/* ညက စာအုပ်ရှာရင်း ချစ်လှစွာသော သူငယ်ချင်းတွေ ပေးထားတဲ့ တိုလီမုတ်စတွေ ပြန်ကြည့်ဖြစ်တယ်။ အဲဒီထဲက သူငယ်ချင်းတစ်ယောက်ရဲ့ ကဗျာလေးတစ်ပုဒ်ကို အမှတ်တရတင်လိုက်တယ်။ ၂၀၀၄ ဆိုတော့ သူအသက် ၁၇ နှစ်ကရေးထားတာပေါ့။ သူ့ကိုတော့ ခွင့်မတောင်းရသေးဘူး။ ခွင့်မပြုလည်း မတတ်နိုင်ဘူး။ :) တင်လိုက်ပြီလေ။ ဖတ်ကြည့်ကြပါဦး။ */
ကျိန်စာသင့်အလွမ်း
ကောင်လေးရေ
ကျိန်စာသင့်နေတဲ့
ငါ့ရဲ့ ရင်ခုန်သံတွေပြန်ပေးပါ။
နှလုံးသားကို နာအောင်
ကိုက်နေတဲ့ အကောင်တွေသာ
ပုရွက်ဆိတ်တွေ ဖြစ်မရ်ဆိုရင်
လုံးချေပစ်တာ ကြာပေါ့။
ဘရ်တုန်းကမှ မကွဲဖူးတဲ့အသဲ
နင်နဲ့ကျမှ ကွဲချင်နေတာတဲ့။
ပျင်းတာကို ပျင်းတရ်လို့
အော်ရမှာ ပျင်းတဲ့ (ဒီနေ့မျိုးမှာ)
နင့်ကို တကရ် သတိရနေတာပါ။
နင့်ကို တွေ့ရမှ ကမ္ဘာကြီးကို
ကျေးဇူးတင်ရမှန်း သိတဲ့ငါ
မသေချာ မရေရာမှုတွေ ပြည့်လို့ပေါ့။
အသက်မရှိတဲ့ ရင်ခုန်သံတွေကို
အစာတွေ ကျွေးနေတဲ့ ခပ်ညံ့ညံ့ကောင် ..
တနေ့ .. ငါသေသွားရင်
နင့်မျက်မှန်လေး ငါယူသွားမယ်။ ။
ကြည်ဖြူ
30th Oct '04 (10:45 PM)
December 02, 2008
ကျိန်စာသင့်အလွမ်း
Posted by
Prizewai
at
12:06 PM
0
comments
November 25, 2008
ဖြစ်စဉ်
အိမ်မက်တချို့မက်နေတယ်။
အဲဒီမှာ မနက်ဖြန်ရှိတယ်။ တဘက်ခါရှိတယ်။
ကျောပိုးအိတ်တစ်လုံးလွယ်ထားတယ်။
အဲဒီမှာ မနေ့က နဲ့ တနေ့က ကိုထည့်ထားတယ်။
လမ်းတွေလျှောက်နေတယ်။
ဒီနေ့ဆိုတဲ့ မိုင်တိုင်မဆုံးမချင်း။
ခြေထောက်တွေလည်း မညောင်းတတ်ဘူး။
သယ်ရတာလည်း မလေးတတ်ဘူး။
အိမ်မက်တွေလည်း မငြီးငွေ့ဘူး။
တစ်ခုပဲ…
လမ်းတွေကတော့ ပျောက်တတ်တယ်။
Posted by
Prizewai
at
12:34 PM
1 comments
Current
ခုနောက်ပိုင်း blog တွေကို Google Reader နဲ့ပဲ ဖတ်ဖြစ်နေတယ်။ အကြောင်းက ရုံးမှာပဲ သုံးဖြစ်လို့ပါ။ အင်တာနက်ဆိုင်ကို သွားဖို့အချိန်မရှိတာလည်း တကြောင်းပါ။ Google reader နဲ့ဖတ်တော့ ဘာဖြစ်လဲ။ အိမ်အလည်တော့ ရောက်ပါရဲ့ အပေါက်ဝက ချောင်းပြီး ပြန်ထွက်လာသလိုပါပဲ။ comment လည်းရေးလို့မရဘူး။ cbox မှာလည်း နှုတ်ဆက်လို့မရဘူး။ ဘယ်တတ်နိုင်မလဲနော့။ ဖတ်လို့ရတာပဲ ကျေးဇူးတင်ရဦးမယ်။
Post တင်ရင်လည်း mail ကနေပဲ တင်ဖြစ်တော့တယ်။ ကိုယ့်အိမ်ထဲကိုယ် အိမ်ရှေ့က မ၀င်ဖြစ်တာတောင်ကြာပြီ။ အမြဲတမ်း နောက်ဖေးပေါက်ကချည်းဝင်နေရတယ်။
သူများအိမ်အလည် အရောက်နည်းတော့ ကိုယ့်အိမ်လည်း ဧည့်သည်ပါးရှားပါတယ်။ စိတ်ဝင်စားစရာ ပို့စ်ဆိုလို့လည်း မရှိသလောက်။ ဖုံတွေတက်လိုက်။ အားရင် ပြန်ခါလိုက်။ ဟောဒီခြောက်ကပ်ကပ်အိမ်လေးကပဲ ကျွန်မရဲ့ Dairy ဖြစ်ပါတယ်။ ခံစားမှုများ သိမ်းဆည်းရာ ဖြစ်ပါတယ်။ ကျွန်မအတွက်တော့ ဒီအိမ်လေးရဲ့တည်ရှိမှုဟာ အရေးပါလှပါတယ်။ ဒီအိမ်လေးအကြောင်းပြုပြီး ရခဲ့တဲ့ အသိမိတ်ဆွေတွေ၊ စိတ်ခံစားမှုတွေ။
ဘာပဲဖြစ်ဖြစ်ပါ ဒီလိုလေးသွားရင်းနဲ့ပဲ။
Posted by
Prizewai
at
12:33 PM
2
comments
November 21, 2008
Short Poem I like the most
စာမေးပွဲနီးလာပြီ။ ကျွန်မရဲ့အကျင့်က စပါပြီ။ စာမေးပွဲနီးလာတဲ့အချိန် စာတွေလည်း ကြည့်ဖို့ကျန်သေးတယ်။ ကြည့်ရင်လည်း အချိန်ရှိသေးတယ်။ ဘယ်တော့မှ စာမကျက်ချင်တဲ့အတွက် ကိုယ့်ကိုကိုယ်လိမ်တဲ့နည်းလမ်းကို သုံးတတ်ပါတယ်။ ညဘက်စာကျက်ချိန်မှာ တခြားဟာတွေ လုပ်ရမှာလည်း စိတ်မဖြောင့်။ ဟိုဟာလုပ်ရနိုး ဒီဟာလုပ်ရနိုး ဖြစ်မယ့်အစား ကိုယ့်ကိုကိုယ် ပင်ပန်းတယ် ဆိုပြီး လှိမ့်ပိန့်အိပ်တာပါပဲ။ ဒါကြောင့် စာမေးပွဲနီးရင် ကျွန်မ၀ ၀ လာတတ်တယ်။ အိပ်ချည်းနေတာကိုး။ ဒီနေ့လည်း ပြန်ရောက်ကတည်းက အိပ်နေတာ။ ခု တရေးနိုး မအိပ်ချင်တော့ဘူး။ ကျွန်မအကြိုက်ဆုံးစာအုပ်ဖြစ်တဲ့ မိကောက် ရဲ့ ကဗျာစာအုပ်ကို ပြန်ဖတ်တယ်။ အဲဒီထဲက အတိုဆုံးကဗျာလေးတွေကို ဝေမျှလိုက်ပါတယ်။
ဖြောင့်ချက်
စင်စစ်တော့
အချစ်ဟာ
မကောင်းဆိုးဝါးသာ
မကောင်းဆိုးဝါးဆိုတာ
ကံနိမ့်မှ တွေ့ရတာတဲ့။
တကယ်ဗျာ
ကျုပ် ကံနိမ့်ခဲ့ပါတယ်။ ။
*******************************
ခပ်ညံ့ညံ့
ဦးနှောက်ထဲက အမုန်း
နှလုံးသားထဲက အချစ်
ဘယ်ကဖြစ်မှန်းမသိတဲ့ သစ္စာ
ဘယ်မှာသွားပြီး လွှင့်ပစ်ရမှာလဲ။ ။
*******************************
နှစ်ကိုယ်ခွဲ
ဟားတိုက်လို့ ရယ်လိုက်ချင်ရဲ့
ရှိုက်ကြီးတငင်ငိုလိုက်ချင်ရဲ့
မမြင်ဖူးရင် ကြည့်ကြပါကွဲ့
ဟောဟိုမှာ … အချစ်တဲ့
လွှင့်ပစ်ခဲ့တဲ့ ပိုင်ရှင်ခမျာ
လေးလံလွန်းလို့ ဖြစ်မှာပါကွယ်။ ။
*******************************
အင်တာဗျူး
ဘာလုပ်တာလဲ
ဦးနှောက်ဖောက်စားတာ။
မြိန်ရဲ့လား
ဆား လုံးဝမပါ။
ဘာလိုသလဲ
အချိုမှုန့် ကဲနေတယ်။ ။
Posted by
Prizewai
at
8:53 AM
1 comments
November 20, 2008
အထက်တန်းကျောင်း နှင့် ကျွန်မ
(၆) အ.ထ.က၊ မော်လမြိုင်။ မော်လမြိုင်မြို့၊ စစ်ကဲကုန်းရပ်မှာတည်ရှိပြီး၊ မော်လမြိုင်မြို့မှာဆိုရင်တော့ အကျယ်ဆုံးကျောင်းပါပဲ။ အင်္ဂလိပ်ခေတ်က ကျောင်းဖြစ်လို့ တိုင်လုံးကြီးတွေနဲ့ ထုနဲ့ထည်နဲ့ပါ။ အဆောင်တွေနာမည်ကလည်း မြစိမ်းဆောင်၊ ပတ္တမြားဆောင်၊ သိင်္ဂီဆောင်၊ နီလာဆောင်၊ ပုလဲဆောင် စသည်ဖြင့်ပါ။ အတော်ဆုံးနဲ့ Top Ten စာရင်းဝင် ကျောင်းသားတွေ မွေးထုတ်ပေးတဲ့ ကျောင်းတစ်ကျောင်းလည်း ဖြစ်ပါတယ်။ ကျောင်းပိုင် ကျောင်းကြိုပို့ယာဉ်ရှိတဲ့ တစ်ခုတည်းသော ကျောင်းလည်းဖြစ်ပါတယ်။ မော်လမြိုင်ကကျောင်းတွေက မိန်းကလေးတွေဆိုရင် ၅တန်းလောက်ကျရင် ဆံပင်နှစ်ဖက်စည်းပြီး ဖဲကြိုးချည်ရပါတယ်။ ကျောင်းနဲ့လိုက်ပြီး ဖဲကြိုးအရောင်ကွဲပါတယ်။ ကျောင်းသူတစ်ယောက်ကိုမြင်ရင် သူ့ဖဲကြိုးကြည့်ပြီး ဘယ်ကျောင်းကလည်း တန်းသိနိုင်ပါတယ်။ ကျွန်မတို့ အမှတ်(၆)ကတော့ ဖဲကြိုးအနီရောင်ပါ။
သူငယ်တန်းကနေဆယ်တန်းအထိ (1990 ကနေ 2001) ကျွန်မရဲ့ မှတ်ဥာဏ်ထဲက အမှတ်ရစရာ အားလုံးဟာ အဲဒီကျောင်းမှာ ရှိနေခဲ့တာပါ။ ကျွန်မတို့အိမ်နဲ့ ကျောင်းဟာ ဝေးတယ်ပြောလို့ရတဲ့ အကွာအဝေးမှာ ရှိပါတယ်။ ကျွန်မတို့မောင်နှမအားလုံးက ကျောင်းက ကျောင်းကားနဲ့ပဲ ကျောင်းတက်ခဲ့ကြပါတယ်။ 5611၊ 3828၊ ပေါင်မုန့်ကား ကားသုံးစီးရှိတဲ့အထဲက ကျွန်မတို့က 3828 ဆိုတဲ့ကျောင်းကားရဲ့ ပထမခေါက်မှာ စီးရပါတယ်။ မနက် 7နာရီခွဲဆို ကျောင်းကားက အိမ်ရှေ့ရောက်ပြီ။ 9နာရီတက်မယ့်ကျောင်းကို ကျွန်မတို့က 8နာရီကျော်ကျော်မှာ ရောက်တဲ့အတွက် အမြဲတမ်း ကစားချိန်အများကြီးရခဲ့ပါတယ်။
အဆောင်တွေက တစ်ဆောင်နဲ့ တစ်ဆောင် ဝေးတယ်။ ကျယ်တယ်။ ဒီတော့နေ့လည်ထမင်းစားလွှတ်ချိန်တွေမှာ အဆောင်ပတ်တမ်းကစားခဲ့တာလည်း အမှတ်ရစရာတစ်ခုပါပဲ။ နောက်တခုက အတန်းမတက်ချင်တဲ့အချိန်မျိုးတွေမှာ ဟိုဆရာမခိုင်းလို့ ဟိုဘက်အဆောင်သွားရသလိုလို ဒီဆရာမခိုင်းလို့ ဒီဘက်အဆောင်သွားရသလိုလို လုပ်လိုက်ရင်လည်း စာသင်ချိန်တ၀က်လောက် ပြေးလို့ရတာ သတိရသေးတယ်။
ကျွန်မအချစ်ဆုံး ဆရာမတွေ၊ ခုချိန်ထိကို ကျွန်မအနားမှာရှိနေသေးတဲ့ အချစ်ဆုံးသူငယ်ချင်းတွေ။ သူပေးခဲ့တဲ့ လက်ဆောင်တွေထဲကတချို့ပေါ့။
Posted by
Prizewai
at
9:42 AM
1 comments
ဆိုင်ကယ် နှင့် ကျွန်မ
ဆိုင်ကယ်ဆိုရင် ကိုယ့်ဘာသာစီးတတ်အောင် သင်ဖို့တခါမှ မစဉ်းစားဖူးဘူး။ အဖေ၊ အစ်ကိုနှစ်ယောက်နဲ့တင် ကျွန်မအတွက် သွားဖို့လာဖို့ အဆင်ပြေနေပါပြီ။
ကျွန်မပိစိကလေးတုန်းကတော့ အဖေ့ဆိုင်ကယ်ကို ကျွန်မတို့ မိသားစု ၅ ယောက်လုံးစီးကြတာလေ။ အဖေကရှေ့က၊ အမေကနောက်က၊ ကိုကိုကြီးက နှစ်ယောက်ကြားမှာ၊ ကိုကိုငယ်က အဖေ့ရှေ့မှာ၊ ကျွန်မက အမေ့ပေါင်ပေါ်မှာပေါ့။ အဲဒါကတော်တော်ငယ်တုန်းကပါ။ နောက်တော့ အဲဒီလိုဘယ်ရတော့မလဲ။
ခုချိန်ထိတော့ ဆိုင်ကယ်ဆိုရင် အဖေ့နောက်က လိုက်စီးရမှ လုံခြုံတယ်လို့ထင်တာပဲ။ ကိုကိုငယ် ဆိုင်ကယ်စီးတတ်လာတော့လည်း ကျွန်မကအလိုလို ဆိုင်ကယ်နောက်ရောက်ရတာပါပဲ။ စက်ဘီးနဲ့တုန်းက ကိုကိုကြီးနောက် တခါမှ မစီးဖူးလိုက်ပေမယ့် ဆိုင်ကယ်နဲ့ကျတော့ အခါခါစီးဖူးခဲ့ပါတယ်။ ကိုကိုကြီးက ဆိုင်ကယ်မောင်းရင် သီချင်းဆိုတတ်တယ်။ ကိုကိုငယ်ကျတော့ ကျွန်မပြောသမျှစကားကိုပဲ နားထောင်နေတတ်တယ်။
တက္ကသိုလ် တတိယနှစ်ရောက်မှသာ သူငယ်ချင်းတွေနောက် လိုက်စီးဖူးတယ်။ မှတ်မှတ်ရရ ပထမဆုံးက ချိုမာ ပါ။ သူက မွတ်ဆလင်ဖြစ်ပြီး၊ မွတ်ဆလင်လိုသာ ၀တ်ပါတယ်။ ခေါင်းမှာလည်း ပ၀ါခြုံတယ်။ အဲဒီတုန်းက ကျောင်းကိစ္စအတွက် သွားဖို့ဖြစ်လာတော့ မိန်းကလေးဆိုလို့ ကျွန်မနဲ့ ချိုမာ နှစ်ယောက်ပဲ။ ချိုမာက ဆိုင်ကယ်စီးလာရော၊ ကျွန်မအတွက်ရွေးစရာမရှိ တခါတည်း သူ့ဆိုင်ကယ်နောက်သာ လိုက်ရတော့တာပေါ့။ သတိအရဆုံးကတော့ သူ့ခေါင်းကပ၀ါနှစ်စက ကျွန်မမျက်နှာကို အမြဲလာရိုက်နေတာပါပဲ။ ကျွန်မ ကမ်းနားလမ်းက သွားချင်တယ်ဆိုတော့လည်း သူ့ခမျာ ပတ်ပြီးမောင်းပေးပါသေးတယ်။ ခုတော့ သူလည်း ဒီလောကကြီးမှာ မရှိတော့ဘူး။ အရင်ဆုံးခွဲသွားခဲ့ပြီ။ ဆိုင်ကယ်မြင်ရင် သတိရတတ်တဲ့အထဲမှာ ချိုမာလည်း ထိပ်ဆုံးက ပါပါတယ်။
Posted by
Prizewai
at
9:40 AM
0
comments
November 15, 2008
Announment
2008 တစ်နှစ်ကုန်တော့မယ်။ အနောက်ကိုပြန်လှည့်ကြည့်တော့ အမှတ်ရစရာချည်းပဲ။ အမှတ်တရအနေနဲ့ ကျွန်မနှင့်.... ဆိုပြီး အတွဲလိုက် တင်ဖို့စိတ်ကူးထားပါတယ်။ စိတ်ဝင်စားရင် လာဖတ်ကြပါဦးလို့။
Posted by
Prizewai
at
12:22 PM
1 comments
November 13, 2008
စက်ဘီးနှင့် ကျွန်မ
ဟိုနားသွား ဒီနားသွား ဘာစီးသွားမလဲ။ ခုချိန် ကျွန်မကတော့ ကိုယ့်ခြေထောက်ကိုယ်သုံးရတာ အကြိုက်ဆုံး။ (ကားတိုးစီးရတာ စိတ်ညစ်တာလဲ ပါပါတယ်။)
ကျွန်မတို့ငယ်ငယ် နယ်မှာနေတော့ လိုင်းကားထက်စာရင် စက်ဘီးနဲ့ပိုရင်းနှီးခဲ့တယ်။ နောက် ဆိုင်ကယ်ခေတ်စားလာတော့ ဆိုင်ကယ်ပေါ့။ ကျွန်မ ၅ တန်းလောက်ကတည်းက စက်ဘီးစီးသင်ခဲ့ပါတယ်။ ဘောလုံးကွင်းထဲပတ်ပြီး ကောင်းကောင်းစီးတတ်ပေမယ့် လမ်းပေါ်မှာတော့ မစီးရဲဘူးလေ။ ဘေးကနေ ကားလာရင် ဘာလုပ်ရမှန်းမသိဖြစ်တာရယ်၊ ကွေ့တော့မယ်ဆို မကွေ့တတ်တာရယ်နဲ့ ဘယ်တော့မှ ကိုယ့်ဘာသာ စက်ဘီးစီးပြီး မသွားပါဘူး။ အဲဒီလို ကျွန်မကို ဘယ်သွားချင်ချင် စက်ဘီးတစ်စီးနဲ့ တင်သွားတတ်တာ ကျွန်မရဲ့ အစ်ကိုငယ်ပါ။ စာအုပ်ဆိုင်၊ သူငယ်ချင်းအိမ် စတာတွေကို သွားချင်ရင် ချက်ချင်း မညည်းမညူပို့ပေးခဲ့တာပါပဲ။ ကိုယ့်ဘာသာ စီးတတ်တာပဲ စီးသွားပါလား ဆိုလည်း ဘယ်တော့မှ မစီးပါဘူး။ သူများနောက် ထိုင်လိုက်ရတာပဲ ကြိုက်တယ်လေ။ နောက်ကစီးရင်လည်း ခုန်မတက်တက်ပြန်ဘူး။ ကျွန်မနောက်ထိုင်ခုံမှာ နေသားတကျ ထိုင်ပြီးမှ စက်ဘီးထွက်ခွင့်ရမယ်။ မှတ်မှတ်ရရတော့ စက်ဘီးနဲ့ဆိုရင် ကိုကိုငယ်နောက်ကလွဲရင် ဘယ်သူ့နောက်မှမစီးဘူးပါဘူး။ ကိုယ့်ဘာသာတော့ တစ်ခါစီးဖူးသေးတယ်။ သူငယ်ချင်းရှိတဲ့ အပေါင်မြို့ကို သွားလည်ရင်း အဲဒီနားတ၀ိုက်က ဘုရားကိုသွားဖူးတုန်းကပါ။ အဲဒီတုန်းက စက်ဘီးဆိုတာ မစီးတာလည်းကြာ၊ သူများနောက်ကလည်း မစီးရဲတာကြောင့် ကိုယ့်ဘာသာ တစ်စီးစီးမယ်ဆိုပြီးတက်စီးတာ။ ကိုယ့်ဘာသာတော့ မဆိုးဘူးထင်တာပဲ။ သူငယ်ချင်းတွေကတော့ ပြောကြတယ်။ နင့်စက်ဘီးက တည့်တည့်သွားတာမှ မဟုတ်တာတဲ့။ ဟိုယိုင် ဒီယိုင်နဲ့ပဲ။ ဘာပဲဖြစ်ဖြစ်ပေါ့။ အဲဒီတစ်ခေါက်က အဝေးဆုံး ကားလမ်းမပေါ်စက်ဘီးစီးဖူးတာလေ။
to continue .. ဆိုင်ကယ် နှင့် ကျွန်မ
Posted by
Prizewai
at
1:32 PM
2
comments
တန်ဆောင်မုန်းလပြည့်နေ့
ခုတလော မနက်ခင်းတွေမှာ အရှေ့လေတိုက်လို့ ဆောင်းကို ချဉ်းကပ်ကြောင်း သရုပ်ပြလာတယ်။ တန်ဆောင်မုန်းလပြည့်နီးလို့ တန်ဆောင်တိုင်ပွဲတော် ရောက်တော့မယ်။ တောင်ကြီးမြို့ရဲ့ မီးပုံးပျံပွဲ၊ ပြင်ဦးလွင် မီးပုံပျံပွဲ၊ အစရှိတဲ့ ထင်ရှားတဲ့ တန်ဆောင်တိုင်ပွဲတွေလိုမျိုးပဲ မြန်မာပြည်ရဲ့ မြို့တိုင်းလိုလိုမှာ သူ့ထုံးစံနဲ့သူ စည်ကားနေကြတော့မယ်။ ကျွန်မတို့ရဲ့ မော်လမြိုင်မြို့လေးမှာလည်း ဒီအချိန် ………..
မော်လမြိုင်မြို့မှာတော့ ဘုရား၊ စေတီတော်တော်များများဟာ တောင်ရိုးတန်းလို့ခေါ်တဲ့ တောင်တန်းတစ်လျှောက်မှာ တစုတဝေးတည်း တည်ရှိပါတယ်။ ကျိုက်သန်လန်ဘုရား၊ ဦးဇိနဘုရား စတာတွေအပြင် View Point လို့ခေါ်တဲ့ တစ်မြို့လုံးကို အပေါ်စီးက လှမ်းမြင်နိုင်တဲ့ နေရာလည်း ရှိပါတယ်။ တန်ဆောင်မုန်းလပြည့်နေ့ဆိုရင် မနက်အစောကြီး သံလွင်မြစ်ကြောတစ်လျှောက် မြစ်ဆိပ်ရှိရင် ရှိတဲ့နေရာအားလုံးမှာ ဆွမ်းအိုးမျှောပွဲတွေရှိကြပါတယ်။ ဆွမ်းအိုးမျှောပွဲဆိုတာကတော့ မြေသပိတ်လေးတွေမှာ ထမင်း၊ မုန့်မျိုးစုံ၊ ဖယောင်းတိုင် စတာတွေကိုထည့်ပြီး၊ မြစ်ကြောင်းတလျှောက် မျှောကြတာပါ။ မနက် ၃နာရီလောက်ကတည်းက အိမ်ကနေ ဆွမ်းအိုးပြင်ဆင်ပြီး ဆွမ်းအိုးမျှောတဲ့ နေရာကိုလမ်းလျှောက်သွားကြတဲ့လူတွေနဲ့ တစ်မြို့လုံး သက်ဝင်လှုပ်ရှားနေလေ့ရှိပါတယ်။ ဆွမ်းအိုးမျှောတဲ့ မြစ်ဆိပ်တွေမှာလည်း မုန့်ဟင်းခါး၊ ကြာဇံဟင်းခါး၊ ဆန်ပြုတ် စတုတီသာမဏ္ဍပ်တွေလည်း ရှိပါသေးတယ်။ ဆွမ်းအိုးမျှောပြီးတဲ့အခါ အဖွဲ့လိုက် တောင်ရိုးတန်းလျှောက်ကြမယ်။ တစ်မြို့လုံး ဘယ်နေရာကတက်တက် တောင်ပေါ်ကို ဖြတ်တက်စရာ လမ်းတွေကနေတဆင့် တောင်ပေါ်တက်ကြတယ်။ ဘုရားတစ်ဆူဖူး၊ ပြန်ထွက် နောက်တစ်ဆူရောက်၊ ၀င်လိုက်၊ ထွက်လိုက်နဲ့ မမောနိုင်မပန်းနိုင်ပါပဲ။ ညဘက်မှာတော့ တောင်ပေါ်မှာရှိတဲ့ ကျိုက်သန်လန်ဘုရားပွဲ၊ မြို့ထဲမှာဆိုရင် ကျိုက်သုတ်ဘုရားပွဲနဲ့ စည်ကားနေပါတော့မယ်။ ညနေစောင်း ဘုရားပွဲလျှောက်ကြမယ်။ ချားစီးဖို့ တန်းစီရမယ်။ ကျိုက်သုတ်ဘုရားပေါ်မှာကတော့ ယက်ကန်းပြိုင်ပွဲလည်း ရှိပါတယ်။ ကံစမ်းမဲ အစီအစဉ်လည်း ရှိတတ်ပါတယ်။
ကျွန်မတို့ငယ်ငယ်ကတော့ တောင်ရိုးတန်းလျှောက်တာရော၊ ဘုရားပွဲသွားတာရော လမ်းလျှောက်သူသာများပါတယ်။ ဒီဘက်နှစ်တွေမှာတော့ ဆိုင်ကယ်တွေများလာတာနဲ့အမျှ လမ်းလျှောက်သူတွေအပြင် ဆိုင်ကယ်တွေနဲ့ပါ သွားလာကြပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီအချိန် စည်ကားနေတော့မယ်။
Posted by
Prizewai
at
12:39 PM
0
comments
November 09, 2008
ခံစစ်
လက်ရည်လည်း မတူနိုင်ဘူး
သူ့လက်နက်လည်း ကြိုမသိဘူး
အလံဖြူလည်း ပြထားပါတယ်။
စိတ်ထားကောင်းရင် ကံကောင်းတယ် တဲ့
ဒီအဆောင်လေးလည်း ဆောင်ထားပါတယ်။
မနိုင် နိုင်ပါဘူး။
လဲမကျသေးသမျှ ဟန်ကိုယ်ဖို့
ခါးလေးတော့ ထောက်ထားတယ်။
Posted by
Prizewai
at
12:57 PM
3
comments