်တည်းပဲ စားရတာနော်။ MD တွေတောင်မပါဘူး။ :D ဒါကြောင့် ရန်တိုက်ပေးသလိုပဲရှင်။ အားလုံးလည်းပြီးရော၊ ဟိုလူက "စိတ်ဓါတ်လေးသိရတာပေါ့။" ဒီလူက "နင်ကဒီလိုလား"နဲ့။ အဖြစ်ကဒီလိုလေ။ လက်တ၀ါးစာ ကိတ်မုန့်လေးကို လိုက်ခွံ့တော့ လူဘယ်စေ့တော့မလဲ။ ဟိုဘက်စားပွဲ ဒီဘက်စားပွဲ အကူးမှာကို target မရောက်ခင် မုန့်က ကုန်ပြီ။ ကဲ..
ဘာဖြစ်ဖြစ်ပါ။ ပထမဆုံး ကိတ်လှီးဖူးတာပေါ့။ ဟဲဟဲ။ မွေးနေ့တုန်းကတော့ ကျွေးရမှာစိုးတာနဲ့ တိတ်တိတ်လေး အကျော်ခံခဲ့တာ လကုန်ကာမှ ပေါ်တော့တာပဲလေ။
အင်း ဘာလိုလိုနဲ့ 23 နှစ်ပြည့်ပြန်ပြီ။ မွေးနေ့မှာ တင်ဖို့ဆိုပြီး၊ Post တစ်ခုတော့ ရေးဖြစ်တယ်။ ဒါမဲ့ အိမ်ထဲဝင်လို့မရဖြစ်နေတာနဲ့ပဲ မတင်လိုက်ရဘူး။ ဘုရားတော့ တက်ဖြစ်လိုက်သေးတယ်။ ထူးထူးခြားခြားတော့ ဘာမှမလုပ်ဖြစ်ဘူး။ အဲ မနက်ခင်း သင်တန်းမှာတော့ အရင်ဆုံး စာအမေးခံခဲ့ရတယ်။ အဲဒီနေ့က June 18ပါ။

December 12, 2007

လူဆိုး(၂)ယောက်အကြောင်း။

ကျွန်မဘ၀ရဲ့ နံပါတ်(၁)နေရာမှာရှိတဲ့ လူဆိုး(၂)ယောက်အကြောင်း။

သူတို့ကို အဖေ၊အမေနဲ့တန်းတူ နံပါတ်(၁)ထားရတာ အကြောင်းရှိတယ်။
ဒီလို ဒီလို .. ကျွန်မတော်တော် ငယ်သေးတဲ့အရွယ်ကအတွေးထဲမှာ .. အဖေနဲ့အမေ ကွဲများကွဲရင် ဘယ်သူနဲ့များလိုက်ရပါ့မလဲလို့ မကြာမကြာတွေးဖူးတယ်။ (တွေးမယ့်သာတွေးတာပါ။ အဖေနဲ့အမေက ရန်တောင်ကြီးကြီးကျယ်ကျယ်မှ မဖြစ်ဘူးတာ။) ကျွန်မက အမေ့ကိုချစ်တဲ့ အဖေ့သမီးလေ။ တစ်ယောက်နဲ့လိုက်သွားရင် တစ်ယောက်အပေါ် ဘက်လိုက်သလို ဖြစ်မှာစိုးတာပေါ့။ ဒါကြောင့် အဲဒီအတွေး တွေးမိတိုင်း အဖေရော၊ အမေရောနဲ့မနေဘဲနဲ့ သူတို့(၂)ယောက်နဲ့ပဲနေမယ်လို့စဉ်းစားတယ်။ အဲဒီအတွေးက တော်တော်အမြစ်တွယ်ဖူးလို့ သူတို့အတွက် နံပါတ်စဉ်းစားတော့ အားနာနာနဲ့ပဲ နံပါတ်(၁)ပေးလိုက်ရတော့ တာပေါ့။


ကဲ .. တစ်ယောက်စီနဲ့ စကြရအောင်။

ပထမတစ်ယောက်က "ကိုကိုကြီး" လို့ ကျွန်မခေါ်တဲ့ လူဆိုး၀၀ကြီးပါ။ ရုပ်ရော၊ စိတ်ရော ကျွန်မနဲ့တော်တော်တူတဲ့လူဆိုးလေ။ ကိုယ့်ကိုကိုယ်အထင်ကြီးတတ်တာ၊ တကိုယ်ကောင်းဆန်တတ်တာ၊ ဆရာလုပ်တတ်တာ အဲဒီလိုအကျင့်ဆိုးတွေကအစကျွန်မတို့နှစ်ယောက်တူတာ။ ဘယ်တော့မှ ကျွန်မကိုအလိုမလိုက်တတ်ဘဲ၊ အမြဲအနိုင်ကျင့်တတ်လို့ အပေါ်ယံအားဖြင့်တော့ မတည့်ပေမဲ့၊ ကျွန်မရဲ့မသိစိတ်ကနေ ကျွန်မရဲ့ အပြုအမူ၊ အမူအကျင့်တွေကို အလွှမ်းမိုးထားဆုံး လူတစ်ယောက်လို့ ပြောရမှာပေါ့။ ကျွန်မလုပ်မိတဲ့ အလုပ်တွေက သူ့ခြေရာတွေကို မသိမသာလိုက်လိုက်မိတတ်တာ ကျွန်မကိုယ်ကျွန်မမသိလိုက်ခင်မှာပါပဲ။ လောကကြီးမှာ ကျွန်မလုပ်သမျှကို အရှုံ့ချဆုံး၊ မကောင်းအပြောဆုံး တစ်ဦးတည်းသောသူလေ။ ဒါ့အပြင် ကျွန်မသိချင်တာမှန်သမျှ ထွက်လာနိုင်တဲ့ အဘိဓာန်၀၀ကြီးလည်း ဖြစ်ပါသေးတယ်။

ဒုတိယတစ်ယောက်က လူဆိုးပိန်ပိန်လေးပါ။ "ကိုကိုငယ်" လို့ သူ့ကို ကျွန်မခေါ်ပါတယ်။ အပြင်ပန်းကြည့်ရင် ရေခဲတုံးတစ်တုံးနဲ့တူပေမဲ့၊ ခဏခဏအရည်ပျော်တတ်တဲ့ လူဆိုးပေါ့။ ဘယ်တော့မှပြန်မပြောသလို၊ ဘယ်တော့မှလဲနားမထောင်တတ်တဲ့လူစားမျိုးလေ။ ကျွန်မဘက်မှာ အမြဲရှိတယ်လို့ထင်ရသလိုနဲ့၊ ကျွန်မကို ဂရုမစိုက်တတ်ပြန်ဘူး။ စိတ်ရော၊ ရုပ်ရောကျွန်မတို့နဲ့ သိပ်မတူဘဲ၊ အလတ်ဆိုတဲ့အတိုင်း ခပ်လပ်လပ် ဖြစ်နေတယ်ဆိုပါတော့။ လောကကြီးမှာ ကျွန်မပြောသမျှ "အင်း" လိုက်တတ်တဲ့ တစ်ဦးတည်းသောသူလေ။ ဒါ့အပြင် ပွစိပွစိနဲ့ ဆူရပူရတာ ၀ါသနာပါတဲ့ ကျွန်မအတွက် ထုသမျှခံတဲ့ ပေပိန်ပိန်လေးလည်း ဖြစ်ပါသေးတယ်။
ကျွန်မထက် (၇)နှစ်နဲ့ (၄)နှစ်ခွဲ စီကြီးကြတဲ့ အဲဒီလူဆိုး(၂)ယောက်က မီးလိုတစ်မျိုး၊ ရေလိုတစ်မျိုး သူ့နည်း သူ့ဟန်နဲ့ ပူလိုက် အေးလိုက်လုပ်တတ်ပါသေးတယ်။ သူတို့မွှေးတဲ့မီးနဲ့ ကျွန်မအသက်ရှုရပ်လောက် အောင်ဖြစ်ဖူးသလို၊ သူတို့ကြောင့်လည်း ကျွန်မပညာတော်တော်များများတတ်ခဲ့တာပါ။

အချုပ်ဆိုရရင်တော့ ကျွန်မအတွက် အစ်မ၊ ညီမ လိုချင်တယ်ဆိုတာ မရှိရလေအောင် အပြည့်အ၀ နေရာယူထားနိုင်တဲ့ လူဆိုးကြီးတွေပဲ ဖြစ်တော့လေသတည်းပေါ့။

September 02, 2007

My Gtalk Picture


This is my gtalk picture. Most of my gtalk friends tell me to change that picture. So ugly. But i like it so much.
coz it is the same with me.