Loss
December 31, 2008
Profit & Loss for year 2008
Loss
Posted by Prizewai at 5:40 PM 1 comments
December 30, 2008
စောင့်ဆိုင်းခြင်း
အဲဒီနေ့က မှတ်မှတ်ရရ တကယ့်ကို သာယာတဲ့ ရာသီဥတုပါ။
အဲဒီနေ့က ကျွန်မတို့အတန်းရဲ့Ferryကလည်း ထုံးစံအတိုင်း သူများFerryထက် နောက်ကျပြီးလာတယ်။ သူငယ်ချင်းတွေကလည်း ပုံမှန်အတိုင်း ကျောင်းတက်တယ်။ အားလုံးလည်း ပုံမှန်အတိုင်း ပျော်ပျော်ရွှင်ရွှင်ပါပဲ။ Ferry ကားကလည်း မော်လမြိုင် ကွန်ပျူတာကောလိပ်ဝင်းထဲကို ပုံမှန်အတိုင်း ခပ်ဖြည်းဖြည်းဝင်လာတယ်။ ကျွန်မတို့ ဒုတိယနှစ် စာသင်ခန်းရှေ့မှာ ပုံမှန်အတိုင်းရပ်တယ်။ ပုံမှန်အတိုင်း ကားပေါ်ကနေ ခုန်ပေါက်ဆင်းကြတယ်။ ဟော မုဒုံဘက်ကလာတဲ့ ကျောင်းကားလည်း ရောက်နေပြီ။ ဒါဆို အတန်းထဲမှာ မုဒုံနဲ့ဖားအောက်က ကျောင်းသားတွေရောက်နေတာ သေချာပြီ။
ကျွန်မအတန်းထဲကို လှမ်းအ၀င် "ဂျက် ခဏလောက်" တဲ့။ အိုကေ။ လွယ်အိတ်သွားထားဦးမယ်။ ပြန်ထွက်လာမယ်။ ဒီနေ့ပထမဆုံးအတန်းချိန်က Teacherကြီး အချိန်ပါ။ ထုံးစံအတိုင်း Teacherကြီးက နောက်ကျမှာ သေချာပါတယ်။ အတန်းထဲမှာတော့ ထမင်းစားတဲ့သူနဲ့ စကားပြောတဲ့သူနဲ့ ထုံးစံအတိုင်း လှုပ်လှုပ်ရှားရှားပါ။ ဟိုဘက်အဆောင်ရော၊ ဒီဘက်အဆောင်ရော စာသင်နေကြပြီ။ ကော်ရစ်ဒါတွေရော၊ လမ်းမှာရော ကျောင်းသားတွေမရှိတော့ပါ။
ကျွန်မတို့ အတန်းရဲ့ ကော်ရစ်ဒါထောင့်ချိုးကို လာခဲ့ပါတယ်။ သူ့မျက်နှာကလည်း ထုံးစံအတိုင်း ခပ်ပုပ်ပုပ်နဲ့ပါ။ ကျွန်မစိတ်ကလည်း ထုံးစံအတိုင်း ခပ်မြူးမြူးနဲ့ ခပ်ရှင်းရှင်းပါပဲ။ "ဂျက် ငါသွားရတော့မယ်" သူ့ထုံးစံအတိုင်း ခပ်ပြတ်ပြတ်ပြောပါတယ်။ ကျွန်မထုံးစံအတိုင်း သူဘာပြောမှန်းနားမလည်ပါဘူး။ "ငါ့ကို နင် 10နှစ် စောင့်မလား။ နောက် 10နှစ်ကျရင် ငါပြန်လာခဲ့မယ်။" ဒီတခါတော့ သူ့မျက်နှာ အနေအထားအရရော လေသံအရပါ ကျွန်မနည်းနည်း လန့်သွားပါတယ်။ ဘာဖြစ်လို့လဲလို့ သူ့ကိုပြန်မေးကြည့်ဖြစ်ခဲ့မှာ သေချာပါတယ်။ ဘုရားရေ သူ့မျက်လုံးထဲမှာ မျက်ရည်တွေများလား။ "နင် ငါ့ကို စောင့်နိုင်လား"တဲ့။ ကျွန်မ ခေါင်းသာခါလိုက်မိပါတယ်။ သူ ကျွန်မကို သေသေချာချာစိုက်ကြည့်နေတယ်။ ပြီးတော့မှ "မစောင့်နိုင်တာလား။ မစောင့်ချင်တာလား။" ။ ဒီတခါလည်း ကျွန်မခေါင်းခါလိုက်မိပြန်ပါတယ်။ သူ ကျွန်မကို မကြည့်တော့ပါဘူး။ ကော်ရစ်ဒါရဲ့ လက်ရန်းကိုသာ မမှိတ်မသုန်ကြည့်နေပါတယ်။ ကျွန်မကသာ သူ့ကို ကြည့်နေခဲ့ပါတယ်။
အဲဒီအချိန်မှာပဲ အတန်းဝင်ဖို့ Teacherကြီးလာနေတာကို လှမ်းမြင်ရပါတယ်။ ကျွန်မလည်း အတန်းထဲ ပြန်ဝင်လာပြီး၊ သူကတော့ Teacherကြီးဆီသွားပြီး တခုခု ပြောနေတာ တွေ့ပါတယ်။ ကျွန်မလည်း ထုံးစံအတိုင်း အတန်းချိန်တွေတစ်ချိန်ပြီးတစ်ချိန်တက်တယ်။ ထုံးစံအတိုင်း အိမ်ပြန်ရောက်တယ်။ အရာအားလုံးဟာ ထုံးစံအတိုင်းပါပဲ။
အဲဒီနောက်ပိုင်းတော့ ထုံးစံအတိုင်း ရက်တွေတစ်ရက်ပြီးတစ်ရက်လွန်တယ်။ လတွေတစ်လပြီးတစ်လပြောင်းတယ်။ နှစ်တွေကိုပါခေါ်ပြီး ကျွန်မလည်း အသက်တွေ တစ်နှစ်ပြီးတစ်နှစ်ကြီးလာခဲ့ပါတယ်။ သူပြောတဲ့ စောင့်ဆိုင်းခြင်းဆိုတဲ့ အရာကိုတော့ ခုထိနားမလည်ခဲ့ပါဘူး။
Posted by Prizewai at 12:04 PM 0 comments
December 27, 2008
နေရင်းထိုင်ရင်း
တကယ့်ကို နေရင်းထိုင်ရင်းပါ။
အဲဒီကြိုးကိုသွားဆွဲမိတာ။
နေရင်းထိုင်ရင်း
အိမ်မက်တွေရှည်ဦးမယ်။
နေရင်းထိုင်ရင်း
သတိရမှုတွေပိုဦးမယ်။
နေရင်းထိုင်ရင်း
ငေး ငေးကြည့်ရဦးမယ်။
နေရင်းထိုင်ရင်း
သိမ်ငယ်ရဦးမယ်။
နေရင်းထိုင်ရင်း
ကျဆိမ့်တွေသောက်ဖြစ်ဦးမယ်။
နောက်ဆုံးကျ …
နေရင်းထိုင်ရင်း
ဒဏ်ရာတစ်ခုတိုးဦးမယ်။Posted by Prizewai at 8:06 PM 1 comments
December 25, 2008
25th Dec 2008
My Web My Style ဆိုတဲ့ပြိုင်ပွဲ၊ ပြပွဲလေးကို ဒီနေ့ MICT မှာပြုလုပ်ခဲ့ပါတယ်။ ကိုဘလာဂေါက်ဦးစီးတဲ့ တကိုယ်ရေအင်တာနက်စာမျက်နှာများပြပွဲဆိုတာပါ။ ပြိုင်ပွဲဝင်ဆိုဒ်တွေထဲက နောက်ဆုံး စကာတင်ဆိုဒ် 15ခုကို ပြထားပြီး ပရိသတ်တွေရဲ့မဲစနစ်နဲ့ဆုပေးပါတယ်။ ပရိသတ်အကြိုက်ဆုံးဆုရသွားသူကတော့ ကိုမျက်လုံး၊ ဒုတိယက ကိုမောင်လှ၊ တတိယက 969 က မောင်ခပါ။ ပွဲအကြောင်းကိုတော့ မယမင်းရဲ့ ရွှေမြန်မာ မှာလည်းဖတ်ကြည့်နိုင်ပါတယ်။
အဓိကရေးချင်တာက ဒီနေ့အရမ်းပျော်တဲ့အကြောင်းပါ။
တခါမှမတွေ့ဘူးသေးတဲ့ mysteryzillion ကလူတွေကိုနဲ့လည်း ဆုံရတွေ့ရတယ်။ ဓါတ်ပုံတွေရိုက်ရတယ်။
နောက် 969 ကမောင်လေးနှစ်ယောက်ဆီက စက္ကူအရုပ်လေးရခဲ့တယ်။ (အင်း လုခဲ့တယ် ဆိုပိုမှန်မလား။) ဒီနေ့အတွက်တော့ အဲဒါအပျော်ဆုံးပဲ။ မနက်ပွဲစကတည်းက အဲဒီအရုပ်ကလေးကို သဘောကျနေတာလေ။ တောင်းရမှာအားနာလို့။ နောက်ဆုံးတော့ လက်ကမချတာနဲ့ ပေးလိုက်ကြတာဖြစ်မှာပါ။ ဘာဖြစ်ဖြစ် သိပ်ဝမ်းသာပါတယ်။ (thz nanda and maung kha)
နောက်မယမင်းနဲ့ လမ်းတွေလျှောက်လိုက်ကြတာ Christmas Walking ပါပဲ။ မှတ်မှတ်ရရ ပေါ့။
Posted by Prizewai at 9:29 PM 2 comments
December 23, 2008
Current
အကြိုက်ဆုံး၊ သဘောအကျဆုံးအချိန်၊
နှစ်တစ်နှစ်ကုန်ပြန်ဦးမယ်။
အေးတယ်။ ခံစားချက်တွေရော။ အားလုံး။
ဝိုင်းဝိုင်းရဲ့ အိမ်လွမ်းသူ သီချင်းပဲ နားထဲကြားယောင်တယ်။
Posted by Prizewai at 12:41 PM 0 comments
December 15, 2008
ဂန္တ၀င်စကား
စီးရီးအသစ်မထွက်တာကြာပြီဖြစ်တဲ့ သျှီ ရဲ့ ဂန္တ၀င်စကား ဆိုတဲ့စီးရီးထွက်ရှိခဲ့ပါတယ်။ သီချင်း ၁၃ ပုဒ်ပါပါတယ်။
01 သင့်ကမ္ဘာ
02 ငါ့အသဲနှလုံးမင်းယူပါ
03 ဂန္တ၀င်စကား
04 တို့လာတယ်
05 မသေသောရော့ခ်
06 အိမ်မက်ဆိုး
07 အဆုံးသတ်အဝေး
08 ဇာတ်ကောင်
09 ငါဒုတိယအကြိမ်သေတယ်
10 မနက်ကိုနမ်းပါ
11 အိမ်ပြေးသူ
12 ခါးတဲ့သင်ခန်းစာ
13 ငြိမ်းချမ်းခြင်းသို့
သျှီရဲ့ထုံးစံအတိုင်း သူမပုံစံအတိုင်းသီချင်းတွေပါပဲ။ သူမရဲ့ အသံနဲ့ လိုက်ဖက်တဲ့ စကားလုံးခံ့ခံ့ညားညားတွေနဲ့ပေါ့။
မသေသောရော့ခ် ကတော့ တခါကရော့အင်ရိုး ကိုသတိရစေပါတယ်။
အချစ်ကခါးသက်တယ် ဆိုတဲ့အကြောင်းလေးကိုဆိုထားတဲ့ အဆုံးသတ်အဝေး ကတော့ အကြိုက်ဆုံးပါ။
ဇာတ်ကောင် ကလည်း တော်တော်လေးကိုမိုက်တဲ့ သီချင်းပါ။ ဘ၀ဆိုတာကို ခပ်မိုက်မိုက်သီဆိုထားတာပါ။
….မင်းနဲ့ဝေးမယ့် လမ်းရွေးရင်းနဲ့ မင်းရဲ့ အနားပြန်ပြန်ရောက်…. ဆိုတဲ့ ငါဒုတိယအကြိမ်သေတယ် ကလည်း ခဏခဏသေဖူးတဲ့လူတွေ ကြိုက်ကြမှာပါ။
မနက်ကိုနမ်းပါ ကတော့ အားသစ်တွေဖြစ်စေမယ့် သီချင်းတစ်ပုဒ်ပေါ့။
ခါးတဲ့သင်ခန်းစာ ကလည်းနားဝင်လွယ်တဲ့ သီချင်းပုံစံလေးပါပဲ။
နောက်ဆုံးသီချင်းဖြစ်တဲ့ ငြိမ်းချမ်းခြင်းသို့ ကတော့ ဆုတောင်းပုံစံသီချင်းလေးပါ။
သီချင်း ၁၃ ပုဒ်လုံးကတော့ သျှီကို မျှော်လင့်နေသူတွေအားလုံးကျေနပ်စေမယ့် သီချင်းတွေပါပဲ။ အကြာကြီး စောင့်ရကျိုးနပ်မှာပါ။
Posted by Prizewai at 12:34 PM 0 comments
BOB ခံစားမှု
ကျွန်မတို့ရဲ့ Hero လေးဖြူ ရဲ့ ဘင်္ဂလားပင်လယ်အော် ဆိုတဲ့ တေးစီးရီးအသစ်ထွက်ရှိခဲ့ပါပြီ။ တေးရေးတွေကတော့ မောင်မောင်ဇော်လတ်၊ ရယ်ဂျီ၊ လင်းလင်း နဲ့ နောနော် တို့ ဖြစ်ပါတယ်။ ပါဝင်တဲ့သီချင်းတွေကတော့ -
01 တစ်ယောက်ထဲနဲ့
02 ငါ့ရဲ့လမင်း
03 ၀ိရောဓိ
04 အလဲအကွဲ
05 ကစဥ့်ကလျားသီအိုရီ
06 ပြန်ခဲ့ပါ
07 သံယောဇဉ်
08 မိုးတိမ်ထဲဝဲ
09 မလုပ်နဲ့
10 အရင်လိုပါပဲ
11 အလွမ်း
12 ဒါလီနေ့
13 စာမျက်နှာ ၁၅
ကောင်းမကောင်းက ပြောစရာကိုမလိုပါဘူး။ နားထောင်ပြီးကြပြီး ဖြစ်မှာပါ။
ကျွန်မအတွက်ကတော့ အကြိုက်ဆုံးက အလဲအကွဲ။ စိတ်နာနာနဲ့ ဆိုလိုကောင်းမယ့် သီချင်းမျိုးပေါ့။
နောက် သံယောဇဉ်။ ခပ်မြုးမြူးနဲ့ show ပွဲမှာ ဆိုလို့ကောင်းမယ်ထင်တယ်။
စိတ်ခံစားမှုနဲ့ အတိုက်ဆိုင်ဆုံးကတော့ အရင်လိုပါပဲ။ ………………ဒီကမ္ဘာမှာ ငါ့အတွက်က မျှော်လင့်သမျှဟာ နောက်ဆုံးမှာ သူ့အတိုင်းသာ လွင့်ပြယ်ပျောက်ကာ သွားရင်း……….… ။ နေ့တိုင်းနားထောင်ဖြစ်မယ့် သီချင်းတစ်ပုဒ်ပါပဲ။
နောက်ဆုံးတစ်ပုဒ်ကလည်း တော်တော်လေးကို ကြိုက်ပါတယ်။ စာမျက်နှာ ၁၅။ …….ဘယ်ဆီကိုမင်းရောက်နေမလဲ ဘာတွေကိုမင်းလုပ်နေမလဲ။ ဘယ်သူနဲ့မင်းရှိနေမလဲ။ တွေးမိပါတယ်။ လွမ်းမောရင်းနဲ့ စဉ်းစားရင်းနဲ့ သတိရပါတယ်…………..
ကဲ နားမထောင်ရသေးတဲ့သူ ရှိရင်လည်း နားထောင်ကြည့်ပါဦး။
Posted by Prizewai at 12:32 PM 2 comments
Love and Me
အချစ်။ ပိုင်ဆိုင်ခြင်း၊ စွန့်လွှတ်အနစ်နာခံခြင်း၊ ပေးဆပ်ခြင်း၊ ရယူခြင်း၊ အဓိပ္ပါယ်ပေါင်းများစွာ။ ကျွန်မအတွက်တော့ အချစ်ဆိုတာ ခပ်ဝေးဝေးက ကြယ်တစ်ပွင့်သာ ဖြစ်ပါသည်။
ဆယ်ကျော်သက်အချိန်မှာ ကြုံဆုံခဲ့ရတဲ့ အချစ်တွေဟာ ရင်ခုန်စရာအကောင်းဆုံး၊ အဖြူစင်ဆုံး၊ မမေ့နိုင်ဆုံး၊ တန်ဖိုးအရှိဆုံးလို့ ဆိုစမှတ်ရှိကြပါသည်။ ကျွန်မအတွက်ရော.. အဲဒီအချိန်က ကျွန်မဘာလုပ်နေခဲ့ပါလိမ့်။ ရင်ခုန်သယောင် ရှိဖူးကောင်းရှိဖူးခဲ့လိမ့်မည်။ သေချာတာကတော့ ၀မ်းနည်းစရာကောင်းလှစွာ ကျွန်မမှာ အမှတ်ရစရာ ဆယ်ကျော်သက်ဇာတ်လမ်းမျိုးရှိမနေပါ။
တော်ရုံတန်ရုံ အစွမ်းအစလောက်နဲ့ အချစ်ဆိုသော အရာသည် ကဗျာများ၊ စာများ၊ သီချင်းများ၊ နေရာတိုင်းတွင် နေရာယူနိုင်မည်မဟုတ်ပါ။ အမှန်တကယ်အစွမ်းထက်မည်မှာ သေချာပါသည်။ ထိုအချစ်ကြောင့်ပင် အောင်မြင်တတ်ကြသည်။ ထိုအချစ်ကြောင့်ပင် ကျရှုံးတတ်ပါသေးသည်။ အဆိုများအရ ချိုမြိန်မှု၊ ခါးသီးမှု၊ ပျော်ရွှင်မှု၊ နာကျင်မှု ဆန့်ကျင်ဘက်အရသာ တော်တော်များများကို ပေးစွမ်းတတ်ပါသေးသည်။ အချစ်ဆိုတာ ဘ၀တစ်ခုလုံးမဟုတ်ပေမယ့် အရေးကြီးဆုံး အစိတ်အပိုင်းထဲတွင် ပါဝင်မည်မှာသေချာပါသည်။
မည်သို့ပင်ဆိုစေ ကျွန်မအတွက်ကတော့ အချစ်ဆိုသည်မှာ အနားပင် မသီနိုင်သော အရာမျှသာဖြစ်ပါသည်။ ရင်ခုန်ခြင်း၊ လွမ်းမောခြင်း အစရှိတဲ့ ခံစားချက်အားလုံးသည် အချစ်ဆိုသောအရာနှင့်တွဲဖက်ပစ္စည်းများဖြစ်သည်ဟု ဆိုသော်လည်း ကျွန်မအတွက် အချစ်နဲ့ တွဲလျက်ပါသည်က တစ်မျိုးတည်းသာ ရှိပါသည်။ ထိုအရာသည် ငေးကြည့်ခြင်းသာဖြစ်ပါသည်။ အချစ်ကို ကျွန်မအနားရောက်လာစေရန် မဖိတ်ခေါ်ဖူးပါ။ သူ့အလိုအလျောက်လည်း တံခါးလာမခေါက်ဖူးပါ။ သူဘာသာနေ၍ ကျွန်မဘာသာ ဝေးဝေးက ငေးကြည့်ခြင်းသာ ဖြစ်ပါသည်။ အားကျစွာဖြင့်လည်း ငေးကြည့်ဖူးပါသည်။ စိတ်ပျက်လက်ပျက်ဖြင့်လည်း ငေးကြည့်ဖူးပါသည်။ ငေးကြည့်ရုံမှတပါး ဘာကိုမှ မလုပ်ချင်ပါ။ ယခုအတိုင်းသာ ငေးရုံငေးချင်ပါသည်။
ထို့ကြောင့် ကျွန်မအတွက် အချစ်သည် ခပ်ဝေးဝေးတွင် တောက်ပနေသော ကြယ်တစ်ပွင့်သာ ဖြစ်ပါသည်။
Posted by Prizewai at 12:31 PM 0 comments
December 08, 2008
မင်းအဝေးကိုထွက်သွားတဲ့အခါ.......................
/* အရမ်းစိတ်ဆင်းရဲနေမယ့် ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်းလေးရဲ့ကဗျာပါ။ ဘယ်သူ့အတွက်ရည်ရွယ်ထားမှန်းတော့ ကျွန်မကို ပြောမပြပါဘူး။ မတွေ့တာအရမ်းကြာနေပေမယ့် အမြဲတမ်းသူ့ကို ကျွန်မ စိတ်ပူနေတာပါ။ စိတ်လည်းမချဘူး။ သူစိတ်ဆင်းရဲနေမှန်းသိရက် သူ့နားကို ပြန်မသွားနိုင်လို့ အမှတ်တရ တင်ထားလိုက်တယ် သူ့ကဗျာပဲ။*/
မင်းအဝေးကိုထွက်သွားတဲ့အခါ.......................
မင်းရဲ့အပြုံးတွေဟာ
ငါ့အတွက်မဟုတ်ပါလားဆိုတာကို
မသိချင်ဟန်ဆောင်ပြီး ငါနားလည်လိုက်ပါ့မယ်။
မင်းရဲ့လေးနက်တဲ့အကြည့်တွေဟာ
ငါ့အတွက် တစ်ချိန်တုန်းက
စိတ်ကူးယဉ်စရာကောင်းခဲ့ပေမယ့်
နိုးတစ်ဝက်နဲ့မက်ခဲ့တဲ့
အိမ်မက်လိုပဲ
ငါ့စိတ်ကိုငါ လှည့်စားလိုက်ပါဦးမယ်။
မင်းနဲ့အတူရှိခဲ့ဖူးတဲ့
အတိတ်က အချိန်တွေ
သွားခဲ့ဖူးတဲ့ နေရာတွေ`
စိုးရိမ်စိတ်နဲ့ ပြောခဲ့ဖူးတဲ့
မင်းစကားသံတွေ
အခုတော့
ရေပေါ်အရုပ်ရေးသလိုပါပဲ။
ချစ်တယ် ဆိုတဲ့
စကားတစ်ခွန်းမပါဘဲနဲ့
တို့နှစ်ယောက်ကြားမှာ
နားလည်နိုင်တဲ့ သင်္ကေတတွေ ရှိခဲ့ကြတယ်။
ဒါပေမယ့်
ငါကခံစားချက်ကို
ဦးစားမပေးတတ်တော့
အချိန်က ကုစားပေးစရာတောင်မလိုပါဘူး။
တစ်နေ့နေ့တော့
ဒါတွေ ဒါတွေဟာ
အလိုလိုပျောက်ပျက်သွားမှာပါ။။
Posted by Prizewai at 8:46 PM 0 comments
December 05, 2008
အနက်ရောင်
ငယ်ငယ်ကတည်းက ဘာအစွဲနဲ့မှ မဟုတ်ပေမယ့် သုံးလေ့သုံးထ လုံးဝမရှိခဲ့တဲ့အရောင်။
စွဲစွဲမြဲမြဲ ၀တ်ဆင်သုံးစွဲခဲ့တာတော့ အဖြူ။ နောက်ပိုင်း အဖြူရဲ့ စွန်းထင်းလွယ်မှု၊ အညစ်ပေမခံမှုကြောင့် အဖြူတော်တော်များများကို သုံးစွဲလေ့ သိပ်မရှိတော့ပဲ လုံလုံခြုံခြုံသာ သိမ်းထားဖြစ်ခဲ့တယ်။ နောက်ပိုင်းတော့ ဟိုအရောင်၊ ဒီအရောင်နဲ့ အရောင်စုံခဲ့တာပဲ။ ခုတလောတော့ အမည်းရောင်ကို အသုံးများလာတာ။ ပထမပိုင်းတော့ လိုက်လျောညီထွေရှိမှုကြောင့် သုံးရာကနေ တဖြည်းဖြည်း သူ့ရဲ့ ခံ့ညားမှုကိုသဘောကျလာတယ်။
အနက်ရောင်၊ အမည်းရောင် နဲ့ပတ်သက်ရင် ချစ်စရာကောင်းတဲ့ကဗျာလေးတစ်ပုဒ်ကို သတိရတယ်။ မိကောက်ရဲ့ကဗျာလေးပါ။ အနက်ရောင်လို့ တွေးမိတိုင်း အဲဒီက စာကြောင်းတွေက ခေါင်းထဲရောက်တဲ့ထိ ကြိုက်တာပါ။ ဖြစ်နိုင်တာတခုကလည်း အဲဒီကဗျာကြောင့် အနက်ရောင်စွဲလမ်းမှု ဖြစ်လာတာများလား။ ကဲ.. ခံစားကြည့်ပါဦး။
အနက်ရောင်
မင်္ဂလာမဲ့တယ်လို့
သတ်မှတ်လာခဲ့ရင်
သဘောတူစွာ
ဝန်ခံပါတယ်။
ဝမ်းနည်းခြင်းသရုပ်အတွက်
အဖက်လုပ်ကြတဲ့အချိန်မှာ
အလိုရှိသမျှ
လိုက်လျောပေးတတ်ပါတယ်။
ပြင်းရှတဲ့နေမင်းအောက်
မဖြစ်မနေ လျှောက်ကြရင်း
ပူလောင်ခြင်းများကို
သူတကာထက်ပိုပြီး
လက်ခံသိမ်းဆည်းထားနိုင်တယ်။
သူနဲ့တွဲဖက် ဆင်ယင်တဲ့အခါ
ကလက်တက်တက် ကာလာတွေဟာ
သပ်ရပ်ပြီး ခမ်းနားလာတယ်။
ခုနစ်ရောင်စပ်
အဖြူငညစ်ပတ်က
ကိုယ့်ဇာတ်ကိုယ်မရည်လည်ဘဲ
"အသန့်စင်ဆုံးသော" ဆိုင်းဘုတ်ဆွဲ
မောက်မာ နိုင်စားရဲတဲ့အခါလဲ
သူကတော့ ခွင့်လွှတ်မြဲပေါ့။
တည်ငြိမ်တဲ့ အရိပ်အယောင်ကြောင့်
မာနမထောင်ဘူး
ရင့်ကျက်မှုသဏ္ဌာန်တွေနဲ့
မာန်တွေလဲ မတက်ဘူး။
သူဟာ
အကျည်းတန်ချင်တန်မယ်
အထီးကျန်ဆန်ချင်ဆန်မယ်
ဒါပေမယ့်
သူ့ကို မြတ်နိုးလွန်းတဲ့ လူတစ်ယောက်
ကောင်းကင်အောက်မှာ ရှိပါတယ်။ ။
မိကောက်
Posted by Prizewai at 11:13 AM 1 comments
December 03, 2008
မော်လမြိုင်မြို့ မီးလောင်မှု
ပြီးခဲ့တဲ့တနင်္လာနေ့(1.12.2008) ညနေစောင်းလောက်က မော်လမြိုင်မြို့ရဲ့ ဈေးကြီးဖြစ်တဲ့ အောက်ဈေးမှာ မီးလောင်မှု ဖြစ်ခဲ့ပါတယ်။
မော်လမြိုင်မြို့ရဲ့ အစည်ကားဆုံးမြို့လယ်နေရာပါ။ မော်လမြိုင်မှာက (သားငါးဈေးမဟုတ်တဲ့) ဈေးကြီးကြီးမားမားဆိုလို့ "ဈေးကြီး" လို့ ခေါ်တဲ့ အဲဒီဈေးပဲရှိတာပါ။ အဲဒီဈေးမှာက အောက်ဈေး နဲ့ အပေါ်ဈေးရယ် လို့ ရှိတယ်။ အပေါ်ဈေးမှာကတော့ ၄ထပ်အဆောက်အအုံတစ်ခုနဲ့ ၂ထပ်အဆောက်အအုံတစ်ခု ကပ်လျက်ရှိပါတယ်။ အောက်ဈေးလို့ခေါ်တဲ့ ဈေးကတော့ ဈေးရုံကြီးတစ်ခုပါ။ သံလွင်မြစ်ကမ်း၊ ကမ်းနားလမ်းပေါ်မှာရှိတာပါ။
မီးက တော်တော်ကြီးတယ်လို့ ဆိုပါတယ်။ ကျွန်မသိတော့ အင်္ဂါနေ့နေ့လည်ရှိပါပြီ။ ရန်ကုန်ရောက်နေတဲ့ သူငယ်ချင်းက online ကနေလှမ်းပြောတယ်။ သူလည်း သေချာမသိဘူးတဲ့။ သူ့အိမ်ကိုလည်း phone ခေါ်နေတာမရဘူးတဲ့။ ညနေကျတော့ မော်လမြိုင်မှာရှိတဲ့အဖေက ဖုန်းဆက်ထားပါတယ်။ အင်္ဂါညနေထိကို မီးခိုတွေအူနေတုန်းတဲ့ တစ်ဈေးလုံးလောက်လောင်တာတဲ့လေ။ သွားကြည့်လို့လည်း မရသေးဘူးလို့ ဆိုပါတယ်။ လောင်တဲ့အကြောင်းရင်းကိုလည်း သေသေချာချာမသိသေးဘူး။ အသေအပျောက်လည်း ရှိမရှိမသိပါဘူး။ နောက်မှ လှမ်းမေးလိုက်ပါဦးမယ်။
Posted by Prizewai at 10:43 AM 1 comments
December 02, 2008
ကျိန်စာသင့်အလွမ်း
/* ညက စာအုပ်ရှာရင်း ချစ်လှစွာသော သူငယ်ချင်းတွေ ပေးထားတဲ့ တိုလီမုတ်စတွေ ပြန်ကြည့်ဖြစ်တယ်။ အဲဒီထဲက သူငယ်ချင်းတစ်ယောက်ရဲ့ ကဗျာလေးတစ်ပုဒ်ကို အမှတ်တရတင်လိုက်တယ်။ ၂၀၀၄ ဆိုတော့ သူအသက် ၁၇ နှစ်ကရေးထားတာပေါ့။ သူ့ကိုတော့ ခွင့်မတောင်းရသေးဘူး။ ခွင့်မပြုလည်း မတတ်နိုင်ဘူး။ :) တင်လိုက်ပြီလေ။ ဖတ်ကြည့်ကြပါဦး။ */
ကျိန်စာသင့်အလွမ်း
ကောင်လေးရေ
ကျိန်စာသင့်နေတဲ့
ငါ့ရဲ့ ရင်ခုန်သံတွေပြန်ပေးပါ။
နှလုံးသားကို နာအောင်
ကိုက်နေတဲ့ အကောင်တွေသာ
ပုရွက်ဆိတ်တွေ ဖြစ်မရ်ဆိုရင်
လုံးချေပစ်တာ ကြာပေါ့။
ဘရ်တုန်းကမှ မကွဲဖူးတဲ့အသဲ
နင်နဲ့ကျမှ ကွဲချင်နေတာတဲ့။
ပျင်းတာကို ပျင်းတရ်လို့
အော်ရမှာ ပျင်းတဲ့ (ဒီနေ့မျိုးမှာ)
နင့်ကို တကရ် သတိရနေတာပါ။
နင့်ကို တွေ့ရမှ ကမ္ဘာကြီးကို
ကျေးဇူးတင်ရမှန်း သိတဲ့ငါ
မသေချာ မရေရာမှုတွေ ပြည့်လို့ပေါ့။
အသက်မရှိတဲ့ ရင်ခုန်သံတွေကို
အစာတွေ ကျွေးနေတဲ့ ခပ်ညံ့ညံ့ကောင် ..
တနေ့ .. ငါသေသွားရင်
နင့်မျက်မှန်လေး ငါယူသွားမယ်။ ။
ကြည်ဖြူ
30th Oct '04 (10:45 PM)
Posted by Prizewai at 12:06 PM 0 comments