November 20, 2007

အသက်ရှူကျပ်ရခြင်း အကြောင်းများ (၁)

အသက်ရှူကျပ်ရခြင်း အကြောင်းများ (၁)

ကျွန်တော်လည်း နယ်ပြန်ပြီး၊ အေးအေးဆေးဆေးပဲ နေတော့မလားလို့ပါ။ ’

နယ်မှာရော ဘာလုပ်မှာလဲ။ ’

ဒီလိုပေါ့ အစ်ကိုရယ်။ မိဘနဲ့တူတူဆိုတော့လေ။ ’

ခုလုပ်တဲ့ အလုပ်ကရော အဆင်မပြေလို့လား။ ’

‘ ပြေတယ်၊ မပြေဘူးတော့မဟုတ်ပါဘူး။ လုပ်ချင်တဲ့ အလုပ်တော့ မဟုတ်ဘူးပေါ့။ ရန်ကုန်စရိတ်နဲ့ကလည်း အလုပ်လေးတစ်ခုခု ရှိနေမှ မဟုတ်လား။ အလုပ်တစ်ခုရဖို့ဆိုတာကလည်း မလွယ်ဘူးလေ။ ရတာလေးပဲ မှေးလုပ်ထားရတာပေါ့ အစ်ကိုရယ်။ ’
‘ ဒါပေမယ့် ဒီလိုပဲနေလို့ကလည်း တသက်လုံးဘာမှ ဖြစ်လာမှာတော့ မဟုတ်ဘူးလေ။ တခုခုတော့ စွန့်စားရမှာပေါ့။ ’
‘ (၁၀)ပုံးကျော်လောက်ဆိုရင်လည်း မလေး လောက်ပဲရမှာ၊ မလေးက (၂)နှစ်လောက်လုပ်မှအရင်းလောက်ရမှာ။ ဂျပန်တို့ဘာတို့ကျတော့လည်း ရာကျော်မယ်။ အဲဒီလောက်တော့လည်း မခံနိုင်ဘူးလေ။ ’

အင်း။ အစ်ကိုတို့လည်း ဒီလိုပါပဲ။ .....................’

ဒါနဲ့ ................................................................ ’

ကျွန်မဘေးက လူနှစ်ယောက်ပြောဆိုနေကြတာပါ။ နှစ်ဆယ်ကျော် အစိတ်ပတ်ဝန်းကျင်လောက်ရှိတဲ့ လူတစ်ယောက်နဲ့ ဒီထက်နည်းနည်းငယ်မယ့် ကောင်လေးတစ်ယောက်ပါ။ ပြောနေတဲ့ ကောင်လေးက ဘာလုပ်ချင်တာလဲ။ သူပြောတာတွေက မှန်မမှန်တော့ မသိဘူး။ ဒါပေမယ့် ခုဖြစ်နေတာတော့ အမှန်ပဲ။

ကျွန်မတို့မိဘတွေ ကျွန်မတို့မောင်နှမသုံး၊လေးယောက်ကို တပြိုင်တည်း ဘယ်လိုရှာဖွေကျွေးမွေးခဲ့ပါလိမ့်။ ကျွန်မတို့မှာတော့ ကိုယ်ရနေတဲ့လခက မိဘကိုကျွေးဖို့ မပြောနဲ့၊ ကိုယ်သုံးဖို့တောင် မလောက်လို့။ ပိုက်ဆံတစ်ခုတည်းအတွက် ၀ါသနာပါပါ မပါပါ ရတဲ့အလုပ်လေးလုပ်နေရတဲ့သူတွေ ဘယ်လောက်များ များလိုက်မလဲ။ အဲဒီလိုရတဲ့အလုပ်လေးမှေးလုပ်ရင်းနဲ့ပဲ ကိုယ်ဘာဖြစ်ချင်မှန်းမသိ ကိုယ်ဘာသာပျောက်ဆုံးနေတဲ့ သူတွေဘယ်လောက်များ များလိုက်မလဲ။

ကိုယ်ဘာဖြစ်ချင်တယ် ဆိုတာ ကိုယ့်ဘာသာ ဆုံးဖြတ်ရမယ်ဆိုတာ မှန်ပါတယ်။ ကိုယ်ဖြစ်ချင်တဲ့ ‘ဘာ’ ဆိုတာဖြစ်လာဖို့ နောက်ကလိုက်ရမယ့် အရာတွေလည်းများသားပါကလား။ ဥပမာ-ကိုယ့်ဝါသနာမှ မလုပ်ရရင်မလုပ်ဘူးဆိုတဲ့ ကျွန်မတို့ကို တင်ကျွေးထားနိုင်လောက်တဲ့ မိဘရဲ့ အခြေအနေ၊ ကိုယ့်ဝါသနာကို professional ဖြစ်လာစေဖို့လိုအပ်တဲ့ကျွမ်းကျင်မှုအတွက် အချိန်နဲ့ငွေ၊ (ဇွဲ၊ လုံ့လ၊ ၀ိရိယ၊ ကြိုးစားအားထုတ်မှု စတာတွေကိုတော့ ထည့်ပြောမနေတော့ပါဘူး။ ဒါလူတိုင်းသိပါတယ်။)

ခုကျွန်မတို့ဘ၀တွေက ဘာဖြစ်ချင်တယ်ဆိုတာကို နောက်ကလိုက်ရမယ့်အရာတွေနဲ့ ချိန်ထိုးပြီး၊ ဆုံးဖြတ်နေကြရပါတယ်။ ဒီတော့လည်း ဖြစ်ချင်တာတခြား ဖြစ်နေတာတခြားတွေ၊ ဘာဖြစ်ချင်လို့ ဖြစ်ချင်မှန်းမသိတွေ၊ အဆင်ပြေတာ၊ ပိုက်ဆံများများရတာ၊ ဟိုဟာဆို ဟိုဟာလိုက်၊ ဒီဟာဆို ဒီဟာလိုက်တွေ များများလာတာနေမှာပါ။ ဒီအခြေအနေတွေ ဖြစ်ဖြစ်နေတာ ကျွန်မတို့တွေကပဲ ညံ့လွန်းလို့လား။ ဒါမှမဟုတ် .................


သိမ်းမယ်

အထပ်ထပ်ကြဲချခြေရာများ
နှလုံးသားပေါ်
မြတ်နိုးစွာ သိမ်းမယ်။

ဘာကြောင့်ပစ်ပစ်
ဘယ်လောက်ပစ်ပစ်
မင်းမျက်စောင်းတွေအားလုံး
အချစ်နဲ့လဲပြီး သိမ်းမယ်။

မြင်လိုက်တာနဲ့
စံပယ်ဖူးလို စူသွားတဲ့မင်းနှုတ်ခမ်း
မျက်ဝန်းထဲမှာ သိမ်းမယ်။

ရင်ခုန်သံတွေအပေါ်
နင်းသွားတဲ့ မင်းခြေဆောင့်သံ
နားနှစ်ဖက်နဲ့ သိမ်းမယ်။

အထပ်ထပ်ဝါးထားတဲ့
မင်းပီကေလေး
ခေါင်းထက်မှာ သိမ်းမယ်။

တွေ့လိုက်တာနဲ့
ချာခနဲ လှည့်အထွက်
အင်္ကျီကြားက မင်းခါးသားလေး
ဝင်းမွတ်စွာ သိမ်းမယ်။

မင်းချွေးသုတ်ပြီး လွှင့်ပစ်တဲ့
တစ်သျှူးပေါ်က အနံ့လေး
အိပ်ကပ်ထဲမှာ အမြဲသိမ်းမယ်။

အမြဲမလစ်လပ်တဲ့ မင်းနှလုံးသား
လပ်ရဲလပ်ကြည့်
အတွေးနဲ့ သိမ်းမယ်။

အရမ်းခံစားပြီး ရေးထားတဲ့ကဗျာလေး
ပေးဖတ်လိုက်တဲ့အခါ
အစိတ်စိတ်အမွှာအမွှာ ဆုတ်ဖြဲပြီး
ဘာကြောင်တာလဲ ဆိုတဲ့
မင်းအသံလေးနဲ့ပဲ ထုပ်သိမ်းမယ်။

ရည်းစား
တစ်ယောက်က တစ်ယောက်အကူး
ထွက်ကျသွားတဲ့ မင်းရယ်သံ
နှုတ်ခမ်းထက်မှာ သိမ်းမယ်။

နေ့ည တွေးသမျှ အတွေးတွေအကုန်လုံး
မင်းသိမ်းသွားတဲ့အခါ
အကြီးကျယ်ဆုံး အရှုံးတစ်ခု သိမ်းမယ်။

ရည်းစားဘ၀ စိတ်ကောက်ရင်
ရာထူးတက်တယ်တဲ့
ရည်းစားမဟုတ်သေးပေမယ့်
မင်းစိတ်ကောက်နေတာလေး
စိတ်နဲ့ သိမ်းမယ်။

မတွေ့မမြင်တာကြာလို့ မေးတဲ့အခါ
ဖျားနေတာ အဖျားတွေ တသက်လုံးသိမ်းပါလား တဲ့
တုံ့ပြန်စကားလုံးများ
အိမ်မက်ထဲမှာ သိမ်းမယ်။

ရိုက်တော့မယ်လို့
မာန်စောင်နေတဲ့ မင်းလက်ဖ၀ါးလေး
ပါးပြင်ပေါ်မှာ သိမ်းမယ်။

အချစ်တစ်ခုတည်းနဲ့သာ
လိမ်းခြယ်ထားမိတဲ့ ဘ၀လေး
ကျားသစ်လက် ငါးမန်းပါးစပ်နဲ့
တစ်ဟုန်ထိုး ဟပ်ဟပ်နေတာ
မင်း ...
ပြန်မအမ်းတော့ဘူးလားဟင်
သိမ်းချင်လို့ပါ
သိမ်းမယ်။ ။

စောဝေ

November 16, 2007

ဖျော်ရည်

ဘယ်လိုအကြောင်း ဘယ်လိုကံမျိုးနဲ့မှ
နောက်တစ်ကြိမ် ပြန်သောက်ခွင့်မရှိတဲ့
ဖျော်ရည်တစ်ခွက်ကို အားလုံးနဲ့တူတူ သောက်ဖူးတယ်။

အဲဒီဖျော်ရည်ထဲမှာ
တလက်လက်တောက်နေတဲ့ မျှော်လင့်ချက်တွေ
မကောက်ကျစ်တတ်သေးတဲ့ ကိုယ်ကျင့်တရားတွေ
အရောင်မပါတဲ့ ရင်ခုန်သံတွေ
ချစ်ခြင်းထက်ပိုတဲ့ သံယောဇဉ်တွေ
နောက် ... ပျော်စရာကောင်းတဲ့ နာကျင်မှုတွေ
...............
အချိုးကျကျရောစပ်ထားခဲ့တယ်။

တဖြည်းဖြည်းသေဆုံးလာနေတဲ့ မျှော်လင့်ချက်တွေ
အတ္တဆန်လာတဲ့ ကိုယ်ကျင့်တရားတွေ
နွေးထွေးချင်ယောင်ဆောင်လာတဲ့ အေးစက်မှုတွေ
စည်ကားသလိုနဲ့ အထီးကျန်မှုတွေ
ဒါနဲ့ပဲ ခုချိန်မှာငါ ...
ဖျော်ရည်သောက်ရတဲ့ကာလကို အိမ်မက်မက်တယ်။

16th Nov 2007.. 5:10 Pm

November 13, 2007

ဝတ်စားဆင်ယင်မှု

တောကျတယ်လို့ပဲပြောပြောပါ။ နည်းနည်းတော့ ကြေငြာဦးမယ်။ စကဒ်အတိုလေးများကို မ၀တ်ဖြစ်ပေမဲ့ ကြည့်ရတာပေါ့ပေါ့ပါးပါးလွတ်လွတ်လပ်လပ် ရှိသည်ဟု ခံစားမိ၍ ကြိုက်ပါတယ်။ ပြောချင်တဲ့အဓိကကတော့ ဒူးခေါင်းအထက်ပြဿနာပင်ဖြစ်သည်။ ကျွန်မကတော့ ဒူးခေါင်းအထက်စကဒ်၊ ဘောင်းတိုတို့ကို ဘယ်လိုမှခံစား၍မရပါ။ Dynaလို ကားမျိုးပေါ်တက်တဲ့အခါမျိုးမှာ ကျွန်မကိုရင်တုန်အောင်ခံစားမှုကို ပေးစွမ်းနိုင်လို့ထင်ပါရဲ့။ ဘာလို့များ အဲလိုစကဒ်တွေကြိုက်သလဲလို့ပေါ့။ ဘယ်လောက်ပဲ ခြေထောက်လေးက ဖော့ဖယောင်းအလား သွယ်ပြောင်းနေပါစေ ကျွန်မကတော့ ကြည့်ရတာနဲ့ကိုမကြိုက်ပါဘူး။ (ကျွန်မကမိန်းကလေးမို့လို့လားတော့ မသိဘူးနော့)။ ဒူးနားလောက်စကဒ်ကလေးတွေလည်းလှပါတယ်။ အဲ အဲ ဒါပေမယ့် ဒူးနားလောက်ရှိပေမယ့် ပါးပါးကားကားလေးဆိုရင်လည်း တစ်မျိုးရင်တုန်စရာလေ။ နော့။
ကဲ ထားပါလေ။ ဘယ်သူဘာဝတ်ဝတ်ပေါ့။ ကိုယ်မကျေနပ်ရင်လျှောက်မကြည့်ပြီးတာပဲ။ မျက်စိထဲ ကိုးလိုးကန့်လန့်ဆို ကြည့်မိတဲ့ ကိုယ့်မျက်လုံးကိုပဲ အပြစ်တင်ပါတယ်။

ကြုံတုန်းတော့ ကိုယ့်အကြိုက်လေးလည်း ပြောခဲ့ဦးမှ။ ကျွန်မကတော့ ဂျင်းဘောင်းဘီနဲ့ Tရှပ်၊ ရှပ်လက်တို ကိုအကြိုက်ဆုံးပါ။ ဘောင်းဘီမ၀တ်သင့်၊ မ၀တ်ရတဲ့နေရာအတွက်ဆိုရင်တော့ ထမီရှည်ရှည် ၀တ်ရတာ ကြိုက်တယ်။ မ၀တ်ဖြစ်ပေမဲ့ အကြိုက်ဆုံးကတော့ မြန်မာချည်ထမီနဲ့ မြန်မာချည်အင်္ကျီပါ။ အင်္ကျီကလက်ရှည် မဟုတ်ဘူးနော်။ လက်တိုလက်တို။
ဒါပါပဲ။ လက်ဆောင်ဝယ်ပေးချင်တဲ့သူ ၀ယ်ပေးရအောင် ကြေငြာတာပါ။ :P

ဟုတ်

လူတစ်ယောက်၏အမူအကျင့်ဟုဆိုရာတွင် တမင်လုပ်ယူတဲ့အကျင့်၊ ပတ်ဝန်းကျင်ကြောင့် ဖြစ်လာတဲ့အကျင့်၊ သူ့ဘာသာ အလိုအလျောက်ဖြစ်လာတဲ့အကျင့် စသဖြင့် အမျိုးမျိုးကွဲပြားမည်ဖြစ်သည်။ ယေဘုယျအားဖြင့် ကောင်းသောအကျင့်ကို အတုယူရန်ထက်ဆိုးသောအကျင့်ကိုပြုပြင်ရန်မှာ ပိုမိုခက်ခဲတတ်ကြသည်။ တမင်လုပ်ယူထားသောအကျင့်ကိုဖယ်။ ကျန်အကျင့်များတွင်မှ တချို့အကျင့်များကို ကိုယ်တိုင်ကနှစ်နှစ်သက်သက် ပြုမူသော်လည်း၊ တချို့အကျင့်များမှာမူ ကိုယ်တိုင်ကမနှစ်သက်ဘဲ၊ မသိစိတ်ကြောင့်သော်လည်းကောင်း၊ ဂရုမမူမိ၍သော်လည်းကောင်း ပြုမူမိတတ်ကြသည်။

ကျွန်မတွင်လည်း ကျွန်မကိုယ်တိုင်နှစ်သက်၍ လက်ခံထားသောအကျင့်များရှိသလို၊ လက်မခံချင်ဘဲ လက်ခံ ထားရသောအကျင့်များလည်းရှိသည်။ လက်မခံချင်ဟုဆိုရာတွင်လည်း လက်မခံနိုင်လောက်တဲ့ အကျင့်ဆိုးများသာမက ကျွန်မကိုယ်တိုင်၏ ပုဂ္ဂလိကခံစားချက်သက်သက်နှင့်သာ မနှစ်သက်သော အပြုအမူများလည်း တချို့ တချို့ပါဝင်သည်။ ၄င်းတို့အနက် ..... မနှစ်သက်ဆုံးနှင့် နေ့တိုင်းလုပ်ဖြစ်နေသော အကျင့်တစ်ခုမှာ "ဟုတ်"....................................

ယဉ်ယဉ်ကျေးကျေးမြန်မာစကားတစ်လုံးဖြစ်သည့် "ဟုတ်ကဲ့" ဆိုသည့်စကားလေးနှစ်လုံးကို ယနေ့ခေတ်တွင် လူတော်တော်များများက "ဟုတ်" ဟူ၍သာ ပြောဆိုနေကြသည်ကို သတိပြုမိကြပါလိမ့်မည်။ မြန်မာစကားများပျက်စီးမည် စိုး၍ ဘာ၍ ဟူသော ပညာရှင်ဆန်သော အတွေးများကျွန်မတွင်မရှိပါ။ ကျွန်မ၏အာရုံတွင် ပေါ့ပျက်ပျက်နိုင်သည်ဟု ခံစားမိသောကြောင့်သာလျှင် မနှစ်သက်ခြင်းဖြစ်ပါသည်။ မနှစ်သက်ပင်မနှစ်သက်သော်ငြား နေ့စဉ်ကျွန်မ၏နှုတ်မှ တဟုတ်ဟုတ် နှင့် ဟုတ်နေသည်ကိုတော့ ၀န်ခံရပေမည်။ ဘယ်အချိန်က ကျွန်မပါးစပ်ထဲရောက်လာမှန်း၊ ကျွန်မရဲ့ ဘယ်လိုအကျင့် အမျိုးအစားဟုသတ်မှတ်ရမှန်း မသိတော့ပေမယ့် ခုချိန်မှာတော့ အိမ်တွင်လည်း အိမ်တွင်မို့၊ အလုပ်တွင်လည်း အလုပ်တွင်မို့ သတိထားနေရင်းနှင့်ပင် "ဟုတ်" မိသွားပြန်သည်။ ခေါင်းတညိတ်ညိတ်နားထောင်ရသောအခါ များတွင်ပို၍ ပင်သိသာပါသည်။ အစပိုင်းတွင် ဟုတ်ကဲ့နေရင်းနှင့်ပင် တဖြည်းဖြည်းနှင့် "ဟုတ်" ဖြစ်လာတတ်သည်။ စိတ်မပါပဲ ခေါင်းညိတ်ရသောအခါမျိုးတွင်လည်း "ဟုတ်" တတ်သည်။ စိတ်ပျက်လာသော အခါများတွင်လည်း "ဟုတ်" တတ်သည်။ ဘာလို့များ ပြင်လို့မရဖြစ်နေပါလိမ့်လို့လည်းတွေးမိပါသည်။

သူများပြောဆိုနေတာကိုတော့ ဘာမှမခံစားမိလို့ ဘာမှမပြောလိုပေမယ့် ကျွန်မကိုယ်တိုင်တော့ ဒီ "ဟုတ်" ကြီးကိုမပြောချင်ပါ။ ဘာပဲဖြစ်ဖြစ် ဒီ"ဟုတ်" ဆိုတာကြီးကို ကြိုက်ကိုမကြိုက်ပါ။ ပြင်ဖို့လည်း ကြိုးစားပါဦးမည်။

November 09, 2007

No Title

မျက်ဝန်းက မမျှော်ပေမဲ့
နှလုံးသားက အော်ခေါ်နေမိတယ်။
မေ့ဖို့ ကြိုးစားလိုက်တိုင်းလည်း
သတိရတာပဲ အဖတ်တင်တယ်။
ငါ့ရင်ခွင်မှာ
အစားထိုးဖို့
မင်းရဲ့ဓါတ်ပုံကိုတောင်
ငါ့နှလုံးသားက ငြင်းမိတယ်။
နေနဲ့လ
နေ့နဲ့ည
ဘယ်လိုပဲ လှည့်ပတ်ပြောင်းလဲနေ
ငါ့ရင်ထဲမှာ နင်တစ်ယောက်တည်း။
ချစ်ခြင်း
သံယောဇဉ်
သတိရခြင်း
လွမ်းဆွတ်ခြင်း
ဘာကြောင့်ပဲ ဖြစ်ဖြစ်
တိုက်ဆိုင်လို့ အိမ်မက်မက်ခဲ့ရင်
ငါ.. အိပ်ဆေးတွေနဲ့ ဆက်ပြီး ခရီးသွားပါရစေ။ ။