November 20, 2007

အသက်ရှူကျပ်ရခြင်း အကြောင်းများ (၁)

အသက်ရှူကျပ်ရခြင်း အကြောင်းများ (၁)

‘ ကျွန်တော်လည်း နယ်ပြန်ပြီး၊ အေးအေးဆေးဆေးပဲ နေတော့မလားလို့ပါ။ ’

‘ နယ်မှာရော ဘာလုပ်မှာလဲ။ ’

‘ ဒီလိုပေါ့ အစ်ကိုရယ်။ မိဘနဲ့တူတူဆိုတော့လေ။ ’

‘ ခုလုပ်တဲ့ အလုပ်ကရော အဆင်မပြေလို့လား။ ’

‘ ပြေတယ်၊ မပြေဘူးတော့မဟုတ်ပါဘူး။ လုပ်ချင်တဲ့ အလုပ်တော့ မဟုတ်ဘူးပေါ့။ ရန်ကုန်စရိတ်နဲ့ကလည်း အလုပ်လေးတစ်ခုခု ရှိနေမှ မဟုတ်လား။ အလုပ်တစ်ခုရဖို့ဆိုတာကလည်း မလွယ်ဘူးလေ။ ရတာလေးပဲ မှေးလုပ်ထားရတာပေါ့ အစ်ကိုရယ်။ ’
‘ ဒါပေမယ့် ဒီလိုပဲနေလို့ကလည်း တသက်လုံးဘာမှ ဖြစ်လာမှာတော့ မဟုတ်ဘူးလေ။ တခုခုတော့ စွန့်စားရမှာပေါ့။ ’
‘ (၁၀)ပုံးကျော်လောက်ဆိုရင်လည်း မလေး လောက်ပဲရမှာ၊ မလေးက (၂)နှစ်လောက်လုပ်မှအရင်းလောက်ရမှာ။ ဂျပန်တို့ဘာတို့ကျတော့လည်း ရာကျော်မယ်။ အဲဒီလောက်တော့လည်း မခံနိုင်ဘူးလေ။ ’

‘ အင်း။ အစ်ကိုတို့လည်း ဒီလိုပါပဲ။ .....................’

‘ ဒါနဲ့ ................................................................ ’

ကျွန်မဘေးက လူနှစ်ယောက်ပြောဆိုနေကြတာပါ။ နှစ်ဆယ်ကျော် အစိတ်ပတ်ဝန်းကျင်လောက်ရှိတဲ့ လူတစ်ယောက်နဲ့ ဒီထက်နည်းနည်းငယ်မယ့် ကောင်လေးတစ်ယောက်ပါ။ ပြောနေတဲ့ ကောင်လေးက ဘာလုပ်ချင်တာလဲ။ သူပြောတာတွေက မှန်မမှန်တော့ မသိဘူး။ ဒါပေမယ့် ခုဖြစ်နေတာတော့ အမှန်ပဲ။

ကျွန်မတို့မိဘတွေ ကျွန်မတို့မောင်နှမသုံး၊လေးယောက်ကို တပြိုင်တည်း ဘယ်လိုရှာဖွေကျွေးမွေးခဲ့ပါလိမ့်။ ကျွန်မတို့မှာတော့ ကိုယ်ရနေတဲ့လခက မိဘကိုကျွေးဖို့ မပြောနဲ့၊ ကိုယ်သုံးဖို့တောင် မလောက်လို့။ ပိုက်ဆံတစ်ခုတည်းအတွက် ၀ါသနာပါပါ မပါပါ ရတဲ့အလုပ်လေးလုပ်နေရတဲ့သူတွေ ဘယ်လောက်များ များလိုက်မလဲ။ အဲဒီလိုရတဲ့အလုပ်လေးမှေးလုပ်ရင်းနဲ့ပဲ ကိုယ်ဘာဖြစ်ချင်မှန်းမသိ ကိုယ်ဘာသာပျောက်ဆုံးနေတဲ့ သူတွေဘယ်လောက်များ များလိုက်မလဲ။

ကိုယ်ဘာဖြစ်ချင်တယ် ဆိုတာ ကိုယ့်ဘာသာ ဆုံးဖြတ်ရမယ်ဆိုတာ မှန်ပါတယ်။ ကိုယ်ဖြစ်ချင်တဲ့ ‘ဘာ’ ဆိုတာဖြစ်လာဖို့ နောက်ကလိုက်ရမယ့် အရာတွေလည်းများသားပါကလား။ ဥပမာ-ကိုယ့်ဝါသနာမှ မလုပ်ရရင်မလုပ်ဘူးဆိုတဲ့ ကျွန်မတို့ကို တင်ကျွေးထားနိုင်လောက်တဲ့ မိဘရဲ့ အခြေအနေ၊ ကိုယ့်ဝါသနာကို professional ဖြစ်လာစေဖို့လိုအပ်တဲ့ကျွမ်းကျင်မှုအတွက် အချိန်နဲ့ငွေ၊ (ဇွဲ၊ လုံ့လ၊ ၀ိရိယ၊ ကြိုးစားအားထုတ်မှု စတာတွေကိုတော့ ထည့်ပြောမနေတော့ပါဘူး။ ဒါလူတိုင်းသိပါတယ်။)

ခုကျွန်မတို့ဘ၀တွေက ဘာဖြစ်ချင်တယ်ဆိုတာကို နောက်ကလိုက်ရမယ့်အရာတွေနဲ့ ချိန်ထိုးပြီး၊ ဆုံးဖြတ်နေကြရပါတယ်။ ဒီတော့လည်း ဖြစ်ချင်တာတခြား ဖြစ်နေတာတခြားတွေ၊ ဘာဖြစ်ချင်လို့ ဖြစ်ချင်မှန်းမသိတွေ၊ အဆင်ပြေတာ၊ ပိုက်ဆံများများရတာ၊ ဟိုဟာဆို ဟိုဟာလိုက်၊ ဒီဟာဆို ဒီဟာလိုက်တွေ များများလာတာနေမှာပါ။ ဒီအခြေအနေတွေ ဖြစ်ဖြစ်နေတာ ကျွန်မတို့တွေကပဲ ညံ့လွန်းလို့လား။ ဒါမှမဟုတ် .................


သိမ်းမယ်

အထပ်ထပ်ကြဲချခြေရာများ
နှလုံးသားပေါ်
မြတ်နိုးစွာ သိမ်းမယ်။

ဘာကြောင့်ပစ်ပစ်
ဘယ်လောက်ပစ်ပစ်
မင်းမျက်စောင်းတွေအားလုံး
အချစ်နဲ့လဲပြီး သိမ်းမယ်။

မြင်လိုက်တာနဲ့
စံပယ်ဖူးလို စူသွားတဲ့မင်းနှုတ်ခမ်း
မျက်ဝန်းထဲမှာ သိမ်းမယ်။

ရင်ခုန်သံတွေအပေါ်
နင်းသွားတဲ့ မင်းခြေဆောင့်သံ
နားနှစ်ဖက်နဲ့ သိမ်းမယ်။

အထပ်ထပ်ဝါးထားတဲ့
မင်းပီကေလေး
ခေါင်းထက်မှာ သိမ်းမယ်။

တွေ့လိုက်တာနဲ့
ချာခနဲ လှည့်အထွက်
အင်္ကျီကြားက မင်းခါးသားလေး
ဝင်းမွတ်စွာ သိမ်းမယ်။

မင်းချွေးသုတ်ပြီး လွှင့်ပစ်တဲ့
တစ်သျှူးပေါ်က အနံ့လေး
အိပ်ကပ်ထဲမှာ အမြဲသိမ်းမယ်။

အမြဲမလစ်လပ်တဲ့ မင်းနှလုံးသား
လပ်ရဲလပ်ကြည့်
အတွေးနဲ့ သိမ်းမယ်။

အရမ်းခံစားပြီး ရေးထားတဲ့ကဗျာလေး
ပေးဖတ်လိုက်တဲ့အခါ
အစိတ်စိတ်အမွှာအမွှာ ဆုတ်ဖြဲပြီး
ဘာကြောင်တာလဲ ဆိုတဲ့
မင်းအသံလေးနဲ့ပဲ ထုပ်သိမ်းမယ်။

ရည်းစား
တစ်ယောက်က တစ်ယောက်အကူး
ထွက်ကျသွားတဲ့ မင်းရယ်သံ
နှုတ်ခမ်းထက်မှာ သိမ်းမယ်။

နေ့ည တွေးသမျှ အတွေးတွေအကုန်လုံး
မင်းသိမ်းသွားတဲ့အခါ
အကြီးကျယ်ဆုံး အရှုံးတစ်ခု သိမ်းမယ်။

ရည်းစားဘ၀ စိတ်ကောက်ရင်
ရာထူးတက်တယ်တဲ့
ရည်းစားမဟုတ်သေးပေမယ့်
မင်းစိတ်ကောက်နေတာလေး
စိတ်နဲ့ သိမ်းမယ်။

မတွေ့မမြင်တာကြာလို့ မေးတဲ့အခါ
ဖျားနေတာ အဖျားတွေ တသက်လုံးသိမ်းပါလား တဲ့
တုံ့ပြန်စကားလုံးများ
အိမ်မက်ထဲမှာ သိမ်းမယ်။

ရိုက်တော့မယ်လို့
မာန်စောင်နေတဲ့ မင်းလက်ဖ၀ါးလေး
ပါးပြင်ပေါ်မှာ သိမ်းမယ်။

အချစ်တစ်ခုတည်းနဲ့သာ
လိမ်းခြယ်ထားမိတဲ့ ဘ၀လေး
ကျားသစ်လက် ငါးမန်းပါးစပ်နဲ့
တစ်ဟုန်ထိုး ဟပ်ဟပ်နေတာ
မင်း ...
ပြန်မအမ်းတော့ဘူးလားဟင်
သိမ်းချင်လို့ပါ
သိမ်းမယ်။ ။

စောဝေ

November 16, 2007

ဖျော်ရည်

ဘယ်လိုအကြောင်း ဘယ်လိုကံမျိုးနဲ့မှ
နောက်တစ်ကြိမ် ပြန်သောက်ခွင့်မရှိတဲ့
ဖျော်ရည်တစ်ခွက်ကို အားလုံးနဲ့တူတူ သောက်ဖူးတယ်။

အဲဒီဖျော်ရည်ထဲမှာ
တလက်လက်တောက်နေတဲ့ မျှော်လင့်ချက်တွေ
မကောက်ကျစ်တတ်သေးတဲ့ ကိုယ်ကျင့်တရားတွေ
အရောင်မပါတဲ့ ရင်ခုန်သံတွေ
ချစ်ခြင်းထက်ပိုတဲ့ သံယောဇဉ်တွေ
နောက် ... ပျော်စရာကောင်းတဲ့ နာကျင်မှုတွေ
...............
အချိုးကျကျရောစပ်ထားခဲ့တယ်။

တဖြည်းဖြည်းသေဆုံးလာနေတဲ့ မျှော်လင့်ချက်တွေ
အတ္တဆန်လာတဲ့ ကိုယ်ကျင့်တရားတွေ
နွေးထွေးချင်ယောင်ဆောင်လာတဲ့ အေးစက်မှုတွေ
စည်ကားသလိုနဲ့ အထီးကျန်မှုတွေ
ဒါနဲ့ပဲ ခုချိန်မှာငါ ...
ဖျော်ရည်သောက်ရတဲ့ကာလကို အိမ်မက်မက်တယ်။

16th Nov 2007.. 5:10 Pm

November 13, 2007

ဝတ်စားဆင်ယင်မှု

တောကျတယ်လို့ပဲပြောပြောပါ။ နည်းနည်းတော့ ကြေငြာဦးမယ်။ စကဒ်အတိုလေးများကို မ၀တ်ဖြစ်ပေမဲ့ ကြည့်ရတာပေါ့ပေါ့ပါးပါးလွတ်လွတ်လပ်လပ် ရှိသည်ဟု ခံစားမိ၍ ကြိုက်ပါတယ်။ ပြောချင်တဲ့အဓိကကတော့ ဒူးခေါင်းအထက်ပြဿနာပင်ဖြစ်သည်။ ကျွန်မကတော့ ဒူးခေါင်းအထက်စကဒ်၊ ဘောင်းတိုတို့ကို ဘယ်လိုမှခံစား၍မရပါ။ Dynaလို ကားမျိုးပေါ်တက်တဲ့အခါမျိုးမှာ ကျွန်မကိုရင်တုန်အောင်ခံစားမှုကို ပေးစွမ်းနိုင်လို့ထင်ပါရဲ့။ ဘာလို့များ အဲလိုစကဒ်တွေကြိုက်သလဲလို့ပေါ့။ ဘယ်လောက်ပဲ ခြေထောက်လေးက ဖော့ဖယောင်းအလား သွယ်ပြောင်းနေပါစေ ကျွန်မကတော့ ကြည့်ရတာနဲ့ကိုမကြိုက်ပါဘူး။ (ကျွန်မကမိန်းကလေးမို့လို့လားတော့ မသိဘူးနော့)။ ဒူးနားလောက်စကဒ်ကလေးတွေလည်းလှပါတယ်။ အဲ အဲ ဒါပေမယ့် ဒူးနားလောက်ရှိပေမယ့် ပါးပါးကားကားလေးဆိုရင်လည်း တစ်မျိုးရင်တုန်စရာလေ။ နော့။
ကဲ ထားပါလေ။ ဘယ်သူဘာဝတ်ဝတ်ပေါ့။ ကိုယ်မကျေနပ်ရင်လျှောက်မကြည့်ပြီးတာပဲ။ မျက်စိထဲ ကိုးလိုးကန့်လန့်ဆို ကြည့်မိတဲ့ ကိုယ့်မျက်လုံးကိုပဲ အပြစ်တင်ပါတယ်။

ကြုံတုန်းတော့ ကိုယ့်အကြိုက်လေးလည်း ပြောခဲ့ဦးမှ။ ကျွန်မကတော့ ဂျင်းဘောင်းဘီနဲ့ Tရှပ်၊ ရှပ်လက်တို ကိုအကြိုက်ဆုံးပါ။ ဘောင်းဘီမ၀တ်သင့်၊ မ၀တ်ရတဲ့နေရာအတွက်ဆိုရင်တော့ ထမီရှည်ရှည် ၀တ်ရတာ ကြိုက်တယ်။ မ၀တ်ဖြစ်ပေမဲ့ အကြိုက်ဆုံးကတော့ မြန်မာချည်ထမီနဲ့ မြန်မာချည်အင်္ကျီပါ။ အင်္ကျီကလက်ရှည် မဟုတ်ဘူးနော်။ လက်တိုလက်တို။
ဒါပါပဲ။ လက်ဆောင်ဝယ်ပေးချင်တဲ့သူ ၀ယ်ပေးရအောင် ကြေငြာတာပါ။ :P

ဟုတ်

လူတစ်ယောက်၏အမူအကျင့်ဟုဆိုရာတွင် တမင်လုပ်ယူတဲ့အကျင့်၊ ပတ်ဝန်းကျင်ကြောင့် ဖြစ်လာတဲ့အကျင့်၊ သူ့ဘာသာ အလိုအလျောက်ဖြစ်လာတဲ့အကျင့် စသဖြင့် အမျိုးမျိုးကွဲပြားမည်ဖြစ်သည်။ ယေဘုယျအားဖြင့် ကောင်းသောအကျင့်ကို အတုယူရန်ထက်ဆိုးသောအကျင့်ကိုပြုပြင်ရန်မှာ ပိုမိုခက်ခဲတတ်ကြသည်။ တမင်လုပ်ယူထားသောအကျင့်ကိုဖယ်။ ကျန်အကျင့်များတွင်မှ တချို့အကျင့်များကို ကိုယ်တိုင်ကနှစ်နှစ်သက်သက် ပြုမူသော်လည်း၊ တချို့အကျင့်များမှာမူ ကိုယ်တိုင်ကမနှစ်သက်ဘဲ၊ မသိစိတ်ကြောင့်သော်လည်းကောင်း၊ ဂရုမမူမိ၍သော်လည်းကောင်း ပြုမူမိတတ်ကြသည်။

ကျွန်မတွင်လည်း ကျွန်မကိုယ်တိုင်နှစ်သက်၍ လက်ခံထားသောအကျင့်များရှိသလို၊ လက်မခံချင်ဘဲ လက်ခံ ထားရသောအကျင့်များလည်းရှိသည်။ လက်မခံချင်ဟုဆိုရာတွင်လည်း လက်မခံနိုင်လောက်တဲ့ အကျင့်ဆိုးများသာမက ကျွန်မကိုယ်တိုင်၏ ပုဂ္ဂလိကခံစားချက်သက်သက်နှင့်သာ မနှစ်သက်သော အပြုအမူများလည်း တချို့ တချို့ပါဝင်သည်။ ၄င်းတို့အနက် ..... မနှစ်သက်ဆုံးနှင့် နေ့တိုင်းလုပ်ဖြစ်နေသော အကျင့်တစ်ခုမှာ "ဟုတ်"....................................

ယဉ်ယဉ်ကျေးကျေးမြန်မာစကားတစ်လုံးဖြစ်သည့် "ဟုတ်ကဲ့" ဆိုသည့်စကားလေးနှစ်လုံးကို ယနေ့ခေတ်တွင် လူတော်တော်များများက "ဟုတ်" ဟူ၍သာ ပြောဆိုနေကြသည်ကို သတိပြုမိကြပါလိမ့်မည်။ မြန်မာစကားများပျက်စီးမည် စိုး၍ ဘာ၍ ဟူသော ပညာရှင်ဆန်သော အတွေးများကျွန်မတွင်မရှိပါ။ ကျွန်မ၏အာရုံတွင် ပေါ့ပျက်ပျက်နိုင်သည်ဟု ခံစားမိသောကြောင့်သာလျှင် မနှစ်သက်ခြင်းဖြစ်ပါသည်။ မနှစ်သက်ပင်မနှစ်သက်သော်ငြား နေ့စဉ်ကျွန်မ၏နှုတ်မှ တဟုတ်ဟုတ် နှင့် ဟုတ်နေသည်ကိုတော့ ၀န်ခံရပေမည်။ ဘယ်အချိန်က ကျွန်မပါးစပ်ထဲရောက်လာမှန်း၊ ကျွန်မရဲ့ ဘယ်လိုအကျင့် အမျိုးအစားဟုသတ်မှတ်ရမှန်း မသိတော့ပေမယ့် ခုချိန်မှာတော့ အိမ်တွင်လည်း အိမ်တွင်မို့၊ အလုပ်တွင်လည်း အလုပ်တွင်မို့ သတိထားနေရင်းနှင့်ပင် "ဟုတ်" မိသွားပြန်သည်။ ခေါင်းတညိတ်ညိတ်နားထောင်ရသောအခါ များတွင်ပို၍ ပင်သိသာပါသည်။ အစပိုင်းတွင် ဟုတ်ကဲ့နေရင်းနှင့်ပင် တဖြည်းဖြည်းနှင့် "ဟုတ်" ဖြစ်လာတတ်သည်။ စိတ်မပါပဲ ခေါင်းညိတ်ရသောအခါမျိုးတွင်လည်း "ဟုတ်" တတ်သည်။ စိတ်ပျက်လာသော အခါများတွင်လည်း "ဟုတ်" တတ်သည်။ ဘာလို့များ ပြင်လို့မရဖြစ်နေပါလိမ့်လို့လည်းတွေးမိပါသည်။

သူများပြောဆိုနေတာကိုတော့ ဘာမှမခံစားမိလို့ ဘာမှမပြောလိုပေမယ့် ကျွန်မကိုယ်တိုင်တော့ ဒီ "ဟုတ်" ကြီးကိုမပြောချင်ပါ။ ဘာပဲဖြစ်ဖြစ် ဒီ"ဟုတ်" ဆိုတာကြီးကို ကြိုက်ကိုမကြိုက်ပါ။ ပြင်ဖို့လည်း ကြိုးစားပါဦးမည်။

November 09, 2007

No Title

မျက်ဝန်းက မမျှော်ပေမဲ့
နှလုံးသားက အော်ခေါ်နေမိတယ်။
မေ့ဖို့ ကြိုးစားလိုက်တိုင်းလည်း
သတိရတာပဲ အဖတ်တင်တယ်။
ငါ့ရင်ခွင်မှာ
အစားထိုးဖို့
မင်းရဲ့ဓါတ်ပုံကိုတောင်
ငါ့နှလုံးသားက ငြင်းမိတယ်။
နေနဲ့လ
နေ့နဲ့ည
ဘယ်လိုပဲ လှည့်ပတ်ပြောင်းလဲနေ
ငါ့ရင်ထဲမှာ နင်တစ်ယောက်တည်း။
ချစ်ခြင်း
သံယောဇဉ်
သတိရခြင်း
လွမ်းဆွတ်ခြင်း
ဘာကြောင့်ပဲ ဖြစ်ဖြစ်
တိုက်ဆိုင်လို့ အိမ်မက်မက်ခဲ့ရင်
ငါ.. အိပ်ဆေးတွေနဲ့ ဆက်ပြီး ခရီးသွားပါရစေ။ ။

October 30, 2007

My Star

ကျွန်မချစ်သော ကြယ်လေးတစ်လုံးရှိပါသည်။ ကျွန်မပိုင်ဆိုင်သော ကြယ်တော့မဟုတ်ပါ။ ခပ်ဝေးဝေးတွင် လင်းလင်းလေးလက်နေသော ကြယ်လေးသာဖြစ်ပါသည်။

ထူးချွန်သော၊ လူသိများသော၊ လင်းလက်သော၊ တန်ဖိုးကြီးသော၊ ပိုင်ရှင်ရှိသော ကြယ်ပေါင်းများစွာထဲကမှ ကျွန်မ၏ကြယ်လေးကို မရှာဖွေဘဲ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ကြယ်လေး၏ အတ္ထုပတ္တိ၊ ဇာတ်ကြောင်း၊ ပိုင်ရှင်ရှိခြင်း၊ မရှိခြင်း ဘာဆိုဘာကိုမှ ကျွန်မမသိခဲ့ပါဘူး။ မော့ကြည့်လိုက်ရုံဖြင့် ကြည်နူးရခြင်းတစ်ခုတည်းနှင့်ပင် ကျွန်မ၏ကြယ်အဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ကြယ်လေး၏ မာန၊ အတ္တ၊ လင်းလက်မှု၊ အားလုံးကို ကျွန်မချစ်ပါသည်။ ကျွန်မတွင် ကျွန်မချစ်သောကြယ်လေးတစ်လုံး ရှိတယ်ဆိုသော အသိတစ်ခုနှင့်ပင် အဓိပ္ပာယ်ရှိနေပါသည်။ ငုံ့ကြည့်မှသာ မြင်နိုင်မယ့် ကျွန်မကို ကြယ်လေးငုံ့ကြည့်ခြင်း၊ မကြည့်ခြင်းက အရေးမပါပါ။ ကြယ်လေးကို ထိကိုင်ကြည့်ဖို့လည်း စိတ်ကူးမရှိပါ။ အားကျတဲ့စိတ်နဲ့ ခပ်ဝေးဝေးက ကြည့်နေရခြင်းကိုပင် ကျွန်မကျေနပ်ပါသည်။
အလွန်ရှားပါးသော တခါတခါမှာတော့ ကြယ်လေးနားရောက်ချင်သော အတ္တလေးတစ်ခုနှင့်ပင် ကျွန်မကိုယ်တိုင်ကြယ်တစ်လုံးဖြစ်အောင် ကြိုးစားချင်ဖူးပါသည်။ ဒါပေမယ့် နီးကပ်လွန်းလျှင် လင်းလွန်းမှာစိုးသောကြောင့်ရယ်၊ အနားရောက်သွားလျှင် အပြစ်တွေ၊ ချို့ယွင်းချက်တွေ မြင်လာနိုင်တဲ့ သဘောကိုသိလွန်းသောကြောင့်ရယ် အဲဒီအတ္တလေးက ပြန်ပြန်ပျောက်သွားတတ်ပါသည်။ ကျွန်မက ကျွန်မ၏ကြယ်လေးကို ဘာအပြစ်မှ မမြင်လိုဘဲ၊ လင်းလင်းလေးလက်နေခြင်းကိုသာ မြင်လိုပါသည်။ ခပ်ဝေးဝေးကသာကြည့်လိုသည်။

ဒါကြောင့်............. ကျွန်မတွင် ကြယ်တစ်လုံးရှိသည်။ ဒါ့ထက်ပို၍... မော့ကြည့်ရင်းပင်ရင်ခုန်ရသော ကြယ်တစ်လုံးရှိသည်။

Lovely Sunday

ပြီးခဲ့တဲ့တနင်္ဂနွေက ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်မှာရှိတဲ့ မင်္ဂလာဗျူဟာမှာ (၉၁)ကြိမ်မြောက် သွေးလှူဒါန်းပွဲရှိပါတယ်။ ကျွန်မလည်း လှူမယ်ဆိုပြီးတော့ သွားပါတယ်။ အစ်မတစ်ယောက်က စနေနေ့ကတည်းက Register လုပ်ပေးပြီး၊ ကျွန်မကိုလည်း လာစောင့်ပေးပါတယ်။ ပထမဆုံးအကြိမ် ဖြစ်တဲ့အတွက် ရင်တော့နည်းနည်းခုန်တယ်ပေါ့။ တနင်္ဂနွေ နေ့လည် (၁၂)ခွဲလောက် ဗဟန်း(၃)လမ်း ကားမှတ်တိုင်ကနေလျှောက်လာတဲ့လမ်းတလျှောက် လက်ဖျံမှာ ပလာစတာကပ်ထားတဲ့ သူတွေကို အားကျတဲ့မျက်လုံးနဲ့ ကြည့်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ပေါ့။ ဒါပေမယ့်.............. ဟေမိုဂလိုဗင်လည်း စစ်ရော မပြည့်ပါတဲ့လေ။ လှူလို့မရသေးဘူးတဲ့။ ကျွန်မက ကျွန်မကိုယ်ကျွန်မ လုံးဝလှူလို့ရမယ်ပဲ တွက်ထားတာလေ။ (ကျန်းမာရေးကလည်း ဒေါင်ဒေါင်မြည်ကိုး။) ပထမဆုံး ပွဲဦးထွက် အတွေ့အကြုံကတော့ သင်းနေတာပါပဲ။ လိုက်ပေးတဲ့ အစ်မကိုလည်း တော်တော်အားနာသွားပါတယ်။ သွေးလှူတာလိုက်ပေးတာရော၊ မလှူရတော့ ဘုရားပေါ်တက်ပြီး၊ ကျွန်မလေကန်တာ နားထောင်ပေးတာရောပေါ့။ (ဟဲ ဟဲ.. လာဖတ်မယ်ဆိုတာ သိလို့ ဖားနေတာပါ။)
နောက်တစ်ကြိမ်တော့ လှူဖြစ်အောင်လှူမယ်လို့။

October 25, 2007

Bus Fee & people

ကျွန်မက မနက်ဆို (၂၀၄) Mini Bus စီးပြီး၊ ညနေဆိုရင်တော့ ဘုရင့်နောင်လမ်းအတိုင်းသွားတဲ့ ကားတွေစီးဖြစ်တယ်။ အခုတလော ကျွန်မစီးနေကျ Bus တွေပေါ်မှာ မနက်လည်း မနက်မို့လို့ ညနေလည်းညနေမို့လို့ ကြားနေရ၊ ကြုံနေရတဲ့ ပြသနာက ကားခပါပဲ။ Oct လဆန်းလောက်ကစပြီး၊ လမ်းပိုင်းအလိုက် ကားခဖြတ်တဲ့နှုန်းတွေ ပြောင်းလိုက်လို့ တချို့ တချို့ တွေက ပုံမှန် (၁၀၀)ကျပ် ပေးရတဲ့ နေရာကို (၁၅၀)ကျပ်ပေးကြရပါတယ်။ (၅၀)ကျပ် ပေးရတဲ့ နေရာကို (၁၀၀)ကျပ်ပေးကြရပါတယ်။ မနက်ဆိုရင် (၂၀၄)ပေါ်မှာ အဲဒီပြသနာက သံသာချိုအေးမင်္ဂလာတေးအနေနဲ့ မနက်မနက်နားဆင်ရပါတယ်။ ညနေဆိုရင်တော့ (၄၄)စီးမိရင် ကြားရပြီ ဒီအသံတွေ ....။
မနေ့ညနေက ကျွန်မပြန်တာ နောက်ကျပါတယ်။ လမ်း(၃၀)မှာ ကားစောင့်ရင်း စီးမိတာက (၄၄)။ ပြေးတက်လိုက်တော့ နောက်ဆုံးခုံတန်းမှာ နေရာရပါတယ်။ ကျွန်မဘေးမှာက အသက် (၆၀)အရွယ်လောက်ရှိတဲ့ ဘကြီးတစ်ယောက်။ တက်တက်ချင်းပဲ သူကကျွန်မကို ဒီကားက (၁၉၉)လား၊ (၄၄)လားလို့မေးပါတယ်။ ကျွန်မက (၄၄)ဖြစ်တဲ့အကြောင်းပြောတော့ သူက (၁၉၉)ထင်လို့တက်လာတာလို့ပြောပါတယ်။ အချိန်ကလည်း (၇)နာရီပတ်ဝန်းကျင်ဖြစ်နေပြီး၊ ထိုင်စရာနေရာလည်းရထားတော့ ပြန်မဆင်းတော့ဘူးလို့ ဆုံးဖြတ်လိုက်ပုံပါပဲ။ ကျွန်မစိတ်ထဲ တွေးမိတာကတောင် (၁၉၉)နဲ့(၄၄)က ဒညင်းကုန်းအထိ လမ်းကြောတူတူပဲဟာ ဘာစီးစီးတူတူပေါ့၊ ဘာဖြစ်လို့များ (၁၉၉)စီးချင်ရတာလဲပေါ့။ စပယ်ယာပိုက်ဆံလာကောက်တော့မှ သဘောပေါက်တယ်။ သူဆင်းမယ့် မှတ်တိုင်က (၁၉၉)စီးရင် (၁၅၀)ပဲပေးရပြီး၊ (၄၄)စီးရင် (၂၀၀)ပေးရတာကိုး။ ဒီမှာတင် ပြသနာစတော့တာပဲ။ စပယ်ယာကို သူက (၁၅၀)မဟုတ်လားလို့ မေးပါတယ် (တကယ်တော့ သူသိပြီးသားပါ။ ရများရမလားဆိုတဲ့ တ၀က်တပျက်မျှော်လင့်ချက်နဲ့မေးတာ ဖြစ်နိုင်ပါတယ်။) စပယ်ယာက ဘာမှမပြောပဲ ကပ်ထားတဲ့ ကားခကောက်ခံနှုန်းဇယားကိုပဲ လက်ညှိုးထိုးပြပါတယ်။ (စပယ်ယာခမျာလည်း ဒါချည်းပဲ ဖြေနေရလို့ မောရှာပြီပေါ့)။ ဒါကိုသူက မင်းတို့က ဘာညာနဲ့ စကားထများပါလေရော။ စပယ်ယာ နှစ်ယောက်ရော၊ ဒရိုင်ဘာပါ ပါလာပြီး (၅)မိနစ်လောက် ငြင်းခုံအပြီးမှာ စပယ်ယာတွေနဲ့ ဒရိုင်ဘာက တိတ်လိုက်ကြတယ်။ မတိတ်တာက ကျွန်မဘေးက ဘကြီးပါ။ သူ့ကြည့်ရတာ တနေ့လုံးလည်း အလုပ်အဆင်မပြေလာဘူးနဲ့တူပါတယ်။ အကြောင်းစုံကို တတွတ်တွတ်နဲ့ပြောနေတော့တာပါပဲ။ ခပ်တိုးတိုးပဲ ပြောတော့ တော့ ဘေးက ကျွန်မကိုပဲ တိုင်တည်သလိုဖြစ်နေပြီး၊ သူတခွန်းပြောလိုက် ကျွန်မတွေးစရာ တခုရလိုက်၊ ရင်ဘတ်ထဲက စူးခနဲအောင့်လိုက်နဲ့ ဒုက္ခကိုများနေတာပါပဲ။ လူကလည်း တနေ့လုံးပင်ပန်းတာနဲ့၊ ဗိုက်ဆာတာနဲ့ပေါင်းပြီး၊ ငိုချင်သလိုလိုတောင် ဖြစ်လာတော့တယ်။ တော်ပါတော့ လို့ ပြောချင်ပေမယ့် မှန်တာတွေများနေတော့လည်း နားထောင်နေရင်းနဲ့ ဘုရင့်နောင်လမ်းဆုံကို ဘယ်လိုရောက်လာမှန်းတောင်မသိအောင်ပါပဲ။ ပြောတာတွေ အများကြီးထဲမှာ ကျွန်မသေချာမှတ်မိတာကတော့ " တနေ့လုံးသေအောင်လုပ်တောင် (၁၀၀၀) ရဖို့ မနည်းရှာရတာ။ ကားခက (၄၀၀)ကုန်ရင် ဘာသွားစားရတော့မှာလဲ။ " ဆိုတာပါပဲ။ ဟုတ်တာပေါ့။ ကျွန်မလည်းဒီလိုလကုန်ခါနီးရက်တွေဆိုရင် (၁၅၀)ကုန်မဲ့ကားခအစား (၁၀)ပဲကုန်မယ့် ရထားကိုပြောင်းစီးရကောင်းမလား ခဏခဏတွေးရပါတယ်။
သြော် ... ဘာရယ်မဟုတ်ပါဘူး။ ကြုံရပုံများ ပြောပါတယ်။

October 19, 2007

Testing

အသစ်မတင်ဖြစ်တာ ကြာသွားပြီ။ ရေးထားတာလေးတွေရှိတယ်။ post တွေက ရှင်းရှင်းလင်းလင်းပေါ်တဲ့ဟာပေါ်၊ မပေါ်တဲ့ဟာမပေါ်နဲ့ စိတ်ညစ်နေတာ။ ခု ဒီpost က စမ်းကြည့်တာ။
internet ကလည်း ဘယ်အချိန်သုံးရမှန်းမသိ။ အလုပ်ကလည်းများ။ မများလည်းအရှုပ်တွေလုပ်နဲ့။ ရှုပ်နေတယ်။ စိတ်ရော။ လူရော။