December 30, 2008

စောင့်ဆိုင်းခြင်း

အဲဒီနေ့က မှတ်မှတ်ရရ တကယ့်ကို သာယာတဲ့ ရာသီဥတုပါ။

အဲဒီနေ့က ကျွန်မတို့အတန်းရဲ့Ferryကလည်း ထုံးစံအတိုင်း သူများFerryထက် နောက်ကျပြီးလာတယ်။ သူငယ်ချင်းတွေကလည်း ပုံမှန်အတိုင်း ကျောင်းတက်တယ်။ အားလုံးလည်း ပုံမှန်အတိုင်း ပျော်ပျော်ရွှင်ရွှင်ပါပဲ။ Ferry ကားကလည်း မော်လမြိုင် ကွန်ပျူတာကောလိပ်ဝင်းထဲကို ပုံမှန်အတိုင်း ခပ်ဖြည်းဖြည်းဝင်လာတယ်။ ကျွန်မတို့ ဒုတိယနှစ် စာသင်ခန်းရှေ့မှာ ပုံမှန်အတိုင်းရပ်တယ်။ ပုံမှန်အတိုင်း ကားပေါ်ကနေ ခုန်ပေါက်ဆင်းကြတယ်။ ဟော မုဒုံဘက်ကလာတဲ့ ကျောင်းကားလည်း ရောက်နေပြီ။ ဒါဆို အတန်းထဲမှာ မုဒုံနဲ့ဖားအောက်က ကျောင်းသားတွေရောက်နေတာ သေချာပြီ။

ကျွန်မအတန်းထဲကို လှမ်းအ၀င် "ဂျက် ခဏလောက်" တဲ့။ အိုကေ။ လွယ်အိတ်သွားထားဦးမယ်။ ပြန်ထွက်လာမယ်။ ဒီနေ့ပထမဆုံးအတန်းချိန်က Teacherကြီး အချိန်ပါ။ ထုံးစံအတိုင်း Teacherကြီးက နောက်ကျမှာ သေချာပါတယ်။ အတန်းထဲမှာတော့ ထမင်းစားတဲ့သူနဲ့ စကားပြောတဲ့သူနဲ့ ထုံးစံအတိုင်း လှုပ်လှုပ်ရှားရှားပါ။ ဟိုဘက်အဆောင်ရော၊ ဒီဘက်အဆောင်ရော စာသင်နေကြပြီ။ ကော်ရစ်ဒါတွေရော၊ လမ်းမှာရော ကျောင်းသားတွေမရှိတော့ပါ။

ကျွန်မတို့ အတန်းရဲ့ ကော်ရစ်ဒါထောင့်ချိုးကို လာခဲ့ပါတယ်။ သူ့မျက်နှာကလည်း ထုံးစံအတိုင်း ခပ်ပုပ်ပုပ်နဲ့ပါ။ ကျွန်မစိတ်ကလည်း ထုံးစံအတိုင်း ခပ်မြူးမြူးနဲ့ ခပ်ရှင်းရှင်းပါပဲ။ "ဂျက် ငါသွားရတော့မယ်" သူ့ထုံးစံအတိုင်း ခပ်ပြတ်ပြတ်ပြောပါတယ်။ ကျွန်မထုံးစံအတိုင်း သူဘာပြောမှန်းနားမလည်ပါဘူး။ "ငါ့ကို နင် 10နှစ် စောင့်မလား။ နောက် 10နှစ်ကျရင် ငါပြန်လာခဲ့မယ်။"  ဒီတခါတော့ သူ့မျက်နှာ အနေအထားအရရော လေသံအရပါ ကျွန်မနည်းနည်း လန့်သွားပါတယ်။ ဘာဖြစ်လို့လဲလို့ သူ့ကိုပြန်မေးကြည့်ဖြစ်ခဲ့မှာ သေချာပါတယ်။ ဘုရားရေ သူ့မျက်လုံးထဲမှာ မျက်ရည်တွေများလား။ "နင် ငါ့ကို စောင့်နိုင်လား"တဲ့။ ကျွန်မ ခေါင်းသာခါလိုက်မိပါတယ်။ သူ ကျွန်မကို သေသေချာချာစိုက်ကြည့်နေတယ်။ ပြီးတော့မှ "မစောင့်နိုင်တာလား။ မစောင့်ချင်တာလား။" ။ ဒီတခါလည်း ကျွန်မခေါင်းခါလိုက်မိပြန်ပါတယ်။ သူ ကျွန်မကို မကြည့်တော့ပါဘူး။ ကော်ရစ်ဒါရဲ့ လက်ရန်းကိုသာ မမှိတ်မသုန်ကြည့်နေပါတယ်။ ကျွန်မကသာ သူ့ကို ကြည့်နေခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ အတန်းဝင်ဖို့ Teacherကြီးလာနေတာကို လှမ်းမြင်ရပါတယ်။ ကျွန်မလည်း အတန်းထဲ ပြန်ဝင်လာပြီး၊ သူကတော့ Teacherကြီးဆီသွားပြီး တခုခု ပြောနေတာ တွေ့ပါတယ်။ ကျွန်မလည်း ထုံးစံအတိုင်း အတန်းချိန်တွေတစ်ချိန်ပြီးတစ်ချိန်တက်တယ်။ ထုံးစံအတိုင်း အိမ်ပြန်ရောက်တယ်။ အရာအားလုံးဟာ ထုံးစံအတိုင်းပါပဲ။

 

အဲဒီနောက်ပိုင်းတော့ ထုံးစံအတိုင်း ရက်တွေတစ်ရက်ပြီးတစ်ရက်လွန်တယ်။ လတွေတစ်လပြီးတစ်လပြောင်းတယ်။ နှစ်တွေကိုပါခေါ်ပြီး ကျွန်မလည်း အသက်တွေ တစ်နှစ်ပြီးတစ်နှစ်ကြီးလာခဲ့ပါတယ်။ သူပြောတဲ့ စောင့်ဆိုင်းခြင်းဆိုတဲ့ အရာကိုတော့ ခုထိနားမလည်ခဲ့ပါဘူး။

No comments: