March 31, 2008

ရောက်တတ်ရာရာ

သော့ကလေ ရှာကိုမတွေ့ဘူး ဖြစ်နေတာ။ ဘယ်လိုလုပ်ရမလဲ။ ကူရှာပေးကြပါဦး။ :D

အလုပ်ကလည်း မရှိတော့ လုပ်စရာကမရှိဘူး။ အလုပ်မရှိလို့ ပိုက်ဆံလည်းမရှိဘူး။ အပြင်ထွက်ရမှာလဲ ပျင်းတော့။ မနက်ထတယ်။ မီးလာရင် computer ကလိတယ်။ မီးမလာရင်စာအုပ်ဖတ်တယ်။ နှစ်မျက်နှာလောက်ဖတ်ရင် အိပ်ပျော်ပြီ။ မီးပြန်လာရင်ပြန်ထတယ်။ စားတယ်။ အရင် အလုပ်နဲ့တုန်းက အချိန်မရှိလို့ ဆိုပြီး၊ မဖတ်ရသေးတဲ့ စာအုပ်တွေကို ဖတ်မဟဲ့ဆိုပြီးအားခဲထားသမျှ ဘာလို့မှန်းမသိ ခု မဖတ်ဖြစ်ဘူး။ စာတွေလည်းဘာမှမရေးဖြစ်ဘူး။ မအားတုန်းကတောင် ရေးဖြစ်သေး။ ခုဘာမှမရေးဖြစ်ဘူး။ ရေးလိုက်သမျှလည်း အဆင်မပြေဘူး။ ဘာခံစားမှုမှလည်း မရှိဘူး။ မနေ့ကတော့ မိုးတွေရွာတယ်။ ပိတောက်တွေပွင့်မယ်မှတ်တာ။ မတွေ့မိသေးဘူး။ မနေ့ညနေက ရွာနေတဲ့ မိုးကိုကြည့်ပြီး၊ "ဗလာ" ဆိုတဲ့ ကဗျာလေးတစ်ပုဒ်ရေးဖြစ်တယ်။ ခုပါမလာဘူး။ နောက်မှတင်ရတော့မယ်။

ခုလောလောဆယ် ဘာလုပ်ချင်လဲ မေးရင် ဘာမှကိုလုပ်ချင်စိတ်မရှိဘူး။ စိတ်ညစ်နေလားဆိုတော့ လုံးဝမဟုတ်ပါ။ ပျော်လားဆိုလည်း မဟုတ်ပါ။ စိတ်ဓါတ်ကျနေလားဆိုရင်လည်း မဆိုင်ပါ။ မျှော်လင့်ချက်တွေပြည့်နေလားဆိုလည်း ဘာမှမရှိပါ။ ဘာလုပ်ချင်လဲ ဆိုလည်း မသိပါ။ ဘယ်သူနဲ့တွေ့ချင်တာလဲ မရှိပါ။ ဘယ်သူ့ကိုမှမတွေ့ချင်တာလည်းမဟုတ်ပါ။ ဘာဆိုဘာမှမသိပါ။ ခုလောလောဆယ် အချိန်ကိုဒီအတိုင်းအကုန်ခံနေတာပါပဲ။

March 26, 2008

သော့ပျောက်ခြင်း

မတ်လ တစ်လလုံး ကုန်တော့မယ်။ ဘာအသစ်မှကိုမတင်ဖြစ်ဘူး။
အင်း..........
ခေါင်းစဉ်တပ်လိုက်မယ်ကွာ။ သော့ပျောက်ခြင်း။

အရင်ကဆို ကျွန်မရဲ့ ဒီအိမ်ထဲကို ဘာအသစ်မှမထည့်နိုင်။ ဘာပြင်ဆင်မွမ်းမံမှုမှမလုပ်နိုင်ရင်တောင်မှ ဖုန်တော့ဝင်ဝင်သုတ်ပါသေးတယ်။ ခုတော့ ဖုန်သုတ်ဖို့မပြောနဲ့။ အိမ်ထဲတောင်မ၀င်ဖြစ်ဘူးဖြစ်နေတယ်။
အိုကေလေ။ သော့လည်းပြန်ရှာထားပါ့တယ်။ ဖုန်လည်းသုတ်ပါဦးမယ်။ decoration လည်းလုပ်ပါဦးမယ်။ အသစ်တွေလည်းထည့်ပါ့မယ်။

ခုတလော ပြောင်းလဲနေတာက အလုပ်ကထွက်ထားတယ်။ အသားကုန်အားနေတော့ အသားကုန်လျှောက်လည်တယ်။ အသားကုန်အိပ်တယ်။ ဒါပါပဲ။

February 28, 2008

အမိကိုသတ်သော အဇာတသတ်များ

အမိကိုသတ်သော အဇာတသတ်များ

အမိ
ငါတို့တတွေဟာ
သင့်ဆီက
အသွေးအသားတွေကို
ဖဲ့ချွေမီးတိုက်ခဲ့ကြတယ်
ငါတို့လို သားဆိုးတွေကို
ခွင့်မလွှတ်လိုက်ပါနဲ့
လန်းဆန်းတဲ့အင်အားရှိတဲ့
အသက်ဓါတ်ငွေ့တွေကို
ကစင့်ကလျားမောင်းထုတ်ယင်း
လေလုံပေါင်းချောင်ထဲက
အစမ်းသပ်ခံကြွက်ဖြူလို
ဂယောင်ချောက်ချား
ထွက်ပေါက်ရှာယင်း
သေဆုံးကြမှာကို
မက်မောဂုဏ်ယူခဲ့ကြတယ် ...
သန့်ရှင်းကြည်စင်တဲ့
သဘာဝမိုးရေအစား
အက်ဆစ်ပေါင်းတင်ရေတွေကို
ဇွန်းရှည်ရှည်နဲ့တစ်လှည့်စီ
ပျော်ပွဲစားခဲ့ကြတယ် ...
စိမ်းမြရောင်အမွေးအမျှင်တွေကို ရိတ်သိမ်း
အိုဇုန်းဝတ်ရုံတွေကို ထိုးဖောက်
အဆိပ်တွေကိုပဲ ငွေ့ရည်ဖွဲ့
ခေါင်မိုးယိုစိမ့်စေခဲ့တယ် ...
ကြည့်လိုက်စမ်းပါ
အမေဇုံ၊ အာဖရိက၊ ကွန်ဂို
ရိုးမနဲ့ဟိမ၀န္တာ
အစိမ်းရောင်နှုတ်ခမ်းတွေ
တစ်စစီပဲ့ကြွေကုန်တာများ ...

အမိ
သင်၏သားငယ်ချင်းအတူတူ (လူသားငါတို့သည်)
ငါတို့ရဲ့ခြေချောင်းတွေကို
မြွေရေခွံနဲ့ကာခဲ့တယ်
ခါးတ၀ိုက်ကို
နွားသားရေနဲ့ကျက်ခဲ့တယ်
ကျားသစ်ရေနဲ့
အင်္ကျီဒီဇိုင်းဖော်ခဲ့တယ်
မိချောင်းသားရေထဲ
ပိုက်ဆံတွေထိုးထည့်ခဲ့တယ် ...
ငါတို့ဟာ
အမိကမ္ဘာမြေရဲ့
ဆွေမျိုးရင်းခြာရယ်လို့
သနားညှာတာမရှိမိခဲ့ကြ
လူသားတစ်ဦးရဲ့
အခြေခံမေတ္တာတရား
ကျိုးပျက်ခဲ့ရပါတယ် ... ။
အာဟာရအဖြစ်တဲ့
အင်အားတိုးမြွေဟောက်စိမ်အရက်
သွေးစိမ်းရှင်ရှင်မျောက်ဦးခေါင်း
ရသာထူးကဲလိပ်တစ်ကောင်အသဲ
ဟင်းချိုငမန်းတောင်
အဆန်းအပြား
ဝက်ဝံနဲ့ကုလားအုတ်ခြေဖ၀ါးဟင်း
မြေမနင်းဝက်သား
အံ့မခန်းကုန်နိုင်ဘွယ်
စားစရာများလေ ...
.......
......
......
ငါတို့ဟာ
တိရစ္ဆာန်သေတွေနေထိုင်ရာဂူတစ်လုံးအဖြစ်ကို
ရွေ့လျားဝင့်ကြွားကြတာများ

အမိ
သင့်ရဲ့သည်းခံနိုင်ခြင်းအပေါ်
ငါတို့မဟာလူသား
ကျေးဇူးကန်းများက
အရက်စက်ဆုံး
အရိုင်းစိုင်းဆုံး
အခက်ထန်ဆုံး
အင်အားတွေသုံးခဲ့ကြပါတယ်
သင့်မျက်ဝန်းတွေပြာလာပါတယ်
သင်သည်လည်းအိုမင်းစွာ
ငါတို့ကိုပွေ့ချီထားရတုန်း
သင့်မျက်ရည်ကြည်များခန်းခြောက်
သင့်ခန္ဓာကိုယ်အပူချိန်တိုးလာခြင်းအပေါ်
ငါတို့သည်
သမိုင်းဦးဆီမှ
အာကာသခေတ်ဆီအထိ
တစ်ဦးကိုတစ်ဦးဂုဏ်ပြုယင်း
တကယ်တော့

အမိ
သင်၏အားဆုတ်မှုသည်
ငါတို့၏ချိနဲ့မှု
သင်အိုမင်းလာမှုကို
မစောင့်ရှောက်ခြင်းသည်
ငါတို့၏ပြိုလဲမှု
သင်နှင့်ငါတို့သည်
အကိုင်းဖျားနှင့်ရေသောက်မြစ်လို
ဝေးကွာလှသော်ငြားလည်း
တစ်ခုတည်းသော
အကြောင်းတရားများဖြစ်နေခဲ့ရ၏။
မဝေးတော့ပါဘူး ... အမိရယ်
အမှောင်ရဲ့ချောက်ထဲကို
သင့်ပုခုံးထက်မှာခိုစီးယင်း
ပြုတ်ကျမယ့်နေ့ဆီ
သင် တွန်းဖွင့်ထားတဲ့
အလေးလံဆုံးမျက်ခွံတွေ
အိ၍ကျလာမည့်နေ့ဆီ
ဂယောင်ခြောက်ခြား
ပင်သက်များ၏တော်လဲသံကို
ငါတို့၏
အစိုးမရသောဝိညာဉ်များဖြင့်စောင့်ရင်း ..... ။

(သဘာဝ၊ သစ်တော၊ တိရစ္ဆာန်များနှင့် အမိကမ္ဘာမြေ ကျန်းမာရေးသို့)

/* ကျောင်းတုန်းက senior အစ်ကိုကြီးတွေစုထုတ်တဲ့ ကဗျာစာအုပ်ထဲက ကဗျာလေးပါ။ အားလုံးကိုဝေမျှလိုက်ပါတယ်။ မူရင်းစာအုပ်မှာကိုက တစ်အုပ်လုံးမှာ ရေးတဲ့သူနာမည်တွေမပါလို့ နာမည်တော့ထည့်လို့မရဘူးပေါ့။ ဒီကဗျာရေးတဲ့ senior အစ်ကိုကြီးကိုလည်းကျေးဇူးတင်ပါတယ်လို့။ */

February 19, 2008

key chain

ပန်းရောင်တိမ်တွေ က တဲ့
ငါ့ရဲ့တစ်ခုသောမွေးနေ့မှာ
Gemini born, အထူးသဖြင့် June 18 မွေးသူအတွက် အဆောင်ဆိုပြီး
key chain လေးတစ်ခု အမှတ်တမဲ့ နင်ပေးတယ်။

လိပ်တက်လာတဲ့ ရယ်သံတွေကို
အဖြူရောင်တောက်တောက်အပြုံးတစ်ခုနဲ့ဖုံး
မယုံပေမဲ့ အသိအမှတ်ပြုမှုတစ်ခုတည်းအတွက်
အဲဒီအချိန်ကစပြီး ...
ငါ့ ကျောနောက်ကအိတ်တိုင်းမှာ
ငွေရောင်လက်လက်နဲ့ သူ့အတွက်
နေရာတစ်ခု အမြဲရှိခဲ့တယ်။

ညိုမှောင်မှောင် မိုးတွေရွာတဲ့
နောက်ဆုံးမှန်းမသိခဲ့တဲ့ နောက်ဆုံးနေ့က
နင့်ရဲ့ အကြည့်တစ်ချက်မှာ သူ ပါခဲ့လိမ့်မယ်။

အရောင်တွေ အစုံပြောင်းတတ်တဲ့ကောင်းကင်အောက်မှာ
ငွေရောင်တဖြည်းဖြည်းလွင့်သွားပေမယ့်
ဝမ်းနည်းတဲ့အချိန်မှာ လက်ဖ၀ါးထဲဆုပ်လျက်
ပျော်တဲ့အချိန်မှာ အေးစက်စက်အတွေ့နဲ့ပဲနွေးလျက်
ငါ့ ခံစားချက်အမျိုးမျိုးတို့ သိမ်းဆည်းရာ ပြတိုက်လေးဖြစ်လျက်
ပြန်လာလိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်ကို ခိုင်မြဲစေလျက်
သူ ... ငါ့နားမှာဝတ်ဖြည့်တယ်။

အရောင်တွေမရှိတဲ့ နေ့တစ်နေ့
ငါ့အရိပ်နဲ့ ငါလမ်းလျှောက်ရင်း
အကျင့်ပါနေတဲ့လက်က ကျောနောက်ဘက်ကိုအစမ်း
ဘယ်ဘက်ရင်ဘတ်က စူးခနဲ။

အယုံအကြည်မရှိပေမဲ့
သူနဲ့အတူ ငါ့ခံစားချက်အားလုံးပါသွားပြီးတဲ့ အဲဒီနေ့ကစ
ငါ ဖျားတယ်။

မှတ်တမ်း

အလွမ်းတဲ့ ...
သိမ်မွေ့တဲ့ မန္တန်တစ
နေညိုချိန် မင်းမျက်နှာလေးငေး ... လွမ်းရတာ
ပန်းကလေးကြိုးစားပမ်းစားပွင့်တာထက်
ပို အနုပညာဆန်ရဲ့ ။

ရင်ခြင်းအပ်
စီးမယ့်မြစ်နှစ်စင်း
မျက်ဝန်းတွေဖွင့်မဖတ်ဖြစ်လည်း
သူ့ရာသီနဲ့သူ
ပွင့်မယ်
မွှေးမယ်
အချိန်မှန် ...

နှလုံးသားနဲ့နမ်းမရတဲ့
ကမ္ဘာဦးဂီတမှာ
မပြောဖြစ်တဲ့ စကားလုံးတွေပါချင်ပါမယ်
ဘာမဟုတ်တဲ့ အကြည့်တချက်ပါချင်ပါမယ်
သနပ်ခါးရနံ့ပြယ်တဲ့ ပါးပြင်လေးပါချင်ပါမယ်။

အရွယ်ငယ်ငယ် စိတ်ထားလေးတင့်တင့်တယ်တယ်
သူ့ ငယ်နာမည်က အချစ် တဲ့။

နှလုံးသားကို လည်တိုင်မှာဆင်မြန်းပါ။
သစ္စာတရားကို ဘယ်ဘက်လက်သူကြွယ်မှာဝတ်ဆင်ပါ။
ဒီတသက်.. စွယ်တော်ရွက်လို
စိတ်ချလက်ချနေချင်တယ်
နင်နဲ့ငါ
ရှင်ကွဲမကွဲကြေး ။ ။

/* ဒီကဗျာက ကျွန်မရေးတာမဟုတ်ဘူးနော်။ မဂ္ဂဇင်းတစ်ခုထဲကနဲ့တူပါတယ်။ */

February 15, 2008

ပြသနာ (မိကောက်)

ပြသနာ

ပြောသားပဲ
ကျုပ်အရပ်က ပုပု
ခင်ဗျားထုတဲ့ခုံက ခြေတံရှည်
ထိုင်စေဆိုတော့
ဖ၀ါးက ကြမ်းပြင်နဲ့မထိ
အောက်ခြေလွတ်တယ်လို့
ကျုပ်ကို မရိနဲ့။

ဘာမှမပါတဲ့တောင်း
ခါးစောင်းမှာဆင်
" အလွန်လေးပင်သောအိုက်တင်နဲ့ မ" တဲ့
ကျုပ်ကို သင်ပြ
တကယ့်ကို ဂွကျရော။

ပြိုင်ဆိုင်ဖို့ စိတ်မ၀င်စားတတ်တဲ့
ဇာတ်လိုက်ကို ငှား
ခဏခဏ စိမ်ခေါ်ခံရတဲ့
ရိုက်ကွက်တွေက များ
မသိဆိုးရွား
ဒါရိုက်တာကြီးကပဲ မဟန်တာလား
ဇာတ်လိုက် နာမည်ပျက်ဖို့ပဲ ဖန်တာလား။ ။

မိကောက်

/* ဒီကဗျာလေးကတော့ ကျွန်မရဲ့ လူဆိုး၀၀ကြီးက အကြိုက်ဆုံးတဲ့။ တင်ပေးရမယ်တဲ့လေ။ ကိုယ်ကြိုက်တဲ့ ကဗျာတွေမတင်ခင် တင်ပေးလိုက်တယ်။ နှိပ်စက်မှာစိုးလို့ပါ။ */

February 14, 2008

My Favourite poems


ရင်ထဲ ဦးနှောက်ထဲ ရှိရှိသမျှ
စိတ်ခံစားမှုတွေအားလုံးပုံပြီး
ကျွန်မ မောင့်ကိုချစ်ခဲ့တယ်လေ။
ဒါနဲ့ဘဲ "ခပ်ညံ့ညံ့" ကို မွေးဖွားလာရတယ်။
တကယ်တော့ "ခပ်ညံ့ညံ့" ဟာ
မောင့် ... ပါကွယ်။

မိကောက် ရဲ့ ခပ်ညံ့ညံ့ကဗျာများ ဆိုတဲ့ ကဗျာစာအုပ်လေးကို ကျွန်မရဲ့ လူဆိုး၀၀ကြီးကယူလာခဲ့တယ်လေ။ မိကောက် ကဗျာတွေကိုအရင်တုန်းကမဖတ်ဖူးပါဘူး။ ဒီစာအုပ်မှာမှ ဖတ်ဖူးတာပါ။ တော်တော်လေးသဘောကျတယ်။ ကဗျာပေါင်း (၆၅)ပုဒ် နဲ့ အားရပါးရဖတ်ရတဲ့ စာအုပ်ပါပဲ။ (၆၅)ပုဒ်လုံးကို သဘောကျတယ်လို့ပြောရမယ်။ စိတ်အဆာတော်တော်ပြေစေတာပါပဲ။ အရေးအသားရော၊ စကားလုံးတွေရောပေါ့။ တော်တော်ကြီးကြိုက်တဲ့ ကဗျာတွေကို နောက်အခေါက်တွေမှာ တင်ထားပါဦးမယ်။ ဖတ်ကြည့်ကြပါဦး။

February 11, 2008

Feb 13


အောင်ဆန်းဇာနည်

ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ
၁၉၁၅ ရှေ့နေဦးဖာသား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဘွား
မိခင်ဒေါ်စုသား။

၁၉၄၇ ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင်တစ်ဆယ့်ကိုး ။
ပြည်ထောင်စုရဲ့ကျေးဇူးရှင်
ဗိုလ်ချုပ်တို့ဖခင်
ကောင်းစေချင်တဲ့မှာစကား
ငါတို့မမေ့အား ။
ပြည်ထောင်လွတ်ရေးကြိုးပမ်းအောင်
ပြည်ချစ်တို့ခေါင်းဆောင်
ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား။

/* Pinkgold blog မှကူးယူဖော်ပြပါသည်။ */

February 09, 2008

ဆံပင်ရှည်ထားခြင်းနှင့်ကျွန်မ


စိတ်ရှုပ်လာရင် အများဆုံးအပြစ်ပေးခံရတာကတော့ ဆံပင်ပါ။ အရင်ကလည်း စိတ်ရှုပ်လာတိုင်း ဆံပင်ညှပ်တယ်။ မွေးသမိခင်က ဆံပင်အတိုမုန်းတီးရေး။ မိန်းကလေးဆိုရင် ဆံပင်က အတိုဆုံး ပုခုံးလေးတော့ ထိနေမှဆိုတာမျိုး။ ကျွန်မကလည်း ဆံပင်အတိုကြိုက်တယ်။ ဘာရယ်မဟုတ်ဘူး။ ပေါ့ပေါ့ပါးပါးရှိလို့။ အနည်းဆုံး တစ်လတစ်ခါတော့ ဆံပင်ညှပ်ရတယ်။ ဒီတော့ အနည်းဆုံးတစ်လတစ်ခါတော့ နားပူတယ်။ ဒီကြားထဲ အမေရှေ့ခေါင်းမဖြီးရဲတဲ့ဒုက္ခ။ သူကလည်း ဒီဆံပင်ကို သတိထားမိတာနဲ့ စိတ်ကတိုရောလေ။ ဒီဒုက္ခကြီး မခံချင်တော့တာနဲ့ ပြီးပြီးရော ဆံပင်အရှည်ထားမယ်ဆိုပြီး၊ current condition က ဆံပင်အရှည်ထားနေသည် ဖြစ်လာတာပါ။ ခုတော့ ဒီဆံပင်က ပုခုံးထိလာပြီ မညီမညာနဲ့။ စိတ်ကရှုပ်လာတိုင်း သူ့ပဲအပြစ်မြင်တယ်။ ညှပ်လိုက်ပြန်ရင်လည်း မွေးမိခင်က စိတ်ဆင်းရဲဦးမယ်။ ခုလောလောဆယ် ဒီဒုက္ခကလည်း တော်တော်ကြီးတယ်။ လာလာရှုပ်နေတာကို သည်းမခံနိုင်တာနဲ့ ရသလောက်ကိုစုစည်းထားတာ အနောက်မှာ သေးသေးလေးရတယ်။ သူများမြင်ရင်တော့ ဟားစရာပဲ။ ဘယ်သူဘာပြောပြော ကိုယ်စိတ်မရှုပ်ဖို့ အရေးကြီးတယ်။ ပြသနာတစ်ခုအေးရော။
ဒါပေမယ့်.......... အမြဲတမ်းတော့ အတိုညှပ်ဖို့ အခွင့်အရေးကိုတော့ ချောင်းမြောင်းနေတာပါပဲ။

Current Dairy

ခုတလော စိတ်ဓာတ်ရေးရာလေးချို့တဲ့နေလို့ ဘာမှမရေးဖြစ်ဘူး ဖြစ်နေတယ်။ ပြီးခဲ့တဲ့ 2007 အတွင်းမှာ စိတ်ရှုပ်စရာတွေချည်းကြုံခဲ့ရတယ်။ ဒီတော့ 2008 လေးကိုတော့ မျှော်လင့်မိတယ်ပေါ့။ စစချင်းဆောက်နဲ့ထွင်းသလို ၄လလောက်စိတ်ကူးပြီး မျှော်လင့်ထားတာလေးက ရေစုန်မျောသွားတော့ နည်းနည်းတော့ ထိတယ်။ ကိုယ့်အပြစ်နဲ့ကိုယ်ပဲလေ။ ကိုယ်အသုံးမကျလို့ ဆိုတာသိတော့လည်း ဘာလုပ်ရမှာလဲနော့။ 2007အစကနေခုထိ ဘာမှမတိုးတက်လာသလို နဂိုရှိရင်းစွဲတွေတောင် ကျသွားတာတော့ မပြောနဲ့လေ။ ကိုယ်ကိုယ်တိုင်ရဲ့ လုံ့လ၊ ၀ီရိယ တွေကလည်း zero ကိုး။ ဘ၀တလျှောက်လုံး ဘယ်ဟာကိုမဆို အသည်းအသန်၊ အိပ်ပျက်ခံကြိုးစားဖူးတယ်ဆိုတာမရှိပေမဲ့ အထိုက်အလျောက်တော့ အချိန်ပေး၊ အာရုံစိုက်ခဲ့တာချည်းပဲ။ ကျောင်းပြီးတဲ့ နောက်ပိုင်း 2006 Oct လောက်ကစပြီး၊ ဘာလုပ်လုပ် ပေါ့ပေါ့လေးလုပ်တတ်တဲ့အကျင့်၊ စိတ်နဲ့ပဲကြိုးစားပြီး လူကနောက်ကမလိုက်တဲ့အကျင့်တွေ ဘယ်ကဘယ်လို ရောက်လာမှန်းမသိတော့ဘူး။ ပျင်းတတ်လာတာလည်း အလွန်အကျွံ။ ဒီတော့ ခုထိဆို တဖြည်းဖြည်းနဲ့ ပျင်းရာကနေ ဖျင်းလာတာ ဆန်းမယ်တော့မထင်ဘူး။ လောကကြီး မတရားဘူးလို့လည်း မထင်ပါဘူး။

ဒီ blog ကိုလည်း လာလာဖတ်ကြတဲ့ လူအားလုံးကို ကျေးဇူးလည်းတင်၊ အားလည်းနာပါတယ်။ ဘာမှထူးထူးခြားခြား မတင်ဖြစ်တော့လေ။ ဘယ်လိုပြောရမှန်းတောင်မသိပါဘူး။ စိတ်ညစ်စရာချည်းပဲ တွေ့နေတယ်လို့ ပြောကြမယ် ထင်တယ်။ အားနာပါတယ်။ တကယ်ကို အားနာပါတယ်။