April 30, 2008

Nothing

ဟိုလိုလို ဒီလိုလိုကို ရပ်ချင်လို့ ရပ်ထားတာ မဟုတ်ပါဘူး။ သုံးစရာ ပိုက်ဆံမရှိလို့ ထိကိုလာမထိရတာပါ။
အဆင်ပြေတဲ့နေ့တွေ အဆင်ပြေသလို လုပ်ပါ့မယ်။ နောက်ဆို လူတွေသိတောင်သိမှာ မဟုတ်တော့ဘူး။ စိတ်တော့မကောင်းဘူး။ တတ်နိုင်ဘူးလေ။ တတ်နိုင်ဘူး။ လုပ်သလို မဖြစ်တော့လည်း ဖြစ်သလိုလုပ်ရတာပေါ့။



April 17, 2008

2008

သင်္ကြန်တစ်နှစ်ပြီးပြန်ပြီ။ ရေလုံးဝမစိုတာ ဒီနှစ်နဲ့ပါဆို (၆)နှစ်ရှိသွားပါပြီ။ ဘယ်သူမှလဲ ရေလာမလောင်းဘူးလေ။ သူများကိုလည်း ရေမလောင်းရတာ (၆)နှစ်ရှိပြီ။
နောက်နှစ်သင်္ကြန်တော့ တယောက်ယောက်ကိုရေလောင်းချင်ပါတယ်။

April 11, 2008

သင်္ကြန်အစီအစဉ်

သင်္ကြန်မှာ... ။ ကျွန်မလား။ အရင်နှစ်တွေတုန်းက.. ။ နှစ်တိုင်းတနေကုန်ကောင်းကောင်း အိပ်တယ်ရှင့်။

ဒီနှစ် !!! ဒီနှစ်တော့ ဘယ်လိုအိပ်လို့ရမလဲရှင့်။ နဂိုကတည်းက ကျက်စရာရှိတဲ့စာတွေကို သင်္ကြန်ပိတ်ရက်အတွက် သိမ်းထားပါတယ်ဆိုနေကာမှ။ ခုတော့.. ကျက်တောင်ကျက်ဖြစ်ပါ့မလားပဲ။

အော်.. ဒီလိုလေ။ ခုကျွန်မ အလုပ်အသစ်တစ်ခု ၀င်နေတာသိတယ်မဟုတ်လား။ (၄)ရက်ပဲ ရှိပါသေးတယ်။ on job training ဆိုတဲ့အတိုင်း ခိုင်းသမျှလုပ်နိုင်အောင် သင်နေရတယ် ဆိုပါတော့။ ဘာမှမသင်ရသေးခင် အရင်ဆုံးပညာစမ်းတာလားတော့ မသိဘူး။ 24 April မှာ project presentation တစ်ခုပြရမယ်။ ဒီတော့ 21 မှာပြီးနေရမယ်လို့ သတ်မှတ်ထားပါတယ်။ Team နဲ့လုပ်ရတာပါပဲ။ ကံကဆိုးချင်တော့ ကျွန်မကျတဲ့ Team မှာကျွန်မနဲ့သိတဲ့လူလည်းမရှိ။ ခုမှတွေ့ဖူးကြတာ 3 ရက်ပဲရှိသေးတယ်။ ဒီတော့ ကျွန်မတို့ရဲ့ Group leader ခမျာမှာလည်း ဘယ်သူက ဘာကျွမ်းကျင်မှန်းမသိ၊ ဘာတာဝန်ခွဲပေးရမှန်းမသိ၊ မသိ၊ မသိတွေ ဖြစ်နေတာပေါ့ကွယ်။

ရှင်.....။ အဲဒါပြောတာလေ။ အဲဒါ။ ဒီတော့ ကျွန်မလည်း သူများ Group တွေကြား အရှက်တော်မကွဲရလေအောင် တတက်တအားတော့ ကြိုးစားရပေမပေါ့။

အာ.... မတတ်ပါဘူးဆိုမှဇွတ်လေ။ မလုပ်လို့ကလည်းမရတော့ မတတ်လည်းတတ်အောင်လုပ်ရမှာပေါ့။ ဒါကြောင့်ဆုတောင်းနေရတာပေါ့။ နေ့တိုင်းမီးလာပါစေလို့။ ဒါမှ ကာပြူတွန် ကိုခိုင်းလို့ရမှာလေ။

ဘယ်ကလာ၊ ဘယ်ကလာ။ သင်္ကြန် (5)ရက်သာ အိမ်မှာနေပြီး လုပ်ရမှာ။ ရေမပက်တော့တဲ့ ပိတ်ရက်တွေကျရင်တော့ Group လိုက်ဆုံပြီး လုပ်ရမှာတော့။ ဟီး ဟီး မဆုံချင်လည်းမရဘူးလေ။ ကြာသပတေးညနေ ပြန်တဲ့အချိန်မှာ သူများ Group တွေ အကြမ်းချပြီးတာတောင် ကျွန်မတို့က data တောင်မရသေးဘူးရှင့်။ ဒီတော့ ရှာဖွေ၊ စုဆောင်း ရဦးမှာပေါ့။ အပြင်မထွက်လို့ဘယ်ရမလဲ။

မဟုတ်ပါဘူး။ ကျွန်မတို့တွေရဲ့ အားနည်းချက်ပါ။ ကျွန်မတို့တွေက ကျောင်းတက်ခဲ့တဲ့ တောက်လျှောက် Team နဲ့ လုပ်ရတဲ့ အလုပ်က ရှားတယ်လေ။ ဒီတော့ Team Work အားနည်းတာလည်း အဓိကအချက်ပေါ့။

ဟာ.. စုထားတာပေါ့။ အစကတော့ သင်္ကြန်တွင်းအေးအေးဆေးဆေးဆိုပြီး။ သူများဆီက ဖတ်ချင်သမျှ စာအုပ်တွေကြိုငှားထားတာလည်းအများကြီး။ ebook တွေလည်း အများကြီးရထားကာမှ။ ခုတော့ ခုတော့။

ဟုတ်ကဲ့ပါ။ ဟုတ်ကဲ့ပါ။ အိမ်မှာတော့ အိမ်မှာပဲပေါ့ရှင့်။ အတတ်နိုင်ဆုံး စိတ်ကိုထိန်းပြီးနေရဦးမှာ။ အိပ်ချည်းမနေအောင်။ မီးလာရင်အလုပ်လုပ်ရမယ်။ မီးမလာရင်စာကျက်ရမယ်။

မော်လမြိုင်လား။ ပြန်ချင်တာပေါ့။ ဘယ်နှယ့်မေးပါလိမ့်။ သူငယ်ချင်းတွေက လာဖို့ချည်းပြောနေတာ။ စရိတ်ခံမယ့် သူတောင်ရှိသေး။ အင်း ကျွန်မတို့ရဲ့ မော်လမြိုင်သင်္ကြန်အကြောင်းရေးဦးမလို့။ မရေးဖြစ်ပါဘူးရှင်။ ရှုပ်နေတာနဲ့။ နောက်ကြုံမှပဲပြောတော့တာပေါ့နော်။

ခု2008 သင်္ကြန်ကတော့....
သူများပျော်လို့ မပျော်နိုင်။ ............ လို့မှိုင်။ ( ???? ဘယ်လိုပြောရမလဲရှင့်။)

April 01, 2008

April

အခြောက်သွေ့ဆုံး၊ အပူလောင်ဆုံး၊ လွမ်းစရာအကောင်းဆုံး၊
... ဆုံး များစွာပိုင်ဆိုင်သော
ဒီအချိန်
ငါ့အတွက်တော့ ပန်းတွေအပွင့်ဆုံး။

ထစ်ချုန်းသံမပါတဲ့ ရေစက်များ
အ၀ါရောင်အိမ်မက်များ
ဖြူစင်ချင်ယောင်ဆောင်တတ်တဲ့ မရိုးသားမှုများ
ဒီအချိန် အားလုံးကအသက်ဝင်တယ်။

တူးပို့သံတွေကြား
Water Pollution နဲ့ Drinking Water လိုအပ်ချက်တွေ
ဒီအချိန် ခဏလေးမေ့ထားပါရစေ။

ပွင့်ပွင့်လင်းလင်းရူးခွင့်ရတဲ့ ပထမဆုံးရက်ကအစ
ဘုရားတက်ရမယ့် ရက်တစ်ခုအလယ်
ဒီအချိန် ရက်(30)လုံးလုံး (24)နာရီပြည့်ပါစေ။

ဒီအချိန်
2008က ရေစက်တချို့နဲ့ကြိုတယ်။
နှလုံးသားတိုင်း ငြိမ်းချမ်းပါစေ။

ဗလာ

တရွေ့ရွေ့ စီးဆင်းသွားကြ
ဘယ်အရပ်ဆီလဲ
(စူးစမ်းချင်စိတ်ရှိမနေပါ။)

သံစဉ်တစ်ပိုဒ်လား
နားစွင့်ထားရမှာ
(ကြားချင်စိတ်ရှိမနေပါ။)

ဆွတ်ပျံ့ဖွယ်ရနံ့
ခံစားမိရမှာ
(ကြည်နူးချင်စိတ်ရှိမနေပါ။)

တခုခုပဲ
လွမ်းနေဖို့ကောင်းတာ
(သတိရချင်စိတ်ရှိမနေပါ။)

အပိုင်းအစဖြစ်ဖြစ်
ငံ့လင့်နေရမှာ
(မျှော်လင့်ချင်စိတ်ရှိမနေပါ။)

ပန်းတိုင်ဆီဦးမော့
အားတက်နေရမှာ
(ကြိုးစားချင်စိတ်ရှိမနေပါ။)

အကြောင်းတိုက်ဆိုင်တုန်း
ငိုကြွေးနေရမှာ
(အထီးကျန်ချင်စိတ်ရှိမနေပါ။)

March 31, 2008

ရောက်တတ်ရာရာ

သော့ကလေ ရှာကိုမတွေ့ဘူး ဖြစ်နေတာ။ ဘယ်လိုလုပ်ရမလဲ။ ကူရှာပေးကြပါဦး။ :D

အလုပ်ကလည်း မရှိတော့ လုပ်စရာကမရှိဘူး။ အလုပ်မရှိလို့ ပိုက်ဆံလည်းမရှိဘူး။ အပြင်ထွက်ရမှာလဲ ပျင်းတော့။ မနက်ထတယ်။ မီးလာရင် computer ကလိတယ်။ မီးမလာရင်စာအုပ်ဖတ်တယ်။ နှစ်မျက်နှာလောက်ဖတ်ရင် အိပ်ပျော်ပြီ။ မီးပြန်လာရင်ပြန်ထတယ်။ စားတယ်။ အရင် အလုပ်နဲ့တုန်းက အချိန်မရှိလို့ ဆိုပြီး၊ မဖတ်ရသေးတဲ့ စာအုပ်တွေကို ဖတ်မဟဲ့ဆိုပြီးအားခဲထားသမျှ ဘာလို့မှန်းမသိ ခု မဖတ်ဖြစ်ဘူး။ စာတွေလည်းဘာမှမရေးဖြစ်ဘူး။ မအားတုန်းကတောင် ရေးဖြစ်သေး။ ခုဘာမှမရေးဖြစ်ဘူး။ ရေးလိုက်သမျှလည်း အဆင်မပြေဘူး။ ဘာခံစားမှုမှလည်း မရှိဘူး။ မနေ့ကတော့ မိုးတွေရွာတယ်။ ပိတောက်တွေပွင့်မယ်မှတ်တာ။ မတွေ့မိသေးဘူး။ မနေ့ညနေက ရွာနေတဲ့ မိုးကိုကြည့်ပြီး၊ "ဗလာ" ဆိုတဲ့ ကဗျာလေးတစ်ပုဒ်ရေးဖြစ်တယ်။ ခုပါမလာဘူး။ နောက်မှတင်ရတော့မယ်။

ခုလောလောဆယ် ဘာလုပ်ချင်လဲ မေးရင် ဘာမှကိုလုပ်ချင်စိတ်မရှိဘူး။ စိတ်ညစ်နေလားဆိုတော့ လုံးဝမဟုတ်ပါ။ ပျော်လားဆိုလည်း မဟုတ်ပါ။ စိတ်ဓါတ်ကျနေလားဆိုရင်လည်း မဆိုင်ပါ။ မျှော်လင့်ချက်တွေပြည့်နေလားဆိုလည်း ဘာမှမရှိပါ။ ဘာလုပ်ချင်လဲ ဆိုလည်း မသိပါ။ ဘယ်သူနဲ့တွေ့ချင်တာလဲ မရှိပါ။ ဘယ်သူ့ကိုမှမတွေ့ချင်တာလည်းမဟုတ်ပါ။ ဘာဆိုဘာမှမသိပါ။ ခုလောလောဆယ် အချိန်ကိုဒီအတိုင်းအကုန်ခံနေတာပါပဲ။

March 26, 2008

သော့ပျောက်ခြင်း

မတ်လ တစ်လလုံး ကုန်တော့မယ်။ ဘာအသစ်မှကိုမတင်ဖြစ်ဘူး။
အင်း..........
ခေါင်းစဉ်တပ်လိုက်မယ်ကွာ။ သော့ပျောက်ခြင်း။

အရင်ကဆို ကျွန်မရဲ့ ဒီအိမ်ထဲကို ဘာအသစ်မှမထည့်နိုင်။ ဘာပြင်ဆင်မွမ်းမံမှုမှမလုပ်နိုင်ရင်တောင်မှ ဖုန်တော့ဝင်ဝင်သုတ်ပါသေးတယ်။ ခုတော့ ဖုန်သုတ်ဖို့မပြောနဲ့။ အိမ်ထဲတောင်မ၀င်ဖြစ်ဘူးဖြစ်နေတယ်။
အိုကေလေ။ သော့လည်းပြန်ရှာထားပါ့တယ်။ ဖုန်လည်းသုတ်ပါဦးမယ်။ decoration လည်းလုပ်ပါဦးမယ်။ အသစ်တွေလည်းထည့်ပါ့မယ်။

ခုတလော ပြောင်းလဲနေတာက အလုပ်ကထွက်ထားတယ်။ အသားကုန်အားနေတော့ အသားကုန်လျှောက်လည်တယ်။ အသားကုန်အိပ်တယ်။ ဒါပါပဲ။

February 28, 2008

အမိကိုသတ်သော အဇာတသတ်များ

အမိကိုသတ်သော အဇာတသတ်များ

အမိ
ငါတို့တတွေဟာ
သင့်ဆီက
အသွေးအသားတွေကို
ဖဲ့ချွေမီးတိုက်ခဲ့ကြတယ်
ငါတို့လို သားဆိုးတွေကို
ခွင့်မလွှတ်လိုက်ပါနဲ့
လန်းဆန်းတဲ့အင်အားရှိတဲ့
အသက်ဓါတ်ငွေ့တွေကို
ကစင့်ကလျားမောင်းထုတ်ယင်း
လေလုံပေါင်းချောင်ထဲက
အစမ်းသပ်ခံကြွက်ဖြူလို
ဂယောင်ချောက်ချား
ထွက်ပေါက်ရှာယင်း
သေဆုံးကြမှာကို
မက်မောဂုဏ်ယူခဲ့ကြတယ် ...
သန့်ရှင်းကြည်စင်တဲ့
သဘာဝမိုးရေအစား
အက်ဆစ်ပေါင်းတင်ရေတွေကို
ဇွန်းရှည်ရှည်နဲ့တစ်လှည့်စီ
ပျော်ပွဲစားခဲ့ကြတယ် ...
စိမ်းမြရောင်အမွေးအမျှင်တွေကို ရိတ်သိမ်း
အိုဇုန်းဝတ်ရုံတွေကို ထိုးဖောက်
အဆိပ်တွေကိုပဲ ငွေ့ရည်ဖွဲ့
ခေါင်မိုးယိုစိမ့်စေခဲ့တယ် ...
ကြည့်လိုက်စမ်းပါ
အမေဇုံ၊ အာဖရိက၊ ကွန်ဂို
ရိုးမနဲ့ဟိမ၀န္တာ
အစိမ်းရောင်နှုတ်ခမ်းတွေ
တစ်စစီပဲ့ကြွေကုန်တာများ ...

အမိ
သင်၏သားငယ်ချင်းအတူတူ (လူသားငါတို့သည်)
ငါတို့ရဲ့ခြေချောင်းတွေကို
မြွေရေခွံနဲ့ကာခဲ့တယ်
ခါးတ၀ိုက်ကို
နွားသားရေနဲ့ကျက်ခဲ့တယ်
ကျားသစ်ရေနဲ့
အင်္ကျီဒီဇိုင်းဖော်ခဲ့တယ်
မိချောင်းသားရေထဲ
ပိုက်ဆံတွေထိုးထည့်ခဲ့တယ် ...
ငါတို့ဟာ
အမိကမ္ဘာမြေရဲ့
ဆွေမျိုးရင်းခြာရယ်လို့
သနားညှာတာမရှိမိခဲ့ကြ
လူသားတစ်ဦးရဲ့
အခြေခံမေတ္တာတရား
ကျိုးပျက်ခဲ့ရပါတယ် ... ။
အာဟာရအဖြစ်တဲ့
အင်အားတိုးမြွေဟောက်စိမ်အရက်
သွေးစိမ်းရှင်ရှင်မျောက်ဦးခေါင်း
ရသာထူးကဲလိပ်တစ်ကောင်အသဲ
ဟင်းချိုငမန်းတောင်
အဆန်းအပြား
ဝက်ဝံနဲ့ကုလားအုတ်ခြေဖ၀ါးဟင်း
မြေမနင်းဝက်သား
အံ့မခန်းကုန်နိုင်ဘွယ်
စားစရာများလေ ...
.......
......
......
ငါတို့ဟာ
တိရစ္ဆာန်သေတွေနေထိုင်ရာဂူတစ်လုံးအဖြစ်ကို
ရွေ့လျားဝင့်ကြွားကြတာများ

အမိ
သင့်ရဲ့သည်းခံနိုင်ခြင်းအပေါ်
ငါတို့မဟာလူသား
ကျေးဇူးကန်းများက
အရက်စက်ဆုံး
အရိုင်းစိုင်းဆုံး
အခက်ထန်ဆုံး
အင်အားတွေသုံးခဲ့ကြပါတယ်
သင့်မျက်ဝန်းတွေပြာလာပါတယ်
သင်သည်လည်းအိုမင်းစွာ
ငါတို့ကိုပွေ့ချီထားရတုန်း
သင့်မျက်ရည်ကြည်များခန်းခြောက်
သင့်ခန္ဓာကိုယ်အပူချိန်တိုးလာခြင်းအပေါ်
ငါတို့သည်
သမိုင်းဦးဆီမှ
အာကာသခေတ်ဆီအထိ
တစ်ဦးကိုတစ်ဦးဂုဏ်ပြုယင်း
တကယ်တော့

အမိ
သင်၏အားဆုတ်မှုသည်
ငါတို့၏ချိနဲ့မှု
သင်အိုမင်းလာမှုကို
မစောင့်ရှောက်ခြင်းသည်
ငါတို့၏ပြိုလဲမှု
သင်နှင့်ငါတို့သည်
အကိုင်းဖျားနှင့်ရေသောက်မြစ်လို
ဝေးကွာလှသော်ငြားလည်း
တစ်ခုတည်းသော
အကြောင်းတရားများဖြစ်နေခဲ့ရ၏။
မဝေးတော့ပါဘူး ... အမိရယ်
အမှောင်ရဲ့ချောက်ထဲကို
သင့်ပုခုံးထက်မှာခိုစီးယင်း
ပြုတ်ကျမယ့်နေ့ဆီ
သင် တွန်းဖွင့်ထားတဲ့
အလေးလံဆုံးမျက်ခွံတွေ
အိ၍ကျလာမည့်နေ့ဆီ
ဂယောင်ခြောက်ခြား
ပင်သက်များ၏တော်လဲသံကို
ငါတို့၏
အစိုးမရသောဝိညာဉ်များဖြင့်စောင့်ရင်း ..... ။

(သဘာဝ၊ သစ်တော၊ တိရစ္ဆာန်များနှင့် အမိကမ္ဘာမြေ ကျန်းမာရေးသို့)

/* ကျောင်းတုန်းက senior အစ်ကိုကြီးတွေစုထုတ်တဲ့ ကဗျာစာအုပ်ထဲက ကဗျာလေးပါ။ အားလုံးကိုဝေမျှလိုက်ပါတယ်။ မူရင်းစာအုပ်မှာကိုက တစ်အုပ်လုံးမှာ ရေးတဲ့သူနာမည်တွေမပါလို့ နာမည်တော့ထည့်လို့မရဘူးပေါ့။ ဒီကဗျာရေးတဲ့ senior အစ်ကိုကြီးကိုလည်းကျေးဇူးတင်ပါတယ်လို့။ */

February 19, 2008

key chain

ပန်းရောင်တိမ်တွေ က တဲ့
ငါ့ရဲ့တစ်ခုသောမွေးနေ့မှာ
Gemini born, အထူးသဖြင့် June 18 မွေးသူအတွက် အဆောင်ဆိုပြီး
key chain လေးတစ်ခု အမှတ်တမဲ့ နင်ပေးတယ်။

လိပ်တက်လာတဲ့ ရယ်သံတွေကို
အဖြူရောင်တောက်တောက်အပြုံးတစ်ခုနဲ့ဖုံး
မယုံပေမဲ့ အသိအမှတ်ပြုမှုတစ်ခုတည်းအတွက်
အဲဒီအချိန်ကစပြီး ...
ငါ့ ကျောနောက်ကအိတ်တိုင်းမှာ
ငွေရောင်လက်လက်နဲ့ သူ့အတွက်
နေရာတစ်ခု အမြဲရှိခဲ့တယ်။

ညိုမှောင်မှောင် မိုးတွေရွာတဲ့
နောက်ဆုံးမှန်းမသိခဲ့တဲ့ နောက်ဆုံးနေ့က
နင့်ရဲ့ အကြည့်တစ်ချက်မှာ သူ ပါခဲ့လိမ့်မယ်။

အရောင်တွေ အစုံပြောင်းတတ်တဲ့ကောင်းကင်အောက်မှာ
ငွေရောင်တဖြည်းဖြည်းလွင့်သွားပေမယ့်
ဝမ်းနည်းတဲ့အချိန်မှာ လက်ဖ၀ါးထဲဆုပ်လျက်
ပျော်တဲ့အချိန်မှာ အေးစက်စက်အတွေ့နဲ့ပဲနွေးလျက်
ငါ့ ခံစားချက်အမျိုးမျိုးတို့ သိမ်းဆည်းရာ ပြတိုက်လေးဖြစ်လျက်
ပြန်လာလိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်ကို ခိုင်မြဲစေလျက်
သူ ... ငါ့နားမှာဝတ်ဖြည့်တယ်။

အရောင်တွေမရှိတဲ့ နေ့တစ်နေ့
ငါ့အရိပ်နဲ့ ငါလမ်းလျှောက်ရင်း
အကျင့်ပါနေတဲ့လက်က ကျောနောက်ဘက်ကိုအစမ်း
ဘယ်ဘက်ရင်ဘတ်က စူးခနဲ။

အယုံအကြည်မရှိပေမဲ့
သူနဲ့အတူ ငါ့ခံစားချက်အားလုံးပါသွားပြီးတဲ့ အဲဒီနေ့ကစ
ငါ ဖျားတယ်။

မှတ်တမ်း

အလွမ်းတဲ့ ...
သိမ်မွေ့တဲ့ မန္တန်တစ
နေညိုချိန် မင်းမျက်နှာလေးငေး ... လွမ်းရတာ
ပန်းကလေးကြိုးစားပမ်းစားပွင့်တာထက်
ပို အနုပညာဆန်ရဲ့ ။

ရင်ခြင်းအပ်
စီးမယ့်မြစ်နှစ်စင်း
မျက်ဝန်းတွေဖွင့်မဖတ်ဖြစ်လည်း
သူ့ရာသီနဲ့သူ
ပွင့်မယ်
မွှေးမယ်
အချိန်မှန် ...

နှလုံးသားနဲ့နမ်းမရတဲ့
ကမ္ဘာဦးဂီတမှာ
မပြောဖြစ်တဲ့ စကားလုံးတွေပါချင်ပါမယ်
ဘာမဟုတ်တဲ့ အကြည့်တချက်ပါချင်ပါမယ်
သနပ်ခါးရနံ့ပြယ်တဲ့ ပါးပြင်လေးပါချင်ပါမယ်။

အရွယ်ငယ်ငယ် စိတ်ထားလေးတင့်တင့်တယ်တယ်
သူ့ ငယ်နာမည်က အချစ် တဲ့။

နှလုံးသားကို လည်တိုင်မှာဆင်မြန်းပါ။
သစ္စာတရားကို ဘယ်ဘက်လက်သူကြွယ်မှာဝတ်ဆင်ပါ။
ဒီတသက်.. စွယ်တော်ရွက်လို
စိတ်ချလက်ချနေချင်တယ်
နင်နဲ့ငါ
ရှင်ကွဲမကွဲကြေး ။ ။

/* ဒီကဗျာက ကျွန်မရေးတာမဟုတ်ဘူးနော်။ မဂ္ဂဇင်းတစ်ခုထဲကနဲ့တူပါတယ်။ */