August 16, 2008

မသိခြင်းများအတွက်

မသိခဲ့ကြဘူး။
လိုအပ်ချက်တွေအကြောင်း။

မသိခဲ့ကြဘူး။
အထီးကျန်မှုများအကြောင်း။

မသိခဲ့ကြဘူး။
တွေဝေမှုများအကြောင်း။

မသိခဲ့ကြဘူး။
မိုက်မဲမှုများအကြောင်း။

မသိခဲ့ကြဘူး။
နာကျင်တတ်ခြင်းများအကြောင်း။

မသိခဲ့ကြဘူး။
ချစ်တတ်ခဲ့ခြင်းအကြောင်း။

မသိခဲ့ကြဘူး။
ဂရုစိုက်မှုများအကြောင်း။

မသိခဲ့ကြဘူး။
ပျော်ရွှင်မှုများအကြောင်း။

မသိခဲ့ကြဘူး။
...........

တချိန်ချိန်ကျရင်  ...
ဘယ်သူမှ မသိကြတဲ့
ခံစားချက်စစ်စစ်တွေအကြောင်းကို
ကျောက်စာတစ်ချပ်ရေးပြီး
ထားခဲ့မယ်။

နှလုံးသား Data Structure

နောင်တစ်ချိန်
Delete လုပ်ရမယ်မှန်း သိလျက်
လတ်တလောမှာ
ကိုယ့်နှလုံးသား linked list ထဲကို
မင်းကို insert လုပ်ခဲ့မိပြီ။

Preorder နဲ့ပဲစီစီ
Inorder ကိုပဲသုံးသုံး
Postorder နဲ့ပဲရေးရေး
Process လုပ်လိုက်ရင်
နှလုံးသား stack ထဲက ပြန်ထွက်လာက
I love you.

နှလုံးသား PTR က NULL မဖြစ်သရွေ့တော့
'I love you' Step ကိုပဲ
Repeat, Repeat, ...

/* ဒီကဗျာလေးက မှတ်မှတ်ရရ တက္ကသိုလ် ဒုတိယနှစ် Programming နဲ့ Data Structure ဖြေရမယ့် ညမှာ စာကျက်ရင်းရေးမိတဲ့ ကဗျာလေးပါ။ ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ စုထုတ်တဲ့ ကဗျာစာအုပ်မှာတော့ ထည့်ဖူးတယ်။ အမှတ်တရ အနေနဲ့ တင်ထားလိုက်တာပါ။ */

August 14, 2008

Body Tempo

ဇီဝနာရီ

ကမ္ဘာကြီးဟာ ကျဉ်းမြောင်းလာတာနဲ့အမျှ လူသားတွေရဲ့ လှုပ်ရှားမှုဘောင်ဟာလည်း ကျယ်ပြန့်လာပါတယ်။ အတိတ်တုန်းက တော်တော်နဲ့ မရောက်နိုင်ခဲ့တဲ့နေရာတွေဟာလည်း ခုချိန်မှာတော့ သွားနိုင်လာပြီး၊ မွေးရပ်မြေလွမ်းတဲ့ကဗျာတို့ သီချင်းတို့ဆိုတာလည်း အတိတ်မှာ ကျန်ရစ်ခဲ့ပါပြီ။ ပုံပြင်တွေထဲကလို လနတ်သမီးက လကမ္ဘာကို ပြန်သွားလို့ လိုက်သွားချင်တယ်ဆိုရင်တောင် လိုက်သွားလို့ရနိုင်တဲ့ ခေတ်ဖြစ်လာပါတယ်။ ဒါပေမယ့် အဝေးမှာ ရှိတဲ့အရာကို နီးအောင်လုပ်တယ်ဆိုတဲ့နေရာမှာလည်း ခန္ဓာကိုယ်တင်မက စိတ်ကိုပါ အလွန်အကျွံဖြစ်စေတဲ့ ကိစ္စမဟုတ်ပါလား။

ခုတလော ဇီဝကမ္မဗေဒပညာရှင် တစ်ယောက်ရဲ့ ပြောစကားကို ဖတ်ပြီး စိတ်ထဲက ချီးကျူးမိပါတယ်။ လူသားတွေရဲ့ နှလုံးဟာ အကြမ်းအားဖြင့် ၁ စက္ကန့်မှာ ၁ ကြိမ်ခုန်ပြီး၊ ကြွက်တွေက ၀.၁ စက္ကန့်မှာ ၁ ကြိမ် ခုန်ပါတယ်။ ဆင်တွေကတော့ ၁ ကြိမ် နှလုံးခုန်ဖို့ ၃ စက္ကန့် ကြာပါတယ်။ ဒါပေမယ့် တစ်ဘ၀လုံးရဲ့ နှလုံးခုန်တဲ့အရေအတွက်က အားလုံးမှာ 1.5 ဘီလျံ ကြိမ်ရှိပါတယ်။ သတ္တ၀ါအားလုံးဟာ တစ်ဘ၀လုံးအတွင်းမှာ အသုံးပြုရမယ့် စွမ်းအင်ဆိုတာကလည်း သတ်မှတ်ထားပြီးသားပါ။ သေးငယ်တဲ့ ကြွက်တွေက ဘ၀ကို လျင်လျင်မြန်မြန် ဖြတ်သန်းပြီး၊ ဆင်တွေကတော့ ဖြည်းဖြည်းဆေးဆေး နားနားနေနေ အသက်ရှင်ကြပါတယ်။ လူသားတွေအတွက်လည်း သတ်မှတ်ထားတဲ့ ဇီဝနာရီ ဆိုတာရှိပေမယ့် မြို့နေလူတန်းစားတွေဟာ အဲဒါကို computer တို့၊ အဝေးပြေးရထားလမ်းစတာတွေကို သုံးပြီး ပိုပိုမြန်လာအောင် လုပ်နေတာကြောင့် ဇီဝနာရီ နဲ့ တကယ့် လူ့အဖွဲ့အစည်းကြားရှိတဲ့အချိန်ရဲ့ ကွာဟမှုကနေ စိတ်ဖိစီးမှု ဆိုတာမျိုးတွေ ဖြစ်လာပါတယ်။ မြို့နေလူထုရဲ့ နေထိုင်မှုဘ၀ဟာ သဘာဝမဟုတ်ပါဘူး။ ပုံမှန်ရှိရမယ့် လူဦးရေရဲ့ သုံးဆလောက်နဲ့ ပြည့်ကျပ်နေတဲ့ မြေအောက်ရထားတွေဟာလည်း ကြောက်စရာကောင်းလှပါတယ်။ အဲဒီလိုမျိုး သိပ်သည်းဆမှာ နေရတာဟာ ခြင်လိုသေးငယ်တဲ့ သတ္တ၀ါတွေလောက်ပဲ ဖြစ်ရမှာပါ။ ပြည့်ကျပ်နေတဲ့ ရထားစီးပြီး ဆင်ခြေဖုံးတွေကနေ မြို့ထဲကို အသွားအပြန်လုပ်ရတာဟာ လှောင်အိမ်ထဲသွတ်သွင်းခံရတဲ့ ပိုးကောင်တွေလို ဖြစ်နေပြီး၊ အဲဒီပိုးကောင်လေးတွေက ဆင်တွေရဲ့ ကျယ်ဝန်းလှတဲ့ လှုပ်ရှားမှုဘောင်မှာ လှုပ်ရှားသွားလာရသလို ဖြစ်လာတယ်လို့ ဆိုကြပါတယ်။

တကယ်တော့ လူသားတွေဟာလည်း ခန္ဓာကိုယ်ရဲ့ ဇီဝနာရီအတိုင်း နေထိုင်တာပဲ ကောင်းပါတယ်။ အဲဒီလိုမျိုး တွေးမိပေမယ့် တကယ့်လက်တွေ့ဘ၀မှာတော့ စိတ်ဖိစီးမှုတွေကို ပေါ်ပေါက်စေတဲ့ computer တို့၊ အဝေးပြေးမြေအောက်ရထားတို့ကို အသုံးမပြုလို့ မရပြန်ပါဘူး။ အတတ်နိုင်ဆုံး လုပ်နိုင်တာလေးတစ်ခုကတော့ ကိုယ်ကိုယ်တိုင်က မဖြစ်နိုင်တာကို လုပ်နေတယ်ဆိုတာ သဘောပေါက်ပြီး၊ စိတ်ဖိစီးမှုတွေကို လျော့ချနိုင်တဲ့ နည်းလမ်းကို စဉ်းစားတာပဲ ဖြစ်ပါတယ်။

August 09, 2008

What born am i?

စောရနက္ခတ်နဲ့ ယှဉ်မွေးတာတို့၊ ဘာတို့ ကြားဖူးကြမယ် ထင်တယ်။ ကျွန်မကျ ဘာနက္ခတ်နဲ့ ယှဉ်မှန်းမသိပါဘူး။ ကျွန်မလက်နဲ့ထိရင် ပျက်တာချည်းပဲ။ ကျွန်မအစ်ကိုကြီးက ဆိုရင် ခဏခဏ ပြောဖူးတယ်။ ကျွန်မက ဖျက်ဆီးရေး Monster တစ်မျိုးပဲတဲ့။ ဟုတ်များနေမလားပဲ။ ငယ်ငယ်ကတည်းက ဘာလုပ်လုပ် ပျက်တာများကိုကိုး။ အိမ်မှာ ပစ္စည်း ၁၀ခုပျက်ရင် ၉ခုက ကျွန်မလက်ထဲမှာ ပျက်တာ။ ကျွန်မထင်တာတော့ ပျက်ခါနီးကိုင်မိလို့များလားလို့ပါ။ ပစ္စည်းတစ်ခုကို သူရော ကိုယ်ရော တူတူသုံးတယ်ဆိုအုံးတော့ ကျွန်မလက်ထဲက ပစ္စည်းပဲ အရင်ပျက်တာ၊ ပျောက်တာများတယ်။ ကြမ်းကြမ်းတမ်းတမ်းရှိလို့လားလဲ မသိပါဘူး။
တခါတခါဆို အဲဒီလို အပျက်ဓါတ်က ရက်ဆက်ကျတာ။ တခါတလေလည်း အကောင်းပါ။ ခုတလောတော့ အပျက်ဓါတ်လေးပြန်ကျနေပြန်ရော။

ပြီးခဲ့တဲ့ ရက်က ကျွန်မအရမ်းကြိုက်တဲ့ ကျွန်မရဲ့ ထီးအမည်း အရှည်လေး (ကျွန်မက ကျွန်မရဲ့ ကင်ဒိုဓါးရှည်လို့ ခေါ်ပါတယ်။ ) အဲဒါလေး ကိုင်းကျိုးသွားရော။ ဆောင်းမရတော့တော့ တော်တော်စိတ်မကောင်းဖြစ်သွားတာ။ ဒါတောင် ရုံးကလူတွေက ကျွန်မကို "ထီးပြောင်းလိုက်တာလား" မေးကြသေးတယ်။ မညှာမတာ။

နောက် ကျွန်မ ကျောပိုးအိတ်မှာ ချိတ်ထားတဲ့ သော့ချိတ်လေးပျောက်သွားတယ်။ အစ်မတစ်ယောက်လက်ဆောင်ပေးထားတာ။ ကျွန်မသော့ချိတ်တွေက ခဏခဏတော့ ပျောက်တတ်ပါတယ်။ ဒါပေမယ့် ဒီသော့ချိတ်လေးက အရမ်းကြိုက်လို့။ စိတ်မကောင်းဖြစ်နေတာ။

ကဲ ဒီနေ့ရောက်ရော။ မနက် အိမ်မှာ Computer သုံးဖို့ ဖွင့်ပါတယ်။ Virus Scan လုပ်တုန်းရှိသေး ရပ်သွားပြီး Restart ပြန်ချတော့ Window ပြန်မတက်တော့ဘူး။ ကျွန်မ computer လေးကတော့ ခပ်စုတ်စုတ်ပါပဲ။ ကျွန်မခိုင်းသမျှလည်း မညည်းမညူလုပ်ပေးရှာတာပါ။ ကျွန်မကသာ ခုတလော သူနေမကောင်းတာ သိရက်နဲ့ ဟို Software တင်  ဒီSoftwareတင် လုပ်နေတာ။
ထူးခြားတာတစ်ခုရှိတယ်။ computer ကလေ တခါမှ အစ်ကိုတွေ သုံးတုန်းပျက်တာမရှိဘူး။ ပျက်ပြီဆို ကျွန်မလက်ထဲချည်းပဲ။ အဲဒါကြောင့် ကျွန်မပဲ ဖျက်ဆီးရေး သမားဖြစ်နေတာ။ ဒီနေ့လည်း တိုက်တိုက်ဆိုင်ဆိုင် ပျက်ပြန်ရော။

ဒါနဲ့ စိတ်ညစ်ညစ်နဲ့ပဲ သင်တန်းကို ထွက်လာလိုက်တာ။ ကားကမှတ်တိုင်ကျော်သွားပြန်ရော။ ကားတဆင့်ပဲစီးချင်တာရော၊ လမ်းလျှောက်ရတာ ကြိုက်တာရော ကြောင့် အဲဒီလမ်းကြောကို ရွေးထားတာ။ ဆင်းနေကျမှတ်တိုင် ဆင်းရင်တောင် သင်တန်းရောက်ဖို့ 15 မိနစ်လောက် အချိန်ယူရပါတယ်။ ဒီနေ့တော့ အချိန်က ကပ်နေရတဲ့ကြားထဲ။ ကျွန်မအတွေးလွန်နေတာနဲ့ ကျော်ရော မှတ်တိုင်က။ အသည်း အသန် လမ်းပြန်လျှောက်ရရော။

မိုးကာတစ်ဘက်နဲ့ ဖရိုဖရဲ ပြေးရင်းတန်းလန်း လွယ်ထားတဲ့ကျောပိုးအိတ်က ကြိုးပြတ်ကျပါလေရော။ စိတ်ညစ်သွားတာပဲ။ ဒီလိုနဲ့ သင်တန်းရောက်တယ်။

သင်တန်းပြီးတော့ သူငယ်ချင်းတွေနဲ့ မုန့်တီသောက်မယ် ဆိုပြီး သောက်နေကျ ဆိုင်သွားတာ။ ထူးထူးဆန်းဆန်းပိတ်ထားတယ်လေ။ ဒါနဲ့ အဲဒီအစ်မတွေကပဲ အိတ်ကပြုတ်သွားတဲ့ ကွင်းလိုက်ရှာပေးတယ်။ ကျွန်မကတော့ ကျောပိုးအိတ်လေး ပိုက်ထားရတာပေါ့။ ဟိုနားမှာ ရှိတယ် ဆိုလို့ သွားရင် ဆိုင်ပိတ်တာနဲ့။ ဒီနားဆိုရင် မရှိတာနဲ့။ အစ်မတွေလည်း သွားစရာရှိတာနဲ့။ " ဆု နင် ဘုရားမရှိခိုး လာဘူးထင်တယ်" တဲ့။ ဘယ်ဟုတ်မလဲ။ ဥပုသ်နေ့မို့။ တရားတောင်နာခဲ့သေး။ ကံကိုမကောင်းတာ။ သူတို့ကလည်း " နင်ခုတလော ဟိုဟာတလွဲလုပ်လိုက် ဒီဟာတလွဲလုပ်လိုက်နဲ့ ဟိုပျောက်ဒီပျက်နဲ့၊  နင်အိမ်ပြန်တော့တဲ့" ။ နောက်နေ့မှ ရှာပေးမယ်တဲ့။

ဒါတောင် ကျွန်မက ခေါင်းမာမာနဲ့ပဲ ကျွန်မသိတဲ့ အိတ်ပြင်တဲ့ဆိုင်ကို တကူးတက သွားတာတောင်။ ဖြစ်ချင်တော့ ဆိုင်ပိတ်ပြန်ရော။ ဥပုသ်နေ့ကိုး။

ဒါနဲ့များတောင် အိမ်မပြန်သေးဘဲ အင်တာနက်ဆိုင်မှာ ခုထိ။

နောက်ထပ် ဘာတွေဖျက်ဦးမယ်တော့ မသိသေးဘူး။ ခပ်ကြောက်ကြောက်ပဲ။

ဘာနက္ခတ်နဲ့များယှဉ်မွေးပါလိမ့်။

Poem & Thought

ဇာတ်သိမ်းပိုင်း

မွှေးမြစွာ
ပွင့်ပြဖို့ မရည်ရွယ်ပါဘူး။

မြေကြီးထဲ
ဆန့်ထုတ် ကုတ်ခြစ်
အမြစ်ပမာ
ချစ်နေရုံ

ငါက
အမှိုက်တစ်စဖြစ်ခဲ့လည်း
မင်းရှင်သန်လှပဖို့
မြေသြဇာဖြစ်ချင်သူ

နောက်ဆုံးတိုင်
မင်းကကြွားကြွားဝင့်ဝင့်ပွင့်ပါ
ငါက မြေကြီးထဲနက်နက်
ဖြန့်ကြက်ချိတ်တွယ်ရုံနဲ့
တစ်ဘ၀စာ ဖူလုံခဲ့ပါပြီ။

မွန်းအိမ်

/* တနေ့က ကျောင်းစာအုပ်အဟောင်းလေးတစ်အုပ်ထုတ်တာ စာအုပ်နောက်ဆုံးမှာ ဒီကဗျာလေးကို တွေ့တယ်။ ဘယ်က ဘယ်တုန်းက ကူးထားမှန်း မမှတ်မိဘူး။  ကြိုက်လို့ကူးထားတာ နေမှာ။
ခုတော့ ဒီလိုတွေးမိတယ်။ အဲဒီလို အမှိုက်တစ်စ ဖြစ်ခွင့်ရဖို့တောင် မလွယ်တဲ့အခါတွေရှိပါတယ်။ တကယ်တော့ မြေသြဇာဖြစ်ခွင့်ရတာ၊ အမှိုက်လေးဖြစ်ခွင့်ရတာ၊ လှေကားထစ်လေး ဖြစ်ခွင့်ရတာ၊ သူ့ဘ၀မှာ အမှုန်တစ်မှုန်လောက် အနေနဲ့ပဲဖြစ်ဖြစ် ကိုယ်ပါခွင့်ရတာမျိုးပေါ့။ အဲဒါမျိုးဆိုရင်တောင် တော်တော်ကျေနပ်စရာကောင်းလှပါပြီ။ ခပ်လှမ်းလှမ်းက လူမသိသူမသိတွေလည်း ရှိသေးတာကိုး။
ဘာရယ်တော့ မဟုတ်ပါဘူး။ ဒီလိုပဲ တွေးမိတာပါ။
*/

July 23, 2008

Help me !!!

I can't enter to my home.

အင်တာနက် သုံးဖို့ အချိန်လည်း သိပ်မရှိ။ ပိုက်ဆံလည်းသိပ်မရှိတဲ့ အထဲမှာ သုံးနေကျဆိုင်က blogger ၀င်မရဖြစ်နေတယ်။ Freedom ကိုလည်း သုံးမရဖြစ်နေလို့။  ပို့စ်အသစ်လည်း မတင်ဖြစ်သလို ကိုယ့်အိမ်တောင်ဘာဖြစ်နေမှန်းမသိတော့ဘူး။ ခုတောင် မေးလ်ကနေတင်ကြည့်မလို့။ :D

အခုတလော ဘာလို့မှန်းမသိ ခဏခဏ ဆာနေတာပဲ။  အရမ်းစား အရမ်းအိပ်ပြီး။ အရမ်း ၀လာလို့။ ဘယ်လိုလုပ်ရမလဲ။ ကူညီကြပါဦး။
အရမ်းကိုစားချင်နေတာ။ နောက်တာမဟုတ်ဘူးနော်။ တကယ်ကိုဆာတာ။ မနက်(၆)နာရီမှာ အမေကျွေးတဲ့မနက်စာစားတယ်။ အမေကလည်း ဆာတယ်ပြောလို့ မနက်စာကို ကော်ဖီ၊ မုန့် အပြင် ထမင်းကြော်ပါ ကျွေးလိုက်တာပါ။ (၇)နာရီခွဲကနေ (၉)နာရီခွဲအထိ သင်တန်းတက်တယ်။ သင်တန်းပြီးတာနဲ့ ဆာပြီ။ မနက်စာ မစားခဲ့တဲ့သူတွေ မုန့်ဟင်းခါးစားတာကို တူတူလိုက်စားလိုက်တယ်။ (၁၁)နာရီခွဲဆို ထမင်းစားပြီ။ ပြီးရင် (၁)နာရီခွဲဆို သင်တန်းသွားရပြန်တယ်။ လမ်းမှာစားတယ်။ (၄)နာရီခွဲ ပြီးတာနဲ့ တော်တော်ဆာလာပြီ။ အိမ်တန်းပြန်ရင်လည်း ရောက်တာနဲ့ စားတာပဲ။ ညရောက်ရင် လက်ဖက်သုတ်တို့ ဘာတို့လည်း စားချင်သေးတယ်။ ဒါရုံးမှာ သောက်သောက်နေတဲ့ ကော်ဖီတွေမပါသေးဘူး။ အပြင်မှာလည်း ပိုက်ဆံရှိရင် ရှိသလိုစားတယ်။ ခုတလော နေ့တိုင်းစားဖြစ်နေတာက ရခိုင်မုန့်တီ။ အရင်က ဒီလောက်မကြိုက်ပါဘူ။ ခုမှ နေ့တိုင်းကို စားချင်နေတာ။
ဆာတယ်။ ဆာတယ်။ ဘယ်လိုလုပ်ရမလဲဟင်။
စားပြီးတိုင်းလည်း အိပ်ချင်လာသေးတယ်။ ဟင်း တိုးတက်လာတော့မယ်နော်။
ကယ်ကြပါ။
ပြောရင်းတောင်ဆာလာပြီ။ သွားတော့မယ်။ သွားတော့မယ်။

July 13, 2008

Testing

Testing from Mail.

Our Land Vs Leaver


ရေခံမြေခံကောင်းရဲ့
အသီးအပွင့်ဝေဆာရက်နဲ့
အကျိုးဖြစ်ထွန်းမလာတာ
ကံကြမ္မာကြောင့်တော့ မဟုတ်လောက်ဘူး။

အမှောင်ချခံထားရတဲ့ ထက်မြက်မှုတွေကြား
ကန့်သတ်ခံထားရတဲ့ လှေကားထစ်တွေကြား
နောက်ပြန်မလှည့်မယ့် ခြေလှမ်းတွေနဲ့ ဦးနှောက်ယိုစီးမှုတွေ။

ဆက်ရန်...

Excessive Wrapping

အလွန်အကျွံထုပ်ပိုးခြင်း

ကုန်တိုက်များ၊ ဈေးဆိုင်များ၌ ဈေးဝယ်ကြရာတွင် ၀ယ်ယူသောပစ္စည်းများကို ဆိုင်မှ စက္ကူဖြင့်ထုပ်ပိုးပေးသည်။ တဖန် ပလတ်စတစ်အိတ်တွင် ထည့်သည်။ စက္ကူနှင့် ပလတ်စတစ်များကို အထပ်ပေါင်းများစွာ အသုံးပြုသည့် အခါမျိုးလည်း ရှိသည်။ ထိုသို့အထပ်ထပ်ထုပ်ပိုးခြင်းသည် ကျွန်တော်တို့အတွက် မထူးဆန်းသော ဖြစ်ရိုးဖြစ်စဉ် သာမန်ကိစ္စဟုသာထင်ကြသည်။ သို့သော် ထိုစက္ကူများ၊ ပလတ်စတစ်များသည် အမှန်တကယ် လိုအပ်ပါသလား။ အိမ်သို့ပြန်ရောက်ပြီး ၀ယ်ယူလာသောပစ္စည်းများကို ထုတ်ယူသည့်အခါ အိမ်ရှိအမှိုက်ခြင်းသည် စက္ကူများ၊ ပလတ်စတစ်များဖြင့် ပြည့်လာတော့သည်။

ယခုအတောအတွင်း အမှိုက်ကိုလျော့ချရအောင် ဆိုသောအတွေးအကြံသည် အားကောင်းလာခဲ့သည်။ ထုပ်ပိုးစက္ကူများ၊ ပလတ်စတစ်အိတ်များသည် များပြားသောအမှိုက်ကိုဖြစ်လာစေသည် ဟုဆိုသည်။ ထို့ကြောင့် ကုန်တိုက်များတွင်လည်း ထိုသို့ အလွန်အကျွံထုပ်ပိုးခြင်းကို တစတစလျော့ချလာကြသည်။ ကုန်တိုက်ကြီးများတွင် အမျိုးမျိုးသော တီထွင်ပြောင်းလဲမှုများကို စတင်လာခဲ့ကြသည်။ တခုသောကုန်တိုက်သည် ဈေးဝယ်လာသည့်အခါ မိမိကိုယ်ပိုင်အိတ်ကို ယူဆောင်လာလျှင် ကဒ်ပြား၌အမှတ်အသားလုပ်ပေးပြီး၊ ထိုအမှတ်အသားများပြည့်လာလျှင် အခမဲ့ဈေးဝယ်ခွင့်လက်မှတ်နှင့် လဲပေးသည်။ တခြားကုန်တိုက်တခုတွင်မူ ပြန်လည်အသုံးပြုထားသောစက္ကူ(recycled paper) ဖြင့်ပြုလုပ်ထားသော အိတ်များကို အသုံးပြုလာသည်။ ထို့ပြင် အ၀တ်ဖြင့်ပြုလုပ်ထားသော ဈေးဝယ်အိတ်များကိုလည်း ရောင်းချလာကြသည်။

ကျွန်တော်တို့သည် ကုန်တိုက်စသည့်နေရာများတွင် ဈေးဝယ်သည့်အခါ "ပလတ်စတစ်အိတ် မလိုပါ" ဟု တစ်လတစ်ကြိမ်သာ ပြောလျှင်ပင် တစ်နှစ်ကြာသည့်အခါ သန်းပေါင်းများစွာသောအိတ်များကို အသုံးမပြုဘဲချန်ထားဖြစ်လိမ့်မည်။ အလွယ်ကူဆုံးသော ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းပင် ဖြစ်သည်မဟုတ်ပါလား။ ။

July 08, 2008

မိုးပျံပူဖောင်း

ဂျပန်နိုင်ငံ အနောက်ပိုင်း ကမ်ဆိုင်ဒေသရှိ မူလတန်းကျောင်းတစ်ကျောင်းတွင် ပျော်ပွဲရွှင်ပွဲများ၌ မိုးပျံပူဖောင်း လွှတ်တင်ခြင်းကို ရပ်ဆိုင်းထားခဲ့သည်။

အပြာရောင်ကောင်းကင်သို့ လွင့်တက်သွားသော မိုးပျံပူဖောင်းကို ကြည့်ရှုရခြင်းသည် ကလေးများအတွက်သာမက လူကြီးများအတွက်ပါ စိတ်ကြည်နူးဖွယ်ရာ ကောင်းလှသည်။ သို့သော် မကြာသေးခင်က ထိုမိုးပျံပူဖောင်းများသည် ပြသနာများကို ဖြစ်ပေါ်စေကြောင်း တွေ့ရှိခဲ့ကြသည်။ မိုးပျံပူဖောင်းများသည် ထင်ထားသည်ထက်ပိုဝေးဝေးသို့ လွင့်သွားကြပြီး မည်သည့်နေရာတွင် အောက်သို့ကျမည်ကို မသိနိုင်ကြပေ။ ပင်လယ်ရေ မျက်နှာပြင်ပေါ်တွင် ပြုတ်ကျနေသော မိုးပျံပူဖောင်းများကို ဝေလငါး၊ လိပ် စသော သတ္တ၀ါများက စားမိကြရာ အစာအိမ်၊ အူ တို့တွင် မိုးပျံပူဖောင်းပိတ်ဆို့၍ သေကြရသော ကိစ္စများကိုလည်း အများအပြားတွေ့ရှိခဲ့ရသည်။

ထိုမူလတန်းကျောင်းတစ်ခုတည်းတွင်သာမက မိုးပျံပူဖောင်း လွှတ်တင်ခြင်းနှင့် ပတ်သက်၍ အမျိုးမျိုးသော ပြောဆိုမှုများသည် ဆက်လက်ဖြစ်ပွားနေသည်။ သေးငယ်သောကိစ္စဖြစ်သော်လည်း ပတ်ဝန်းကျင်ပျက်စီးခြင်းနှင့် ပတ်သက်မည်ဆိုလျှင် မိုးပျံပူဖောင်းလွှတ်တင်ခြင်းကို ရပ်ဆိုင်းသင့်သည်ဟု ပြောဆိုကြသူများရှိသည်။ ပို၍ကြီးမားသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဘက်က စဉ်းစားသင့်သည်ဟု ဆိုသောလူများရှိသကဲ့သို့ ကလေးများ၏ စိတ်ကူးအိမ်မက်ဖြစ်သည့်အတွက် ချန်လှပ်ထားသင့်သည်ဟု ပြောဆိုကြသူများလည်း ရှိကြသည်။

သေချာသည်မှာ ကလေးဘ၀၌ ပန်းမျိုးစေ့၊ စာ စသည်တို့ကို မိုးပျံပူဖောင်းတွင် ချိတ်ဆွဲလိုက်ပြီး ထိုအရာများကို ကောက်ရသူတစ်ဦးဦးထံမှ ပြန်စာလာနိုးနိုးနှင့် နေ့တိုင်းစောင့်မျှော်ခဲ့ကြဖူးသည်။ သို့သော်လည်း ထိုသို့ ပြန်စာလာသော ကိစ္စမျိုးကိုမူ တခါတရံမျှ မကြားဖူးချေ။ ထိုမိုးပျံပူဖောင်းများသည်သာ မည်သည့်နေရာတွင် မည်သည့်ပြသနာကို ဖြစ်စေမည်ဟု မသိနိုင်ကြပေ။ ။


/* ကျွန်မသင်တန်း Text Book ထဲက စာပိုဒ်လေးတွေပါ။ ဒီလိုပဲ နောက်လည်း ကြိုက်တဲ့စာပိုဒ်တွေကို တင်သွားပါ့မယ်။ ဘာသာပြန်ထားတာ ထောင့်နေရင်တော့ ကျွန်မညံ့လို့ပါ။ သည်းခံပြီး ဖတ်ပေးပါဦး။ */